ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာတွင် နိုဝင်ဘာလ ၂၇ ရက်ညက နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့က ပြောသည်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားချိန် ဖယောင်းတိုင်မီးထွန်းရာမှတစ်ဆင့် ညဦးပိုင်း ၆နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း အိမ်နီးချင်းတစ်ဦးက ဆိုသည်။
“အဲဒီအိမ်မှာက အသက် ၉၀ ကျော် အဘွားကြီးတစ်ယောက်နဲ့ ကလေးတွေပဲ ရှိတာ။ မီးပျက်တော့ ဖယောင်းတိုင်မီး ထွန်းထားတာ။ မငြှိမ်းမိဘူးထင်တယ်။ အဲဒီကနေ လောင်တာ” ဟု ၎င်းက ပြောသည်။
နေအိမ်မီးလောင်နေသည်ကို အခြားသူများက တွေ့ရှိပြီး သတိပေးမှ အိမ်ရှင်များက သိရှိပြီး မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။
မီးလောင်ကျွမ်းသည့်အချိန်မှာ ညနေပိုင်းဖြစ်သော်လည်း နောက်ကျမှ သိရှိသောကြောင့် အချိန်မီ မီး မငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆိုသည်။
အောက်ထပ် ကွန်ကရစ်၊ အပေါ်ထပ် သစ်ဖြင့် ဆောက်ထားသည့် နှစ်ထပ်နေအိမ် မီးလောင်မှုကြောင့် ပျက်စီးသည့်အပြင် ရွှေ၊ ငွေ လက်ဝတ်လက်စားများနှင့် ဆိုင်ကယ်တစ်စီး မီးထဲပါသွားကြောင်း ဒေသခံအချို့က ပြောသည်။
လောင်းလုံးမြို့နယ်တွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေသော်လည်း မည်သည့်အကြောင်းအရင်းကြောင့် ပြတ်တောက် နေသည်ကို လျှပ်စစ်ဖြန့်ဖြူးခွင့်ရသည့် ကုမ္ပဏီက အသိမပေးသဖြင့် ဒေသခံများ သိခွင့်မရဘဲဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုကြသည်။
ဆောင်းဦးရာသီ အရှေ့လေများ တိုက်ခတ်ချိန် ဒေသတွင်းမီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပေါ်လေ့သည်။
မီးသတ်ဦးစီးဌာက မီးသတ်ကားများမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း အချိန်နှင့်တပြေးညီ အကူအညီမရတော့ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။
မီးသတ်ကားကို ခေါ်သော်လည်း ဂေါ့အင်းရွာဘက်သို့ လာလေ့မရှိတော့သဖြင့် ယခုမီးလောင်မှုဖြစ်စဉ်တွင်လည်း မီးသတ်ကား မခေါ်ဖြစ်တော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။