၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကိုတော့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးခဲ့ပါပြီ။ ကမ္ဘာပေါ်က တချို့သော နိုင်ငံတွေမှာလိုပဲ ကိုဗစ်ဘေးကြား က စွန့်စားပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ 2020 Myanmar New Normal General Election လို့ ကင်ပွန်းတပ်ရ မလားမသိ။ ကိုဗစ်စည်းကမ်းချက်တွေလို့ ပြောရမလားပဲ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကျင်းပခဲ့ရတာဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူအများစုနဲ့ နိုင်ငံရေးနယ်ပယ်က လူအတော်များ များရဲ့ ခန့်မှန်းချက်တွေကို လွဲချော်စေခဲ့ တဲ့ ရွေးကောက်ပွဲလို့ ပြောနိုင်ပါတယ်။ NLD ပါတီအနေနဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်ဦးရေ ပြည့်မီလိမ့်မယ် မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်။ ပြည်ထောင်စု လွှတ်တော်မှာ လိုအပ်တဲ့ ထိုင်ခုံအရေအတွက် ၃၂၂ ခုံ ပြည့်နိုင်မှာမဟုတ်လို့ ညွှန့်ပေါင်းအစိုးရ ဖွဲ့ရလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀၁၅ တုန်းကထက်တောင် ပိုပြီးတော့ သောင်ပြိုကမ်းပြိုနဲ့ အနိုင်ရရှိခဲ့ပါသေးတယ်။ ၂၀၁၅ တုန်းက အမတ် ၃၉၀ ဦး အနိုင်ရရှိခဲ့ပါတယ်။ အခု ၂၀၂၀ မှာတော့ အမတ် ၃၉၆ ဦး အနိုင်ရခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာတော့ NLDပါတီက အမတ် ၅၂၁ ဦး အနိုင်ရရှိခဲ့ပါတယ်။
NLDပါတီက အစိုးရဖွဲ့နိုင်တဲ့ အနေအထားမို့ သူတို့စိတ်ကြိုက်ဖွဲ့တဲ့ အစိုးရတစ်ရပ်ကို မြင်ရဖို့ရှိပါတယ်။ ၂၀၁၅ ခုနှစ်က ဖွဲ့ခဲ့တဲ့ ပြည်ထောင်စုအစိုးရ ဖွဲ့ကို ပြန်ကြည့်ရရင် ဗဟိုအစိုးရအဖွဲ့မှာ သမ္မတ၊ ဒုသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဝန်ကြီး၊ ဒုဝန်ကြီးနေရာတွေမှာ NLDက ၁၄ဦး၊ USDPက ခြောက်ဦး၊ တပ်မတော်သား ခုနစ်ဦး၊ တိုင်းရင်းသား ရေးရာဝန်ကြီး နှစ်ဦး၊ ရွေးကောက်ခံနဲ့ တပ်ကမဟုတ်တဲ့ အရပ်သားပညာရှင် ၂၅ ဦးလောက်နဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်း ထားတာကို တွေ့ရပါတယ်။ ကိန်းဂဏန်း အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ အခု ၂၀၂၀ အလွန်မှာ ဖွဲ့မယ့် ပြည်ထောင်စုအစိုးရမှာတော့ တိုင်းရင်းသားပါတီတွေကလူတွေ ပိုမိုပါဝင်လာ နိုင်ခြေရှိတယ်လို့ မျှော်လင့်ရပါတယ်။
ကျွန်တော်တို့ တနင်္သာရီတိုင်း ဒေသကြီးမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် အမတ် ၁၀ နေရာ၊ အမျိုးသားလွှတ်တော်အတွက် အမတ် ၁၂ နေရာနဲ့ တိုင်းဒေသကြီးအတွက် အမတ် ၂၁ နေရာစလုံးမှာ NLD ပါတီက ရာနှုန်းပြည့် အနိုင်ရခဲ့ပါတယ်။
တိုင်းဒေသကြီးလွှတ်တော်အတွက် ရွေးကောက်ခံအမတ် ၂၁ ဦး။ ၁၀ မြို့နယ် အတွက် တစ်မြို့နယ်ကို ရွေးကောက်ခံအမတ် နှစ်ဦးနှုန်းနဲ့ အမတ် ၂၀ ဦး၊ ကရင် တိုင်းရင်းသား တစ်ဦးပါ။ ကာကွယ်ရေး ဦးစီးချုပ်က တင်သွင်းတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ခုနစ်ဦး၊ စုစုပေါင်း ၂၈ ဦးပါ။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဘယ်လိုဖွဲ့မလဲ။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကတော့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဝန်ကြီးချုပ် တစ်ဦး၊ ဝန်ကြီး ခုနစ်ဦး၊ တိုင်းဥပဒေချုပ် တစ်ဦး၊ တိုင်း စာရင်းစစ်ချုပ် တစ်ဦးတို့နဲ့ ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှာပါဝင်တဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ခြောက်ဦးအထိကို NLDရွေးကောက်ခံ အမတ်ထဲက ခန့်အပ်ခဲ့တာကို တွေ့ရပါတယ်။ နောက်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ဟာလည်း NLDရွေး ကောက်ခံအမတ်တွေပဲ ဖြစ်ပါတယ်။ ဆိုတော့ ရွေးကောက်ခံလွှတ်တော်အမတ် ၂၁ ယောက်မှာ ရှစ်ယောက်က လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ရောက်သွားတော့ ရွေးကောက်ခံထဲက ၁၃ ယောက်သာ လွှတ်တော်အမတ်အဖြစ်နဲ့ ကျန်ပါတော့ တယ်။
တိုင်းဒေသကြီးနဲ့၊ ပြည်နယ်အစိုးရ အဖွဲ့ အများစုရဲ့ဖွဲ့စည်းပုံကို ကြည့်လိုက်ရင် ဝန်ကြီးချုပ် တစ်ဦး၊ ဝန်ကြီး ခုနစ်ဦး၊ ဥပဒေချုပ် တစ်ဦး၊ စာရင်းစစ်ချုပ် တစ်ဦးနဲ့ ဖွဲ့စည်းထားတာများပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေမှာ ဝန်ကြီးချုပ်နဲ့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ဟာ ရွေးကောက်ခံဖြစ် ဖို့လိုပါတယ်။ ဝန်ကြီးတွေကိုတော့ ရွေးကောက်ခံမဟုတ်တဲ့ အရပ်သား ပညာရှင်တွေကိုလည်း ခန့်အပ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ လုံနယ်ဝန်ကြီးကိုတော့ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်ထဲကပဲ ခန့်အပ်လို့ရပါတယ်။ ပြီးခဲ့တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေထဲက ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့တွေမှာတော့ ရွေးကောက်ခံမဟုတ် တဲ့ အရပ်သားပညာရှင်တွေကိုလည်း ဝန်ကြီးတွေအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ တယ်လို့ထင်ရပါတယ်။ ဒါက ကျွန်တော် လက်လှမ်းမီသလောက် လေ့လာကြည့်တာပါ။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေမှာလည်း ပါကောင်းပါနိုင်ပါတယ်။
ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ အားလုံးကို ရွေးကောက်ခံအမတ်တွေထဲက ရွေးချယ် ခန့်အပ်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီ လိုမျိုး ရွေးကောက်ခံအမတ်သီးသန့်ကို ခန့်အပ်တာဝန်ပေးခဲ့တော့ အားနည်း ချက်အချို့ ရှိလာခဲ့တာတွေ့ရပါတယ်။ ပထမဆုံးကတော့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးမယ့် အမတ်ဦးရေလျော့ နည်းသွားခြင်းပါ။ ထားဝယ်မြို့နယ်ကို လေ့လာကြည့်တဲ့အခါ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ယောက် မှာ တစ်ယောက်က တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌဖြစ်သွားပြီး၊ ကျန်တစ်ဦးက အစိုးရအဖွဲ့ဝန်ကြီးဖြစ်သွားတဲ့အခါ ဥပဒေပြုရေးနဲ့၊ အုပ်ချုပ်ရေးအပိုင်းမှာ အလုပ်ပိုလုပ်နေရလို့ ပြည်သူတွေနဲ့ ထိတွေ့မှုအပိုင်းမှာ အားနည်းမှုရသွားတာကို တွေ့ရမှာပါ။ ထိတွေ့မှုရှိခဲ့သည့်တိုင် အခြားသောအမတ်တွေထက်တော့ လျော့နည်းနိုင်တာသေချာပါတယ်။ ဒီလို အခြေအနေမျိုး တချို့သော မြို့နယ်တွေမှာလည်း ကြုံတွေ့ရနိုင်ခြေရှိပါတယ်။
အစိုးရအဖွဲ့ရော၊ လွှတ်တော်မှာပါ ပါတီတစ်ခုတည်းက ရွေးကောက်ခံ အမတ်တွေကို တာဝန်ပေးလိုက်တဲ့အခါ မှာ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲမှု တွေဖြစ်ပေါ်ခဲ့တယ်။ အစိုးရအဖွဲ့မှာ တာဝန်ပေးခံရသူတွေ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတာဝန်ပေးခံရတဲ့သူတွေနဲ့ တာဝန်ပေးခြင်းမခံရတဲ့ အုပ်စုတွေအချင်းချင်း ကြားမှာ အက်ကြောင်းတွေထကုန်ရော။ နောက်ပြီးတော့ အစိုးရနဲ့လွှတ်တော် အကြား Check and Balance လုပ်တဲ့အပိုင်းမှာ အားနည်းမှုတွေလည်း ရှိခဲ့ တယ်။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြား ပွတ်တိုက်မှုဖြစ်တဲ့အခါမှလည်း ပါတီဝင် အချင်းချင်းဆိုတော့ စေ့စပ်ညှိနှိုင်းပေး မယ့်သူကမရှိ။ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲတစ်ဖွဲ့ ခပ်တန်း တန်းဖြစ်ကုန်ရော။ ဒါကတော့ ကျွန်တော် တို့ အပြင်က မြင်နေရတဲ့ အားနည်းချက်တွေပါ။ နောက်ပြီးတော့ ဒေါက်တာ လဲ့လဲ့မော် အရေးယူခံရတဲ့အချိန်မှာ “ရှင်နည်းရာ အဂ္ဂလူထွက်” ဆိုသလို ဖြစ် သွားပြန်ရော။
ပြီးခဲ့တဲ့အစိုးရအဖွဲ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင်တော့ ပထမဆုံးတက်ခါစ တစ်နှစ်ဝန်းကျင်နောက်ပိုင်း လုံးဝအားရစရာ မရှိခဲ့ပါဘူး။ အစိုးရသစ် တက်ခါစမှာတော့ တနင်္သာရီတိုင်းဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့နဲ့အပြိုင် နာမည်ကြီးခဲ့တာပါ။ အဲဒီ နောက်ပိုင်းမှာတော့ ချီးကျူးစရာထက် ဝေဖန်ထောက်ပြစရာတွေကသာ ပိုများခဲ့ ပါတော့တယ်။ ဒါ့အပြင် အားမလို အားမရဖြစ်နေရင်းကပဲ အစိုးရသက်တမ်းကုန်ပါတော့မယ်။ အစိုးရအဖွဲ့ဟာ အသက်မရှိတော့သလို ဖြစ်သွားတယ်။ ကိုဗစ်ကာလ ဖြစ်တော့ အစိုးအဖွဲ့ကြီးပါပျောက်သွားသလား ထင်နေရတော့တယ်။
အခု ၂၀၂၀ အလွန်မှာတော့ အစိုးရအဖွဲ့အပြောင်းအလဲကို ပြည်သူတွေက မြင်ချင်နေကြပါပြီ။ အရွေးကောက်ခံနဲ့ သူ့နယ်ပယ်အလိုက် ကျွမ်းကျင်သူပညာရှင်တွေနဲ့ ပေါင်းစပ်ထားတဲ့ အစိုးရဖွဲ့မျိုးကို မြင်ချင်နေကြပါလိမ့်မယ်။ တိုင်းဒေသကြီးအရေးကို စွမ်းစွမ်း တမံနဲ့ တက်တက်ကြွကြွ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်၊ ဦးဆောင်နိုင်မယ့် အစိုးရအဖွဲ့မျိုးကို မြင်လိုနေကြတယ်။ လျှပ်စစ်ကိစ္စ၊ မြေယာကိစ္စလို အရေးကိစ္စတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ပေးတာ မျိုးကို မြင်ချင်ကြမှာပါ။
အခု ဒုတိယသက်တမ်းမှာတော့ ပထမသက်တမ်းတုန်းကလို ငါးနှစ် တည်းမို့ အချိန်မရဘူးဆိုတဲ့ ဆင်ခြေမျိုး ပေးလို့ရတော့မှမဟုတ်ဘူး။ ပြည်သူတွေက အမေစုမျက်နှာကိုထောက်ပြီးတော့ နောက်ထပ် ငါးနှစ်သက်တမ်းတိုးပေး လိုက်ကြပါပြီ။ ဒါကို အမတ်မင်းများ အနေနဲ့ ကိုယ့်အစွမ်းအစကြောင့်လို့ အထင်ရောက်မနေစေချင်ဘူး။ ဒီတစ်ခါတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွက် လူရွေးမှန်ဖို့လိုသလို အရွေးခံရတဲ့သူတွေကလည်း အစွမ်းကုန်အားထည့်အလုပ်လုပ်ဖို့လိုပါမယ်။ ပြည်သူ့အသံကို လေးလေးနက်နက်နားထောင်ပေးကြဖို့ လည်း လိုပါမယ်။ ပြည်သူတွေနဲ့ အရင် ကထက်ပိုပြီးတော့ များများထိတွေ့နိုင်အောင် ကြိုးစားရပါမယ်။
အခုလက်ရှိအချိန်မှာတော့ ၂၀၁၅ တုန်းက အစိုးရအဖွဲ့မျိုးမဟုတ်ဘဲ တိုင်းသူ တိုင်းသားတွေ မြင်တွေ့လိုတဲ့ အစိုးရဖွဲ့မျိုးကို မြင်တွေ့ရဖိုသာ မျှော်လင့်နေရ ပါတော့တယ်။ တနင်္သာရီတိုင်းသားတွေ ဂုဏ်ယူရမယ့်အစိုးရအဖွဲ့မျိုးကို မြင်ရဖို့ ဆုတောင်းနေမိတယ်။
သန်းဇော်ဦး (ရလိုင်)