BREAKING
November 28, 2024

မြိတ်တွင် အမျိုးသားတစ်ဦး ထပ်မံကြိုးဆွဲချ သတ်သေ

November 28, 2024

ပုံစာ - သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့နံနက်တွင် သယ်လာစဥ်။

မြိတ်မြို့၊ အင်းလေးကမ်းရပ်ကွက်၊ ဦးသွယ် သဲကျောက်ကွင်းအတွင်းတွင် ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးသွားကြောင်း မြို့ခံများထံကသိရသည် ။

ယနေ့ နံနက် ၆ နာရီခွဲ ဝန်းကျင်တွင် သေဆုံးသူ၏ ညီဖြစ်သူက ကြိုးဆွဲချသေနေသည်ကိုမြင်၍ လူမှုကယ်ဆယ်ရေးအသင်းထံ အကြောင်းကြားကာ အကူအညီတောင်းခံခဲ့သည်ဟု သွားရောက်ကူညီပေးသူများထံက သိရသည် ။

“ဂဏန်းပုံး ချည်တဲ့ ပလပ်စတစ်ကြိုးနဲ့ ကြိုးဆွဲချထားတာ ။ သူ့ညီ မြင်တဲ့ချိန်ဆို အသက်မရှိတော့ဘူး။ ၇ နာရီကျော်ကျော်လောက်မှာ နာရေးအဖွဲ့တစ်ခုက အလောင်းလာသယ်ပေးသွားတယ်” ဟု ဖြစ်စဥ်အနီး မျက်မြင်တွေ့ခဲ့ရသည့် မြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်း ကို မြိတ်မြို့ရှိ စစ်တပ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးထားကြောင်း ၎င်းထံကသိရသည်။

နိုဝင်ဘာလ ၁၇ ရက်ညကလည်း မြိတ်မြို့ ၊ ပါရမီ ၂ ရပ်ကွက်တွင် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သဖြင့် ယခုလအတွင်း မြိတ်မြို့တွင် ကြိုးဆွဲချသေဆုံးသူ နှစ်ဦးရှိပြီဖြစ်သည်။