မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်နှစ်ဦး ကျဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။
ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သည့် တောကြီးမြွှေဟောက် (King Cobra Force) အဖွဲ့က ရဲဘော် မိုက်သည် နိုဝင်ဘာလ ၂၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။
မည်သည့်အကြောင်းကြောင့် ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။
နိုဝင်ဘာလ ၂၄ ရက်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာတွင် ပျုစောထီးအပါအဝင် စစ်ကောင်စီတပ်နှင့် တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ရဲဘော် မိုက် သည် တိုက်ပွဲ၌ ပစ်ခတ်တိုက်ခိုက်ကြရာတွင် ကျဆုံးခြင်းမဟုတ်ဘဲ မိုင်းများသယ်လာစဉ် ဆိုင်ကယ် မတော်တဆဖြစ်၍ မိုင်းကွဲကာ ကျဆုံးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။
အလားတူ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် နိုဝင်ဘာလ ၂၆ ရက်က တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) က သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ရဲဘော် အမည်ရင်းနှင့် ကျဆုံးရသည့် အကြောင်းအရင်း ဖော်ပြမထားပေ။
ကျဆုံးရဲဘော်၏ တော်လှန်ရေးအမည်မှာ ဒေါင်းမင်းဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသည့်အတွက် ကျဆုံးရသည်ဟု ကြားသိရကြောင်း စစ်ရှောင်နေသည့် လယ်သစ်ဒေသခံများက ပြောသည်။
နိုဝင်ဘာ နောက်ဆုံးအပတ်မှ စတင်ပြီး မြိတ်ခရိုင်အတွင်း တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် နှစ်ဖက် တိုက်ပွဲများ အရှိန်မြင့်လာနေသည်။