ဇူလိုင်လ နေ့တစ်နေ့မှာ ရာဖစ်ခ်တစ်ယောက် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုကနေ တိတ်တဆိတ်ထွက်လာခဲ့ပါတယ်။
လှေငယ်တစ်စီးနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာပြည်ထဲကို ဝင်ရောက်လာခဲ့တယ်။ သူ့ရဲ့ ပန်းတိုင်ဟာ ၂၀၁၇ ခုနှစ်တုန်းက သူ စွန့်ခွာထွက်ပြေးလာခဲ့ရတဲ့ နိုင်ငံရဲ့ အပျက်အစီးဒင်းကြမ်းပြည့်နေတဲ့ ပြည်တွင်းစစ်တစ်ခု။
အသက် ၃၂ နှစ်အရွယ် ရာဖစ်ခ်နည်းတူ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာလက်နက်ကိုင်သူပုန်များစွာဟာ ဒုက္ခသည်တစ်သန်းကို လက်ခံထားတဲ့ ကော့ဘဇားရဲ့ ဒုက္ခသည်စခန်းတွေဆီကနေ ပေါ်ထွက်လာနေပါတယ်။
အခုနှစ်အတွင်း ဒီဒုက္ခသည်စခန်းတွေမှာ စစ်သားစုဆောင်းမှုနဲ့ အကြမ်းဖက်မှုတွေ ပိုမြင့်တက်လာနေတယ်လို့ လက်ရှိပဋိပက္ခနဲ့ နီးစပ်တဲ့ လူပုဂ္ဂိုလ်လေးယောက်အပြင် လူသားချင်းစာနာမှုအကူအညီပေးရေးအေဂျင်စီနှစ်ခုက ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ လိုတယ်”
မူဆလင်ဝတ်ပြုဦးထုပ်ကို ဆောင်းထားတဲ့ မုတ်ဆိတ်မွေးနဲ့ ပိန်ပိန်ပါးပါး ရာဖစ်ခ်က ဆိုတယ်။ မြန်မာပြည်မှာ ရက်သတ္တပတ်အတော်ကြာအောင် စစ်တိုက်ခဲ့ရပြီးနောက် သူဟာ ခြေထောက်မှာ သေနတ်မှန်လို့ ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်လာခဲ့ပါတယ်။
“အခြားနည်းလမ်း မရှိဘူး”လို့ သူက ဆိုတယ်။
မူဆလင်အဓိကအုပ်စုဖြစ်တဲ့ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာ တတိယမြောက်လူဦးရေအများဆုံး နိုင်ငံမဲ့တွေ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်ကစပြီး ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ မြန်မာစစ်တပ်ရဲ့ လက်ကနေ လွတ်မြောက်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ကြပါတယ်။
ကုလသမဂ္ဂက လူမျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်ခဲ့တဲ့အရာကနေ လွတ်မြောက်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ကြတာပါ။
၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံပါဝင်နေပြီး မြန်မာပြည်ထဲက တော်လှန်ပုန်ကန်မှုဟာ အောင်မြင်မှုတွေ ရလာနေခဲ့ပါတယ်။ အခုချိန်မှာ ရိုဟင်ဂျာတွေလည်း ဒီလက်နက်ကိုင်ပဋိပက္ခထဲ ဝင်ရောက်လာပါပြီ။
ရိုဟင်ဂျာတော်တော်များများဟာ အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့အတွက် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေထဲကို ဝင်ရောက်ခဲ့ကြတာပါ။
သူတို့ ဝင်ရောက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာ ယခင်က သူတို့ကို ဖိနှိပ်သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ လျော့တိလျော့ရဲမဟာမိတ်ဆက်ဆံရေး တည်ဆောက်ထားပါတယ်။
လူမျိုးစုလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ အာရက္ခတပ်တော်ဟာ ရိုဟင်ဂျာအများအပြား ထွက်ပြေးခဲ့ရတဲ့ မြန်မာပြည်အနောက်ပိုင်းက ရခိုင်ပြည်နယ်ရဲ့ နယ်မြေအတော်များများကို သိမ်းပိုက်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကနေ လက်နက်ကိုင်သုပုန်အဖွဲ့တွေ ကြီးထွားလာနေတယ်လို့ ပြောတဲ့ လူပုဂ္ဂိုလ် ၁၈ ယောက်ကို ရိုက်တာသတင်းဌာနက အင်တာဗျူးလုပ်ခဲ့ပါတယ်။
လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး မကြာသေးခင်လတွေအတွင်း လူသားချင်းစာနာမှုအကူအညီပေးရေးအေဂျင်စီနှစ်ခုက ရေးသားခဲ့တဲ့ အဖွဲ့အစည်းအတွင်းအကျဉ်းချုပ်အစီရင်ခံစာနှစ်စောင်ကိုလည်း ဖတ်ရှုသုံးသပ်ခဲ့ပါတယ်။
ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်သားစုဆောင်းမှုပမာဏကို ပထမဆုံးအကြိမ်အဖြစ် ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဒုက္ခသည်စခန်းတွေဆီကနေ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်သားစုဆောင်းမှုပမာဏဟာ စုစုပေါင်း ၃၀၀၀ နဲ့ ၅၀၀၀ အကြားမှာ ရှိပါတယ်။
ရိုဟင်ဂျာတွေနဲ့ အာရက္ခတပ်တော်အကြားက ပျက်ပြယ်သွားတဲ့ တွေ့ဆုံညှိနှိုင်းမှုတွေအကြောင်း၊ ရိုဟင်ဂျာလက်နက်ကိုင်သူပုန်တွေကို မြန်မာစစ်တပ်ဘက်က ကမ်းလှမ်းခဲ့တဲ့ ငွေကြေးနဲ့ နိုင်ငံသားဖြစ်ခွင့်မက်လုံးတွေအကြောင်း၊ ရိုဟင်ဂျာတွေရဲ့ လက်နက်ကိုင်သူပုန်ထမှုမှာ ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိအချို့ရဲ့ ပူးပေါင်းပါဝင်မှုအကြောင်း တိကျတဲ့ အချက်အလက်တွေကို ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်သူပုန်တွေ၊ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ဆောင်နေသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်အရာရှိတွေ ပါဝင်တဲ့ လူပုဂ္ဂိုလ်အချို့ဟာ အမည်မဖော်ဘဲ ပြောဆိုခဲ့ကြပါတယ်။ အချို့က သူတို့ရဲ့ ပထမနာမည်ကိုပဲ ဖော်ပြပြီး ပြောဆိုခဲ့ကြပါတယ်။
ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က မဖြေကြားခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ သူတို့ဟာ ဘယ်မူဆလင်တစ်ယောက်တစ်လေကိုမှ စစ်သားမစုဆောင်းခဲ့ဘူးလို့ ရိုက်တာသတင်းဌာနကို ငြင်းဆန်ခဲ့ပါတယ်။
“သူတို့ကို ကာကွယ်ပေးဖို့ မူဆလင်ဒေသခံတွေက တောင်းဆိုခဲ့ကြတယ်။ အဲဒါကြောင့် သူတိုရပ်ရွာနဲ့ ဒေသကို သူတို့ဘာသာ ကာကွယ်နိုင်အောင် အခြေခံစစ်သင်တန်းပေးလိုက်ရုံပဲ ရှိတယ်” လို့ မြန်မာစစ်ကောင်စီက ဆိုပါတယ်။
အကြီးမားဆုံး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်တဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA) အဖွဲ့တို့ဟာ ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရပုံမပေါ်ဘူးလို့ Shahab Enam Khan က ဆိုပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Jahangirnagar University ရဲ့ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။
ဒုက္ခသည်စခန်းတွေနဲ့ စခန်းပတ်ဝန်းကျင်တွေကနေ လေ့ကျင့်ပြီးသား ရိုဟင်ဂျာသူပုန်တွေနဲ့ စစ်လက်နက်တွေ ပေါ်ထွက်လာနေတာဟာ ဘယ်တော့ထပေါက်ကွဲမလဲမသိနိုင်တဲ့ အချိန်ကိုက်ဗုံးတစ်လုံးအနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ယူဆထားကြောင်း လုံခြုံရေးသတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။
အကြမ်းဖက်မှုတွေ ရင့်မှည့်နေတဲ့ ဒီဒုက္ခသည်စခန်းတွေမှာ ကလေးငယ်ပေါင်း ၃၀,၀၀၀ ဝန်းကျင် နှစ်စဉ်မွေးဖွားနေပြီး ဆင်းရဲမွဲတေမှုထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေကြရပါတယ်။
စိတ်ဆင်းရဲနွမ်းကြေနေကြတဲ့ ဒုက္ခသည်တွေဟာ အစိုးရမဟုတ်တဲ့ ဇာတ်ကောင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲကို ဆွဲခေါ်ခံရနိုင်ပြီး ဒုစရိုက်လှုပ်ရှားမှုတွေထဲ ပိုတွန်းပို့ခံရလာနိုင်တယ်လို့ Khan က ပြောတယ်။
“ဒီကိစ္စက ဒေသတွင်းနိုင်ငံတွေကိုပါ ဆွဲထည့်လာလိမ့်မယ်”
မောင်တောအတွက် တိုက်ခိုက်ကြ
အခုနှစ် နှစ်လယ်ပိုင်း မုတ်သုံရာသီမှာ ရိုဟင်ဂျာလက်နက်ကိုင်သူပုန်တစ်ဦးဖြစ်တဲ့ အဘူအာဖ်နာဟာ ဒုက္ခသည်စခန်းရဲ့ အနီးပတ်ဝန်းကျင်ကနေ မြန်မာပြည်အနောက်စူးစူးက မောင်တောမြို့ဆီ လှေစီးပြီး ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူ့ကို နေရာထိုင်ခင်းပေးပြီးလက်နက်တပ်ဆင်ပေးခဲ့တယ်လို့ သူ ပြန်ပြောပြပါတယ်။
မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ခိုက်နေကြတဲ့ ပင်လယ်ဘေးက မြို့တစ်မြို့ဖြစ်တဲ့ မောင်တောမှာ ရိုဟင်ဂျာတွေကို တခါတလေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တခန်းတည်းအတူ နေခွင့်ပေးထားတာမျိုးတောင် ရှိခဲ့ပါတယ်။
“မြန်မာစစ်ကောင်စီတပ်တွေနဲ့ အတူရှိနေရတဲ့အချိန်တွေမှာ ကျွန်တော်တို့ရဲ့ မိခင်တွေ၊ ညီအစ်မတွေကို မုဒိမ်းကျင့်သတ်ဖြတ်ပစ်ခဲ့ကြတဲ့လူတွေဘေးမှာ ရပ်နေရသလို ကျွန်တော် ခံစားခဲ့ရတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့် ရိုဟင်ဂျာတွေကို စစ်တပ်နဲ့အတူ မောင်းထုတ်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်လူအများစု ရခိုင်လူမှုအသိုက်အဝန်းက အာရက္ခတပ်တော်ကို ထောက်ခံအားပေးကြပါတယ်။
မြန်မာပြည်မှာ ကျန်ရှိနေခဲ့တဲ့ အကြီးဆုံး ရိုဟင်ဂျာနေထိုင်ရာနေရာတွေထဲကတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်မှာ အာရက္ခတပ်တော်က တာဝန်ရှိတယ်ဆိုတဲ့အကြောင်း ရိုက်တာသတင်းဌာနက အခုနှစ်မှာပဲ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)ဟာ မြန်မာစစ်တပ်နဲ့ အတူလက်တွဲတိုက်ခိုက်ဖို့ စစ်မြေပြင်သဘောတူညီမှုရခဲ့တယ်ဆိုတာ ကိုလည်း အခုနှစ်မှာပဲ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ အဓိကရန်သူက မြန်မာအစိုးရမဟုတ်ဘူး။ ရခိုင်လူမှုအုပ်စုပဲ”လို့ အဘူအာဖ်နာက ဆိုတယ်။
စစ်သားများအဖြစ် မြန်မာပြည်ပြန်လာကြသည့် ရိုဟင်ဂျာများ
မြန်မာပြည်မှာ တိုက်ခိုက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေဆီက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။ သူတို့အထဲက တော်တော်များများဟာ ယခင်က သူတို့ကို ဖိနှိပ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ မဟာမိတ်ပြုထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်သားအဖြစ် စုဆောင်းမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်ဘက်က လက်နက်၊ စစ်သင်တန်းနဲ့ ငွေကြေးထောက်ပံ့ခဲ့တယ်လို့ အဘူအာဖ်နာအပါအဝင် ဘင်္ဂလားဒေ့ရှ်သတင်းအရင်းအမြစ်တစ်ခုနဲ့ စစ်သားအဖြစ်အတင်းအကျပ်စုဆောင်းခံခဲ့ရသူ ရိုဟင်ဂျာအမျိုးသားနောက်တစ်ဦးကလည်း ပြောပါတယ်။
မြန်မာစစ်အုပ်စုက ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ ကတ်ပြားတစ်ခု ပေးခဲ့ပါတယ်။ ဒီကတ်ပြားဟာ အချို့သော ရိုဟင်ဂျာတွေအတွက် အင်အားပြင်းတဲ့ ညှို့လုံးတစ်ခုပါပဲ။
မြန်မာနိုင်ငံမှာ မျိုးဆက်အဆက်ဆက်နေထိုင်လာခဲ့ပေမယ့် ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံလာခဲ့ရပြီး လက်ရှိအချိန် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ကန့်သတ်ပိတ်လှောင်ခံထားရပါတယ်။ ရိုဟင်ဂျာတွေအတွက် ဘင်္ဂလားဒေ့ရှ်မှာ တရားဝင်အလုပ်လျှောက်ခွင့်လည်း မရှိပါဘူး။
“ကျွန်တော်တို့က ပိုက်ဆံရဖို့ အဲဒီကို သွားခဲ့ကြတာ မဟုတ်ဘူး”လို့ အဘူအာဖ်နာက ပြောပါတယ်။
“ ကျွန်တော်တို့ လိုချင်ခဲ့တာ အဲဒီကတ်ပြား။ နိုင်ငံသားဖြစ်မှုကို ကျွန်တော်တို့ လိုချင်ခဲ့ကြတာ”
လူသားချင်းစာနာမှုအကူအညီပေးရေး အေဂျင်စီတစ်ခုရဲ့ ဇွန်လအစီရင်ခံစာဖော်ပြချက်အရ မတ်လနဲ့ မေလအကြားမှာ လူပေါင်း ၂၀၀၀ ခန့်ဟာ ဒုက္ခသည်စခန်းတွေဆီကနေ စစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။
အိုင်ဒီယိုလော်ဂျီအရ၊ အမျိုးသားရေးအရ၊ ငွေရေးကြေးရေးအရ မက်လုံးပေးမှုတွေကို ကတိအတု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုနဲ့ ပေါင်းစပ်အသုံးချပြီး နည်းလမ်းအမျိုးမျိုးနဲ့ စစ်သားအဖြစ် စုဆောင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဆိုခဲ့ပါ အစီရင်ခံစာဟာ လူသိရှင်ကြားထုတ်ပြန်ထားတာမဟုတ်ဘဲ အဖွဲ့အစည်းအတွင်းမှာသာ ထုတ်ပြန်ထားတဲ့ အကျဉ်းချုပ်အစီရင်ခံစာတစ်စောင်ဖြစ်တဲ့အတွက် ရေးသူတွေရဲ့ နာမည်ကို မဖော်ပြထားပါဘူး။
စစ်သားအဖြစ် စုဆောင်းခံခဲ့ရသူ ရိုဟင်ဂျာတော်တော်များများဟာ အင်အားသုံးဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂအရာရှိတစ်ယောက်နဲ့ ရိုဟင်ဂျာလက်နက်ကိုင်သူပုန်နှစ်ယောက်ကလည်း ပြောပါတယ်။ အဲဒီလို ခေါ်ဆောင်ခံခဲ့ရသူတွေထဲမှာ အသက် ၁၃ နှစ်အထိ ငယ်ရွယ်တဲ့ ကလေးသူငယ်တွေလည်း ပါဝင်ပါတယ်။
စီးပွားရေးအခက်ကြုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို နောက်ထပ်တိုးမြှင့်လက်ခံဖို့အတွက် ပိုမိုတွန့်ဆုတ်လာနေပါတယ်။
ရိုဟင်ဂျာတွေ မြန်မာပြည်ကို ပြန်လို့ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက လက်နက်ကိုင်တော်လှန်ရေးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အရာရှိအချို့က ယုံကြည်နေကြကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
လက်နက်ကိုင်သူပုန်အုပ်စုတစ်ခုကို ထောက်ပံ့ပေးတာက ဒါကာအစိုးရအဖို့ ထိန်းချုပ်မှုပိုရစေမယ်လို့ အဲဒီအရာရှိတွေက ယုံကြည်နေကြတယ်လို့လည်းသူက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် အငြိမ်းစားဗိုလ်မှူးချုပ် မိုဟာမက် မန်ဇွာကာဒါက သူ့နိုင်ငံရဲ့ အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ လက်နက်ကိုင်တော်လှန်မှုမှာ ထောက်ခံအားပေးသင့်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ သူဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်လည်ပတ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ယခင်ဘင်္ဂလားဒေ့ရှ်အစိုးရလက်ထက်မှာ ထောက်လှမ်းရေးအရာရှိအချို့က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံအားပေးခဲ့ပေမယ့် အစိုးရထိပ်ပိုင်းရဲ့ ဦးဆောင်လမ်းညွှန်မှုမရှိခဲ့တဲ့အတွက် သူတို့အချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း သူက ပြောပါတယ်။
ကော့ဘဇားက ဒုက္ခသည်စခန်းတွေရဲ့အနီးပတ်ဝန်းကျင်မှာ လမ်းမတော်တော်များများကို လုံခြုံရေးစစ်ဆေးရေးဂိတ်တွေက စောင့်ကြည့်ထားပါတယ်။
ဒီဒုက္ခသည်စခန်းတွေနားကနေ ရိုဟင်ဂျာဦးရေဒါဇင်ပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်အရာရှိတွေက မောင်တောမြို့ကို လှမ်းမြင်နေရတဲ့ ဆိပ်ခံဗောတံတားတစ်ခုဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။
ဒီလိုပို့ဆောင်ခံခဲ့ရသူတွေထဲမှာ ပါဝင်တဲ့ အဘူအာဖ်နာလည်း ပါဝင်ပြီး သူက ဒါကို ပြန်ပြောပြပါတယ်။
“အဲဒါ မင်းတို့နိုင်ငံပဲ။ မင်းတို့ ပြန်သွားပြီး သိမ်းပိုက်ကြ”လို့ အရာရှိတစ်ယောက်က သူတို့ကို ပြောခဲ့တဲ့အကြောင်း သူက ပြန်ပြောပြပါတယ်။
အဘူအာဖ်နာရဲ့ ပြောဆိုချက် မှန်ကန်မှုရှိမရှိဆိုတာကို ရိုက်တာသတင်းဌာနကဘက်က သီးခြားလွတ်လပ်စွာ အတည်မပြုနိုင်ခဲ့ပါဘူး။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာလက်နက်ကိုင်သူပုန်တွေဟာ လက်နက်အပြည့်အစုံနဲ့ လေ့ကျင့်သားပြည့်ဝပြီးသား အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်ခုခံရာမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် အာရက္ခတပ်တော်ရဲ့ မောင်တောမြို့သိမ်းတိုက်ပွဲဟာ ခြောက်လတာအထိ ကြာမြင့်သွားခဲ့ပါတယ်။
ခြုံခိုတိုက်ခိုက်မှုတွေ ပါဝင်တဲ့ သူတို့ရဲ့ ဗျူဟာက အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို နှေးကွေးစေနိုင်ခဲ့တယ်လို့ ရိုဟင်ဂျာလက်နက်ကိုင်သူပုန်တွေက ပြောပါတယ်။
“မကြာခင် ကြီးမားတဲ့ အောင်ပွဲတစ်ခု ရတော့မယ်လို့ အာရက္ခတပ်တော်က ထင်ခဲ့တယ်” လို့ ဒီအခြေအနေကို သိရှိထားတဲ့ ဘင်္ဂလားဒေ့ရှ်အရာရှိတစ်ယောက်က ပြောပါတယ်။
“သူတို့ထင်တာ မှားတယ်ဆိုတာ မောင်တောက သက်သေပြလိုက်တယ်။ ရိုဟင်ဂျာတွေရဲ့ ပါဝင်မှုကြောင့်ပါပဲ”
ရိုဟင်ဂျာတွေနဲ့ အာရက္ခတပ်တော်အကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အခုနှစ် အစောပိုင်းမှာ ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေဟာ လျှင်လျှင်မြန်မြန်ပဲ ပျက်ပြယ်သွားခဲ့ရတယ်လို့ အငြိမ်းစားဗိုလ်မှူးချုပ်ကာဒါ အပါအဝင် ဒီကိစ္စနဲ့ နီးစပ်တဲ့ အခြားပုဂ္ဂိုလ်တစ်ယောက်က ဆိုပါတယ်။
ရိုဟင်ဂျာတွေ နေထိုင်တဲ့ နေရာတွေကို တိုက်ခိုက်တဲ့ အာရက္ခတပ်တော်ရဲ့ ဗျူဟာကို ဒါကာအစိုးရက ပိုပြီး မကျေမနပ်ဖြစ်လာနေတယ်လို့လည်း ဆိုခဲ့ပါ ပုဂ္ဂိလ်နှစ်ယောက်က ပြောပါတယ်။
ဒီလိုအကြမ်းဖက်မှုမျိုးက ရခိုင်ပြည်နယ်ဆီ ရိုဟင်ဂျာတွေကို ပြန်ပို့ဖို့ ကြိုးပမ်းမှုတွေကို ရှုပ်ထွေးခက်ခဲစေတာကြောင့် ဖြစ်တယ်လို့ သူတို့နှစ်ယောက်က ဆိုပါတယ်။
ရိုဟင်ဂျာတွေ နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို အာရက္ခတပ်တော်က ငြင်းဆန်ခဲ့ပါတယ်။ သူတို့ဟာ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုမလုပ်ဘဲ အရပ်သားတွေကို ကူညီပေးတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
RSO နဲ့ ARSA အဖွဲ့နှစ်ဖွဲ့က လွှမ်းမိုးမှုရဖို့အတွက် အလုအယက်ပြိုင်ဆိုင်နေကြတဲ့ ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာတော့ ဝရုန်းသုန်းကားအခြေအနေတွေ ဖြစ်ပေါ်နေပါတယ်။
ရန်ပွဲတွေ၊ ပစ်ခတ်မှုတွေ အတွေ့ရများလာနေပြီး ဒေသံတွေအဖို့ ထိတ်လန့်ကြောက်ရွံ့နေရပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးရေးအလုပ်တွေကိုပါ ထိခိုက်လာပါတယ်။
ဒုက္ခသည်စခန်းတွေကို စတင်တည်ဆောက်ခဲ့တဲ့ ၂၀၁၇ ခုနှစ်စပြီး အကြမ်းဖက်မှုဟာ အမြင့်ဆုံးအနေအထားကို ရောက်နေပြီလို့ John Quinley က ဆိုပါတယ်။ သူဟာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights ရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။
ထွက်ရှိလာတော့မယ့် Fortify Rights ရဲ့ အစီရင်ခံစာအရ အခုနှစ်အတွင်း ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက အနည်းဆုံး လူ ၆၀ ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကိုင်အဖွဲ့တွေအပေါ် ဝေဖန်သူတွေကို နှုတ်ပိတ်သွားစေဖို့ ခြိမ်းခြောက်မှုနဲ့ အနှောင့်အယှက်ပေးမှုတွေကို အသုံးချပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး နှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနော်ဝေဒုက္ခသည်ဆိုင်ရာကောင်စီရဲ့ဒါရိုက်တာဖြစ်သူ Wendy McCance က ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွက် နိုင်ငံတကာရန်ပုံငွေဟာ လာမယ့် ၁၀ နှစ်အတွင်းမှာ ပြတ်လပ်တော့မယ်လို့ သတိပေးခဲ့ပါတယ်။
“ရိုဟင်ဂျာတွေ အထူးသဖြင့် လူငယ်တွေဟာ ဝင်ငွေရဖို့အတွက် အဖွဲ့အစည်းတွေထဲ ဆွဲခေါ်ခံရမယ့်အနေအထားဖြစ်နေတဲ့ ဒီကြီးမားတဲ့ လေဟာနယ်ကြီးကို ရှောင်ရှားနိုင်ဖို့ ဒုက္ခသည်တွေအတွက် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းတွေ ပေးဖို့ လိုတယ်”လို့ သူမက ပြောပါတယ်။
ရှာရစ်အူလာဆိုတဲ့ ရိုဟင်ဂျာဒုက္ခသည်အမျိုးသားတစ်ယောက်က သူတို့အဖို့ ပုံမှန်ရိက္ခာခွဲတမ်းရဖို့ ရုန်းကန်နေရတယ်ဆိုတဲ့ကြောင်း ပြောပါတယ်။ သူဟာ အခုနှစ် မေလမှာ သူ့မိန်းမ၊ သူ့ကလေးလေးယောက်နဲ့အတူ မောင်တောကနေ ထွက်ပြေးလာခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ အကြီးမားဆုံး စိုးရိမ်ပူပန်မှုက လက်ရှိလျှံထွက်လာနေတဲ့ အကြမ်းဖက်မှုတွေအကြား သူ့မိသားစုရဲ့ လုံခြုံရေးဖြစ်တယ်လို့ တချိန်က ပုစွန်ဖမ်း၊ စပါးစိုက်ခဲ့တဲ့ လယ်သမားဟောင်း ရှာရစ်က ဆိုပါတယ်။
“ဒီမှာ ကျွန်တော်တို့မှာ ဘာမှမရှိဘူး”
ဒုက္ခသည်စခန်းထဲက ပေရေစုတ်ချာနေတဲ့ နောက်ဖေးလမ်းကြိုလမ်းကြားတွေမှာ ဆော့ကစားနေတဲ့ ကလေးတွေရဲ့ အသံကျယ်ကျယ် အော်သံတွေကြားကနေ ရှာရစ်က ပြောပါတယ်။
“ကျွန်တော်တို့မှာ အကြောက်တရားနဲ့ နေထိုင်နေရတယ်”
ဈာန်ဟိန်း
Reuters သတင်းဌာနတွင် ဖော်ပြထားသော In world’s largest refugee camps, Rohingya mobilise to fight in Myanmar ဆောင်းပါးကို မူရင်းအာဘော်အတိုင်း ဘာသာပြန်ဆို ဖော်ပြခြင်း ဖြစ်ပါသည်။