BREAKING
December 24, 2024

အေအိုင်သည် လူသားသဏ္ဍန်ဖြစ်လာမည်ဟု Nvidia ခေါင်းဆောင် ပြော

October 28, 2024

အေအိုင်သည် လူသားပုံသဏ္ဍန်ဖြစ်လာလိမ့်မည်ဟု အမေရိကန်ချစ်ပ်ပြား ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Nvidia ၏ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

တိုကျိုတွင် ကျင်းပလျက်ရှိသည့် Global Management Dialogue ဖိုရမ်ဖွင့်ပွဲနေ့ မိန့်ခွန်းတွင် Nvidia ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာမာဆာတာကာအိုဆာကီသို့ ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အေအိုင်နည်းပညာနယ်ပယ်အတွက် အနာဂတ်စိန်ခေါ်မှုများသည် လူသားသဏ္ဍန်စက်ရုပ်များကို ဖန်တီးနိုင်ရေးတင်မကဘဲ လက်တွေ့လုပ်ငန်းခွင်အတွင်း အေအိုင်နှင့် ချိတ်ဆက်အသုံးပြုနိုင်ရေးပါ ပါဝင်သည်ဟု ၎င်းက ဆိုသည်။

“စက်က ကိုယ်ကာယအလုပ်ကို လုပ်ပေးသလို အေအိုင်က ဦးနှောက်အလုပ်ကို လုပ်ပေးတယ်” ဟု Nvidia ၏ ဂျပန်နိုင်ငံဆိုင်ရာမန်နေဂျာလည်းဖြစ်သူ မစ္စတာအိုဆာကိက ပြောသည်။

အေအိုင်နည်းပညာနင့် အဆင်ပြေချောမွေ့စွာ ယှဉ်တွဲလုပ်ဆောင်နိုင်မည့် စက်ယန္တရားလည်ပတ်မှုစနစ်များကို တီထွင်ဖန်တီးရာ၌ အခက်အခဲများကို ၎င်းက အသိအမှတ်ပြု ပြောကြားခဲ့သည်။

ဂျပန်၏ ထုတ်လုပ်ရေးနည်းပညာကဏ္ဍက အေအိုင်နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“အေအိုင်နဲ့ ထုတ်လုပ်ရေးကဏ္ဍနှစ်ခုကို ပေါင်းစပ်မယ့် နည်းပညာတွေကို တီထွင်ဖန်တီးရင်းနဲ့ ဂျပန်ဟာ အေအိုင်နည်းပညာနယ်ပယ်အတွက် များစွာအထောက်အကူပြုနိုင်ပါတယ်”ဟု မစ္စတာအိုဆာကီက ဆိုသည်။

ဝန်ဆောင်မှုလုပ်ငန်းများတွင် အေအိုင်နှင့် စက်ယန္တရားများကို ချိတ်ဆက်အသုံးပြုနိုင်ရေးအတွက် ဂျပန်ကုမ္ပဏီများက လျှင်လျှင်မြန်မြန်ဆောင်ရွက်နိုင်လျှင် ဂျပန်သည် ကမ္ဘာလုံးဆိုင်ရာ အေအိုင်နည်းပညာနယ်ပယ်တွင် ရှေ့ဆောင်တိုင်းပြည်တစ်ခု ဖြစ်လာလိမ့်မည်ဟု ၎င်းက ဆိုသည်။

ယင်းသို့ ကြိုးပမ်းရာတွင် အေအိုင်နည်းပညာတွင် ဂျပန်ဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းအသုံးပြုနိုင်ရေးကလည်း အရေးပါကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

“ဂျပန်နိုင်ငံပြင်ပက လူတစ်ယောက်ကို ဂျပန်ပြည်တွင်းက ဒေတာတွေနဲ့ အေအိုင်နည်းပညာဖန်တီးခိုင်းဖို့ဆိုတာ အဓိပ္ပါယ်မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းအေအိုင်နည်းပညာတိုးတက်ဖို့အတွက် ဒေတာစင်တာရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ဆွဲဆောင်နိုင်သည့် ဂျပန်နိုင်ငံ၏ အားထုတ်မှုကို မစ္စတာအိုဆာကီက ချီးကျူးခဲ့သည်။

“ဒါဟာ အင်ဂျင်နီယာတွေကို လေ့ကျင့်ပေးဖို့၊ ရင်းနှီးမြှုပ်နှံဖို့ ၊ ပြည်တွင်းအေအိုင်နည်းပညာတိုးတက်လာဖို့အတွက် ဂျပန်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေမှာပါ”

ပြည်တွင်းအချက်အလက်များကို ကောင်းစွာအသုံးချနိုင်မှုနှင့် ပြည်တွင်းအေအိုင်နည်းပညာဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းက အင်မတန် အရေးပါသည်ဟု မစ္စတာအိုဆာကီက ဆိုသည်။

Ref: Nikkei Asai