BREAKING
October 30, 2024

လောင်းလုံးက ခွင့်မဲ့အိမ်ပြန်သည့် တော်လှန်ရေးတပ်သား အရေးယူမှုဂယက်

October 28, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ခွင့်ပြုချက်မရှိဘဲ အိမ်ပြန်ညအိပ်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပေါ် ကိုင်တွယ်မှုပုံစံနှင့် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များမှာ အငြင်းပွားမှုများစွာဖြင့် ဂယက်ထနေသည်။

ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဗန်ဒိန်းသည် အောက်တိုဘာလ ၂၅ ရက်နေ့က အိမ်ပြန်သွားခဲ့ပြီး ညအချိန် တပ်ဖွဲ့ထံ ပြန်လာရမည်ဖြစ်သော်လည်း ပြန်မလာခဲ့‌ဟုဆိုသည်။

တပ်ဖွဲ့ဆီပြန်မလာသဖြင့် မြို့ပြပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ပီတာဦးဆောင်ပြီး ယင်းညတွင်ပင် တပ်ဖွဲ့ဖြင့် နေအိမ်ထံ သွားရောက်ရှာဖွေခဲ့သည်။

သားကိုမတွေ့၍ ဖခင်ကိုဖမ်း

နေအိမ်တွင် တပ်ဖွဲ့ဝင် ဗန်ဒိန်း ရှိမနေခဲ့သဖြင့် ၎င်းအစား ဗန်ဒိန်း၏ ဖခင်ကို ‌မြို့ပြပြောက်ကျားတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင့် အဖမ်းခံရသည့် မိသားစုဝင်တို့ထံမှ သိရသည်။

သားကိုမတွေ့သဖြင့် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဖမ်းဆီးသွားချိန် ဖခင်ဖြစ်သူအား ပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ပီတာကိုယ်တိုင် လက်သီးဖြင့်ထိုးခြင်း၊ သေနတ်ဒင်ဖြင့်ထုထောင်းခြင်း၊ သေနတ်ပြောင်းဖြင့်ထိုးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း မိသားစုဝင်တို့က ပြောသည်။

“ခင်ဗျားသားကိစ္စ ခင်ဗျားမှာတာဝန်ရှိတယ်လို့ပြောပြီး ထိုးတာ” ဟု အထိုးခံရသူ ရဲဘော်ဗန်ဒိန်း၏ ဖခင်က ပြောသည်။

ယင်းသို့ဖမ်းဆီးထိုးကြိတ်ခံရသဖြင့် ရဲဘော်ဗန်ဒိန်း၏ ဖခင်၏မျက်နှာ၊ လည်ပင်းတို့တွင် အညိုအမည်းစွဲ၊ ဖူးယောင်ဒဏ်ရာရရှိခဲ့သည်ကို Dawei Watch က တွေ့ရှိခဲ့ရသည်။

ဖခင်ဖြစ်သူအား ဖမ်းဆီးပြီး မနက်မိုးလင်းသည်နှင့် ရဲဘော်ဗန်ဒိန်းကို ‌မြို့ပြပြောက်ကျားတပ်က တွေ့ရှိဖမ်းဆီးလိုက်သဖြင့် ဖခင်ဖြစ်သူကို ပြန်လွှတ်ပေးလိုက်ကြောင်း ကာယကံရှင်က ပြောသည်။

ရဲဘော်ဗန်ဒိန်းကိုလည်း မြို့ပြပြောက်ကျားတပ်ခေါင်းဆောင်ဗိုလ်ပီတာက သေနတ်ဒင်ဖြင့်ရိုက်လိုက်၍ ဦးခေါင်းကွဲသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ဖခင်ဖြစ်သူက ပြောပြသည်။

အထက်ပါဖြစ်စဉ်အား ရဲဘော်ဗန်ဒိန်း၏ မိဘနှစ်ဦးနှင့် ဆွေမျိုးမိသားစုဝင်တို့က မကျေနပ်သဖြင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ တိုင်ကြားခဲ့သည်။

တိုင်ကြားမှု ဖြေရှင်းခြင်း

တိုင်ကြားထားသည့် ပြဿနာအားဖြေရှင်းရန်အတွက် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၁)၊ နွေဦးပြောက်ကျားတပ်ဖွဲ့ တို့ အပါအဝင် ထားဝယ်သပိတ်ကော်မတီ၊ ထောက်ပို့အဖွဲ့၊ ရဲဘော်ဗန်ဒိန်းမိသားစုဝင်များ၊ တိုင်ကြားခံရသည့် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ အစုံအညီအစည်းအဝေးတစ်ခုကို အောက်တိုဘာလ ၂၇ ရက်က ပြုလုပ်ခဲ့ကြသည်။

ထိုအစည်းအဝေးသို့ ရဲဘော်ဗန်ဒိန်းကို ဖမ်းဆီးထားသည့် အဖွဲ့ကတက်ရောက်ခွင့်မပြုခဲ့ကြောင်း မိသားစုဝင်တို့ကဆိုသည်။

“ကျွန်မသားကို ဒီအစည်းအဝေးကို ခေါ်လာပေးဖို့ ပြောထားတာ မခေါ်လာဘူး။ သူတို့စခန်းမှာ အကျယ်ချုပ်နဲ့ ချုပ်ထားတယ်လို့ ပြောတယ်ရှင့်” ဟု ရဲဘော်ဗန်ဒိန်း၏ မိခင်က ပြောသည်။

ထိုအစည်းအဝေးတွင် ထားဝယ်မြို့ပြပြောက်ကျားတပ်ခေါင်းဆောင် ဗိုလ်ပီတာက ခွင့်ပြုချိန်ထက်ကျော်လွန်ပြီး ညနေအချိန်အထိ အိမ်ပြန်မလာသော ရဲဘော်အားရှာဖွေရင်း ဒေါသ‌အလျောက် ရဲဘော်ဗန်ဒိန်း၏ဖခင်အား ကိုယ်ထိလက်ရောက်ပြုမူမိကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။

“ဒီမှာအထိုးခံရတဲ့သူက ခံရပြီးပြီ။ အဲဒါကို သူကတော့ (မြို့ပြပြောက်ကျားခေါင်းဆောင် ပီတာ) ဒေါသထွက်လို့ လုပ်မိတယ်လို့ပြောတယ်။ အဲဒါတရားသလား” ဟု ရဲဘော်ဗန်ဒိန်း၏ မိခင်က Dawei Watch ကို ပြောဆိုသည်။

ထားဝယ်မြို့ပြပြောက်ကျားတပ် ခေါင်းဆောင်ပီတာကလည်း အရပ်သားတစ်ဦးဖြစ်သည့် ရဲဘော်ဗန်ဒိန်း၏ ဖခင်အား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အပေါ် တောင်းပန်ကြောင်းပြောဆိုခဲ့ပြီး အပြစ်ရှိပါက အပြစ်အတိုင်း အရေးယူနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။

သို့သော် ရဲဘော်ဗန်ဒိန်း၏ မိသားစုဝင်တို့ကမူ မြို့ပြပြောက်ကျားတပ်ခေါင်းဆောင်ပီတာအပေါ် မည်သို့မျှ သဘောမထားသော်လည်း သားဖြစ်သူနှင့် မိသားစုဝင်တို့၏ ဆန္ဒတစ်ခုကိုတောင်းဆိုခဲ့သည်။

ယင်းမှာ သားဖြစ်သူဗန်ဒိန်းအား မြို့‌ပြပြောက်ကျားတပ်ဖွဲ့မှာ ထွက်ခွင့်ပြုရန်ဖြစ်သည်။

“ကျွန်မသားက သူဒီအဖွဲ့မှာ ( မြို့‌ပြပြောက်ကျားတပ်ဖွဲ့) မှာ မနေချင်တော့ဘူး။ အခြားအဖွဲ့တစ်ခုကို ပြောင်းချင်တယ်လို့ပြောတယ်” ဟု မိခင်ဖြစ်သူက ပြောပြသည်။

သို့သော်ပီတာကမူ ထိုတောင်းဆိုချက်ကို လက်မခံခဲ့ပေ။

၂နှစ်အထိတာဝန်ထမ်းဆောင်ရမည်‌ဆိုသည့် အဖွဲ့စည်းကမ်းအရ လက်ခံ၍ မရသည့်အကြောင်း ပီတာက ရှင်းပြခဲ့သည်။

အကယ်၍ တပ်ဖွဲ့မှထွက်မည်ဆိုပါက အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ စာတင်ပြီး ဝန်ကြီးဌာနက ခွင့်ပြုက ထွက်နိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။

ထိုသို့မဟုတ်ပါက အဖွဲ့စည်းကမ်းအရ ပြစ်ဒဏ်အနေဖြင့် အချုပ် ၆ လကျခံပြီး ထွက်နိုင်ကြောင်းဆိုသည်။

အစည်းအဝေးတွင်ပါဝင်သည့် အဖွဲ့အချို့ကမူ အရပ်သားတစ်ဦးဖြစ်သူ ရဲဘော်ဗန်ဒိန်း၏ ဖခင်အပေါ် ပီတာကိုယ်တိုင် ကိုယ်ထိလက်ရောက် ကျူးလွန်ထားသည့်အပြစ်ကို ထောက်ပြကာ နှစ်ဖက်နားလည်မှုဖြင့် အချုပ်မချဘဲ ရဲဘော်ဗန်ဒိန်းအား တပ်ဖွဲ့မှ ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

နှစ်ဖက်ပြေလည်မှုမရ

နောက်ဆုံးတွင် အစည်းအဝေးတက်ရောက်သည့် အဖွဲ့တို့၏ ညှိနှိုင်းဖြန်ဖြေမှုအရ မြို့ပြပြောက်ကျားတပ်ဖွဲ့အတွင်း အစည်းအဝေးပြုလုပ်ပြီး ရဲဘော်ဗန်ဒိန်းအား အတတ်နိုင်ဆုံး ပြစ်ဒဏ်လျှော့ပေါ့ပေးကာ အဖွဲ့မှထွက်ခွင့်ပြုရန် စဉ်းစားပေးမည်ဆိုသည့် ပီတာ၏ ကတိစကားတစ်ခုဖြင့် အစည်းအဝေး ပြီးဆုံးသွားခဲ့သည်။

မိသားစုဝင်တို့ကမူ သားဖြစ်သူ ရဲဘော်ဗန်ဒိန်း၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။

ဗိုလ်ပီတာကမူ ရဲဘော်ဗန်ဒိန်း၏ အသက်အန္တရာယ်ကို အာမခံကြောင်း အစည်းအဝေးတွင် ကတိပေးခဲ့သည်။

အစည်းအဝေးအတွင်း ရဲဘော်ဗန်ဒိန်းအနေဖြင့် တပ်ဖွဲ့ခွင့်ပြုချက်မရှိဘဲ အချိန်လွန်နေထိုင်မှုနှင့် တပ်ဖွဲ့မှထွက်ပါက အပြစ်ဒဏ်ခံယူရမည့် အကြောင်းကိုသာ အဓိကထားဆွေးနွေနေကြပြီး အရပ်သားတစ်ဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်သည့် ပြစ်မှုကို မည်သို့အရေးယူမည်ကိုမူ မည်ကာမတ္တမျှသာ ဆွေးနွေးခဲ့သည်ကို Dawei Watch က တွေ့ရှိခဲ့ရသည်။

ရဲဘော်ဗန်ဒိန်း၏ မိခင်ကလည်း အစည်းအဝေးရလဒ်အပေါ် လက်မခံနိုင်သော်လည်း မည်သို့မျှမတတ်နိုင်တော့ကြောင်း Dawei Watch ကို သီးခြားဝန်ခံပြောဆိုခဲ့သည်။

“ကျွန်မသားနဲ့ နှစ်ရက်ခြားတစ်ခါလောက် ဖုန်းပြောခိုင်းမယ်တဲ့။ ပြီးရင် ပြစ်ဒဏ်ဘယ်လောက် ချမယ်ဆိုတာကိုလည်း သုံးရက်လောက်ကြာရင် ကျွန်မတို့ကို အကြောင်းကြားမယ်လို့ ပြောတယ်” ဟု ရဲဘော်ဗန်ဒိန်း၏ မိခင်က ပြောသည်။

ထိုနေ့စည်းအဝေးမှာ ထိုမျှနှင့်ပြီးဆုံးသွားခဲ့သည်။

NUG ၏ သတ်မှတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကမူ ၎င်းတို့ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များကို ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် စည်းမျဉ်း၊ စည်းကမ်းများကို အတိအလင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွင် ပြည်သူများကို လေးလေးစားစား လူသားဆန်စွာ ဆက်ဆံရမည်၊ ဓားစာခံအဖြစ်ခေါ်ဆောင်ခြင်းမပြုရ ဆိုသည့် အချက်များအပါအဝင် အချက် ၁၁ ချက်ပါရှိသည်။

ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။

သို့သော် ရဲဘော်ဗန်ဒိန်းပြဿနာတွင် “ခေါင်းဆောင်” ဆိုသူများ ကျူးလွန်သည့် ပြစ်မှုများကို မည်သို့ ကိုင်တွယ်အရေးယူမည်ဆိုသည့် အဖြေမရှိ‌ကြောင်း မီးမောင်းထိုးပြနေခြင်းဟု သုံးသပ်ဝေဖန်သူများလည်း ရှိနေသည်။

အစည်းအဝေးအတွင်းပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက အစည်းအဝေးအတွင်း အောက်ပါအတိုင်း မေးခွန်းထုတ်ခဲ့သည်။

“ခေါင်းဆောင်တွေ အပြစ်ကျူးလွန်ရင် အရေးယူလို့မရတော့ဘူးလား”

သို့သော် ယင်းမေးခွန်းအတွက် အဖြေမရှိကြပေ။

ယင်းသို့ဖြင့် ထိုနေ့အစည်းအဝေးအတွင်း ရဲဘော်ဗန်ဒိန်းအား မည်သို့အရေးယူပြီး တပ်ဖွဲ့မှ ထွက်ခွင့်ပြုမည်ဆိုသည့် ရလဒ်သာထွက်ခဲ့ပြီး အရပ်သားပြည်သူတစ်ဦးအပေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦး၏ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို မည်သို့ ကိုင်တွယ် အရေးယူမည်ဆိုသည့် အဖြေမရခဲ့ပေ။

ထို့ကဲ့သို့သော ဖြစ်စဉ်မျိုး မည်မျှရှိနေပြီးသနည်းဟု နောက်ဆက်တွဲ မေးခွန်းထုတ်စရာလည်း ရှိနေကြောင်း ပြည်သူအချို့က ဝေဖန်နေကြသည်။

ယခုဖြစ်စဉ်မှာ လောင်းလုံးဒေသခံများအကြား တီးတိုးဝေဖန်မှုများရှိနေပြီး တော်လှန်ရေးအဖွဲ့များ အပေါ်အကဲဖြတ်မှု မျိုးစုံလည်းရှိနေသည်။

ဝေဖန်မှုအားလုံး၏ လိုရင်းမှာ တော်လှန်ရေးအဖွဲ့များကို ပြည်သူလူထုအပေါ် အကျိုးပြုမည့်အဖွဲ့များ ဖြစ်စေချင်ပြီး လူထုကို ခြိမ်းခြောက်မည့်၊ လူထုက ကြောက်ရွံ့နေရမည့် အဖွဲ့များ မဖြစ်စေလိုကြခြင်းပင်။