BREAKING
January 22, 2025

ပုဂံဘုရားဖူးနေရသည့် တနင်္သာရီတော်လှန်ရေးခရီး

October 28, 2024

တော်လှန်ရေးကာလသုံးနှစ်ကျော်လာချိန်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသည့်နည်းတူ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ အရေအတွက်က ထောင်ဂဏန်းအထိ ရှိလာသည်။

စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အဖြစ်သတ်မှတ်ထားသည့် တနင်္သာရီတိုင်းအတွင်းတွင်ပင် တော်လှန်ရေး အဖွဲ့ပေါင်း တစ်ရာထက်မနည်းရှိနေသည်။

ထိုအရေအတွက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် အဖွဲ့များသာဖြစ်ပြီး KNU ၊ KTLA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မပါဝင်သေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များအပြင် သီးခြားရပ်တည်နေသည့် ဒေသကာကွယ်ရေးတပ် (LPDF) များလည်း ရှိနေကြသည်။

ယင်းတော်လှန်ရေးအဖွဲ့ပေါင်း တစ်ရာကျော်တွင် စစ်ကောင်စီတပ်ကို အားကောင်းမောင်းသန် တိုက်ခိုက်တွန်းလှန်နေသည့် အဖွဲ့များရှိသလို အင်အားအနည်းငယ်သာရှိပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်သွားသည့် အဖွဲ့များလည်း ရှိသည်။

ထိုအခြေအနေတွင် ဒေသတွင်းနေထိုင်သည့် ပြည်သူများပင် ၎င်းတို့နေထိုင်ရာဝန်းကျင်တွင် တော်လှန်ရေးအဖွဲ့ အရေအတွက် မည်မျှရှိမှန်းမသိဖြစ်လာသည်အထိ ရှုပ်ထွေးလာသည်။

ယင်းအပြင် တပ်ရင်းတပ်ဖွဲ့ များနေခြင်းက တိုက်ပွဲဖော်ဆောင်ရာတွင်ထိရောက်မှုအားနည်းနိုင်သည်ဟု ထောက်ပြ ပြောဆိုမှု များရှိသည်။ အမိန့်ပေးညွှန်ကြားမှုတစ်ခုတည်းအောက်တွင် စုစုစည်းစည်းလုပ်ဆောင်သည့် ဒေသများ၌ တော်လှန်ရေး ခရီးရောက်နေပြီး တနင်္သာရီတိုင်းတွင်လည်း တော်လှန်ရေးအဖွဲ့များ စုစည်းနိုင်လျှင် ယခုထက်ပိုမို ခရီးရောက်မည် ဖြစ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

ထို့အပြင် အဖွဲ့များနေသည့်အတွက် ထောက်ပံ့ရသည့်အပိုင်းတွင်လည်း ထိရောက်မှုနည်းပါးနေကြောင်း ပြောဆိုကြသည်။

ထိုအခြေအနေအား ပြည်သူများ၏ လိုအင်၊ ဖြစ်စေချင်သည့်ဆန္ဒ၊ ကြုံနေရသည့်အခင်းအကျင်းများကို တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်သည်။

“အဖွဲ့တွေများနေတာ မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထောက်ပံ့‌ရတာအဆင်မပြေလို့”

လောင်းလုံးဒေသခံ အသက် ၃၅နှစ်အရွယ်အမျိုးသမီးတစ်ဦး

DW ။ တော်လှန်ရေးတပ်‌ဖွဲ့တွေ ဟိုအဖွဲ့၊ ဒီအဖွဲ့ အဲဒီလိုမျိုး များနေတာတာအပေါ် ဘယ်လိုထင်လဲ။

ဖြေ ။ အဖွဲ့တွေများနေတာ မကောင်းဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထောက်ပံ့‌ရတာအဆင်မပြေလို့။ ဟို့အဖွဲ့လာလည်း တစ်ခါထောက်ပံ့၊ ဒီအဖွဲ့လာလည်းတစ်ခါထောက်ပံ့လုပ်နေရတယ် ကျွန်မတို့မှာ။

DW ။ အစ်မတို့ဒေသမှာ အစ်မသိသလောက် တော်လှန်ရေးအဖွဲ့ ဘယ်နှစ်ဖွဲ့လောက်ရှိလဲ။

ဖြေ ။ ဘယ်နှစ်ဖွဲ့ရှိမှန်းလည်း မသိဘူး။ သူတို့အဖွဲ့တွေကိုလည်း မှတ်လည်းမမှတ်မိဘူး။ PDF ဆိုတာပဲ သိတယ်။ အဖွဲ့တွေကတော့ တော်တော်များတယ်။ တစ်ခါလာဆိုရင် လှူလိုက်ပြီးပြီလို့ပြောရင် ကျွန်တော်တို့အဖွဲ့ အခုမှလာတာ။ အဖွဲ့မတူဘူး‌ဆိုပြီးပြောကြတယ်လေ သူတို့က။

DW ။ ဒီလိုမျိုးတော်လှန်ရေးတပ်ဖွဲ့တွေ တစ်ဖွဲ့နဲ့မတူဘဲ များနေတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ အခုနကပြောသလိုမျိုးပေါ့။ အဖွဲ့တွေများနေတော့ ထောက်ပံ့ရတာ အဆင်မပြေဘူး။ စစ်တိုက်ရင်လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ကြဘူးဆိုပြီး ပြောသံကြားတယ်။ တစ်ဖွဲ့တည်းဆိုရင် ကျွန်မတို့အတွက်က အဆင်ပြေတယ်။ အဖွဲ့တွေများလာတော့ လူတွေက သံသယတွေ ဝင်လာတယ်။ ဘာလို့အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခွဲနေကြတာလဲ အရမ်းသိချင်တယ်။ ကျွန်မတို့က နိုင်ငံရေးအကြောင်းလည်း နားမလည်တော့ ဒီလိုအဖွဲ့များမှ သူတို့ (PDF) တွေအတွက် အဆင်ပြေတာလားပေါ့။ ကျွန်မအနေနဲ့တော့ မဆုံးဖြတ်တတ်ဘူး။

DW ။ တော်လှန်ရေးတပ်ဖွဲ့တွေကို ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ ။ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိသင့်သလောက်တော့ ရှိရမယ်။ ကျွန်မဆိုလိုချင်တာက လောင်းလုံးမြို့နယ်မှာဆိုရင် တစ်ဖွဲ့ပေါ့။ သရက်ချောင်းမှာ တစ်ဖွဲ့ပေါ့။ သူ့နေရာမှာသူ တစ်ဖွဲ့ဆိုတစ်ဖွဲ့ ရှိလို့ မရဘူးလားပေါ့ ကျွန်မသိချင်တာက။

DW ။ တခြားပြောချင်တာ ရှိရင်လည်းပြောပေးပါ။

ဖြေ ။ ကျွန်မက သိပ်နားမလည်တော့ အများကြီးမပြောတတ်ဘူး။ နိုင်ဖို့အတွက်ဆိုရင် ကျွန်မတို့နိုင်သလောက် ထောက်ပံ့ ပေးရမှာပဲ။ အဖွဲ့တွေများတော့ ဒီအဖွဲ့ကိုထောက်ပံ့ရင် ငါ့အဖွဲ့ကိုကျတော့ ဘာလို့မထောက်ပံ့တာလဲ ဆိုပြီးဖြစ်လာတယ်။ ကျွန်မနိုင်တာက ငါးပြား ဆယ်ပြား (နည်းနည်း) ပဲ ရှိတာ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“စုစုစည်းစည်းလုပ်နိုင်ရင်တော့ ပိုခရီးရောက်မယ်”

အသက် ၂၄နှစ်အရွယ် ကံပေါက်ဒေသခံလူငယ်တစ်ဦး

DW ။ လက်ရှိတော်လှန်ရေး သုံးနှစ်ကျော်ကာလရောက်လာချိန်မှာ အစ်ကိုတို့ ဒေသမှာဆိုရင် သိရသလောက် တော်လှန်ရေးအဖွဲ့ ဘယ်နှစ်ဖွဲ့လောက်ရှိနေလဲ။

ဖြေ ။ ကံပေါက်က KBDF တစ်ဖွဲ့ရှိတယ်။ ဇာဒီဘက်မှာ ရေဖြူ ပကဖ က အဖွဲ့တွေ။ နဘုလယ်ဘက်ကနေ လာလှုပ်ရှားတဲ့ အဖွဲ့တွေ ရှိတယ်။ ကလိန်အောင်နဲ့ ကံပေါက်ကြားမှာ လှုပ်ရှားကြတဲ့ ရေဖြူအဖွဲ့တွေ၊ ကလိန်အောင်အဖွဲ့တွေ၊ ထားဝယ်အဖွဲ့တွေ ရှိတယ်။ ကော်သူးလေအာမီ (KTLA) နဲ့ KNU လည်းရှိသေးတယ်။ ကံပေါက်တိုက်နယ်မှာရှိတဲ့ မွန်ပြည်သစ်တွေက တော်လှန်ရေးထဲ ပါမပါမသိဘူး ။ အခုပြောရင်းတောင် အတော်များတယ်။ အခုပြောပြတဲ့အဖွဲ့တွေက သုံးနှစ်ကျော်အတွင်း ကံပေါက်တိုက်နယ်မှာ လာလှုပ်ရှားသွားတဲ့ အဖွဲ့တွေနဲ့ နဂိုရှိပြီးသားအဖွဲ့တွေကို ပြန်တွက်ကြည့်တာပါ။

DW ။ ဒီလိုမျိုးတော်လှန်ရေးတပ်တွေ များနေတဲ့အပေါ်မှာ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ အဖွဲ့အစည်းများတော့ ခေါင်းဆောင်တွေ ဆရာကြီးတွေများတာပေါ့။ ပြည်သူတစ်ယောက်အနေနဲ့ကတော့ သဘော မကျဘူးပေါ့။ အားလုံးစုစုစည်းစည်း ဖြစ်စေချင်တယ်။ မဟာမိတ်အနေနဲ့ ပူးပေါင်းစေချင်တယ်။ မူဝါဒတွေ ရည်ရွယ်ချက် တွေက ဘယ်လိုရှိမှန်းမသိပေမယ့် အာဏာသိမ်းပြီးပေါ်လာတဲ့ အဖွဲ့ အားလုံးကတော့ စစ်အာဏာရှင်ကို တိုက်ဖို့ ရည်ရွယ်တစ်ခုတော့ တူညီကြမယ်လို့တော့ နားလည်ထားတယ်။

DW ။ ဒီလိုမျိုးတပ်ဖွဲ့တွေ များနေတာက တော်လှန်ရေးအပေါ် ကောင်းခြင်းဆိုးခြင်းတွေ ဘယ်လိုရှိနေနိုင်လဲ။

ဖြေ ။ ကောင်းကျိုးတော့ ရှိမယ်မထင်ဘူး။ ဆိုးကျိုးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေပဲ ထပ်ရှိနေမယ် ထင်တယ်။ ကွပ်ကဲမှုတစ်ခုခုရှိရင်တော့ ရလဒ်တွေလည်း ပိုကောင်းမယ်ထင်တယ်။ အခုဖြစ်နေတာက အဖွဲ့အစည်း အရေအတွက် တိုးလားပြီး တချို့အဖွဲ့တွေမှာဆို တစ်ဖွဲ့ချင်း အင်အားနဲ့ အရည်အချင်းအပိုင်းနှစ်ခုစလုံး အားနည်းနေသေးတာ တွေ့နေရသေးတယ်။ အားလုံးကိုတော့ မဆိုလိုပါဘူး။

DW ။ ပြည်သူတွေအနေနဲ့ရော အဖွဲ့များလို့ ဝန်ပိတာ၊ သဘောထားကွဲလွဲတာတွေရှိမယ်လို့ရောထင်လား။

ဖြေ ။ ဝန်ပိတာမျိုးတော့ရှိတာပေါ့။ တိုက်ရိုက်မသိသာပေမဲ့ သွယ်ဝိုက်သောအားဖြင့် ထိခိုက်တာရှိတယ်။ အဖွဲ့အစည်းတွေ ကိုယ်တိုင် ပိုသိလိမ့်မယ်။ စုစည်းမှုရှိရှိ ကွပ်ကဲမှုတစ်ခုအောက်ကို ထောက်ပံ့ရတာနဲ့ နှစ်ဖွဲ့သုံးဖွဲ့ခွဲ ထောက်ပံ့ရတာနဲ့ အရမ်းကွာသွားမှာက မြင်သာတယ်။ သဘောထားကွဲလွဲမှုတွေကလည်း ပြည်သူတွေကြားရော အဖွဲ့အချင်းချင်းကြားရောပါ ရှိစေလိမ့်မယ်။

DW ။ ဘာတွေက သဘောထားကွဲလွဲမှုကိုဖြစ်စေနိုင်လဲ။ ဥပမာလေး တစ်ခုပြောပေးပါလား။

ဖြေ ။ ကံပေါက်တိုယ်နယ်မှာပဲ ဥပမာနဲ့ ပြောပြမယ်။ ဒလန်ရှင်းတယ်။ စာပစ်တာတွေလုပ်တယ်။ လုပ်ရင်လုပ်တယ်လို့ ဝန်ခံတဲ့အဖွဲ့တွေ ရှိတယ်။ တချို့အဖွဲ့တွေကတော့ လုပ်ပြီးရင် သူတို့မဟုတ်သလို ဖြစ်သလို လုပ်တာမျိုးတွေရှိခဲ့တယ်။ အဲဒါတွေက ပြည်သူတွေကို ဟိုအဖွဲ့လိုလို ဒီအဖွဲ့လိုလို ဝေဝါးအောင် အတွေးရှုပ်အောင်ဖြစ်စေတဲ့ သဘောထား ကွဲလွဲမှုတွေကို ဖြစ်စေတာပါပဲ။ တချို့စစ်ရေးကိစ္စတွေက ထုတ်ပြောမရတာ နားလည်တယ်။ ဒါပေမဲ့ အဲဒါကို ရောချပြီး အကြောင်းအရာ အားလုံးနီးပါးကို တာဝန်မယူ တာဝန်မခံတာကတော့ သဘောထားကွဲလွဲအောင် ဖန်တီးတာပါပဲ။ အဲဒါကြောင့် ဖြစ်ရပ်တွေဖြစ်ပြီးရင် တာဝန်ယူမှု တာဝန်ခံမှုရှိရှိ အသိပေးစေချင်တယ်။ အဲဒီလိုမှ ကာယကံရှင်တွေရော၊ ပြည်သူတွေရော ရှင်းရှင်းလင်းလင်းသိရမှာဖြစ်တယ် ။

DW ။ အခြားဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ သူတို့ (တော်လှန်ရေးတပ်ဖွဲ့တွေ) မှာ ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လိုမူဝါဒတွေရှိတာကို မသိပေမယ့် တစ်စုတစ်စည်း တည်း စုစုစည်းစည်းလုပ်နိုင်ရင်တော့ ပိုခရီးရောက်မယ်ထင်တယ်။ ပြီးတော့ ပြည်သူတွေကို သဘောထား မကွဲလွဲ စေဖို့လည်း အရေးကြီးတယ်။ ပြည်သူတွေ မပူးပေါင်း မပါဝင်ရင် ဘယ်သူမှ ဘယ်တိုက်ပွဲကို မဆို တိုက်လို့မရဘူးဆိုတာကို ပြန်သတိထားစေချင်တယ် ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“အဖွဲ့တွေကများတော့ အမိန့်တစ်ခုကို လိုက်နာနိုင်အောင်ထိန်းချုပ်ရ ပိုပြီးခက်ခဲစေတယ်”

တနင်္သာရီမြို့နယ်၊ တကူကျေးရွာက အမျိုးသမီးတစ်ဦး

DW ။ လက်ရှိတော်လှန်ရေးကာလ သုံးနှစ်ကျော်ကာလရောက်လာချိန်မှာ တော်လှန်ရေးတပ်တွေ အများကြီး ရှိနေတာပေါ့နော်။ ဆိုတော့ အစ်မတို့ဒေသမှာဆိုရင် သိရသလောက် တော်လှန်ရေးအဖွဲ့ဘယ်နှစ်ဖွဲ့ လောက်ရှိနေလဲ။

ဖြေ ။ လက်ရှိမှာ အစ်မတို့ တနင်္သာရီဘက်မှာဆိုရင် PDF၊ ပကဖနဲ့ Kတွေရှိတယ်။ ပကဖမှာက တနင်္သာရီပကဖ၊ မြိတ်ပကဖ၊ ကျွန်းစုပကဖ ရှိတယ်။ K မှာက KNLA နဲ့ KTLA ရှိတယ်။

DW ။ ဒီလိုမျိုးတော်လှန်ရေးတပ်တွေများနေတဲ့အပေါ်မှာ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ ပြည်သူ တစ်ယောက်အနေနဲ့ တော်လှန်ရေးတပ်တွေ တစ်ကွဲတစ်ပြားနဲ့ အများကြီးဖြစ်နေတဲ့အပေါ်ဘယ်လိုဖြစ်စေချင်လဲ။

ဖြေ ။ ဒီလိုမျိုးအဖွဲ့အစည်းတွေ ကွဲနေတာထက်စာရင် အဖွဲ့အစည်းအားလုံး စုပေါင်းပြီးတော့ စကစကို တော်လှန်တာမျိုး ဖြစ်စေချင်တယ်။ ဘာလို့ဆိုတော့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအချင်းချင်း စည်းလုံးညီညွတ်ပြီး အလုပ်တွေ အတူတူလုပ်ရင် ပိုပြီးအကျိုးသက်ရောက်မှုလည်းရှိနိုင်တယ်။ ပိုပြီးထိရောက်အောင်လည်း လုပ်နိုင်မယ်လို့ မြင်မိတယ်။

DW ။ ဒီလိုမျိုးတပ်ဖွဲ့တွေများနေတာက တော်လှန်ရေးအပေါ် ကောင်းခြင်းဆိုးခြင်းတွေ ဘယ်လိုရှိနေနိုင်လဲ။

ဖြေ ။ ဒီလိုအဖွဲ့အစည်းတွေများနေတာက ဆိုးကျိုးတွေဘာတွေရှိနေနိုင်လည်းဆိုတော့ ဥပမာပြောရရင် အလုပ်တစ်ခု စလုပ်မယ်ဆိုရင် သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ တာဝန်ခံအဖွဲ့တွေကို အရင်အသိပေးရတယ်။ ပြီးတော့ သူတို့ အရင်ချိတ်ဆက် ရပြီးမှ အလုပ်လုပ်လို့ အဆင်ပြေတယ်။ ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့အဆင်မပြေဘူး။ ဒီလိုဆိုပိုပြီး သတင်းပေါက်ကြား တာတွေ ရှိတယ်။ ပြီးတော့ခွင့်ပြုချက်ရတဲ့အခါ အချင်းချင်း နားလည်မှုလွဲတဲ့အခါတွေရှိတယ်။ အဖွဲ့တွေကများတော့ အမိန့်တစ်ခုကို လိုက်နာနိုင်အောင် ထိန်းချုပ်ရ ပိုပြီးခက်ခဲစေတယ်။

DW ။ တခြားဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ ထပ်ပြီးပြောချင်တာကတော့ အခုလိုမျိုးအဖွဲ့တွေ အများကြီးနဲ့ တစ်ယောက်တစ်မျိုးစီ လုပ်နေတာထက်စာရင် အဖွဲ့တွေ အားလုံးပေါင်းပြီးတော့ အမိန့်တစ်ခုတည်းနဲ့ လုပ်စေချင်မိတယ်။ ဒီလိုမှ တကယ်မြေပြင်မှာ လှုပ်ရှားနေတဲ့ ရဲဘော်တွေလည်း သူ့အဖွဲ့ကိုယ့်အဖွဲ့ဆိုပြီး သွေးမကွဲဘဲ အားလုံးအဆင်ပြေမှာပေါ့။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“သူတစ်လမ်း ငါတစ်လမ်းသွားနေလို့ တော်လှန်ရေးကို တကယ်အထောက်အပံ့မဖြစ်နိုင်သလို နှောင့်နှေးစေတယ်”

ရေဖြူမြို့နယ် ဒေသခံတစ်ဦး

DW ။ အခုလက်ရှိတော်လှန်ရေးရဲ့အခြေအနေကို ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ ။ လုပ်တဲ့အဖွဲ့တွေလည်း လုပ်နေကြတာပဲ။ မလုပ်တဲ့အဖွဲ့တွေလည်း မလုပ်ကြဘူး။ ဒါပေမဲ့ တခြားဒေသမှာ သွားရောက်လှုပ်ရှားနေတဲ့ အဖွဲ့တွေလည်းရှိတယ်။

DW ။ သူတို့နဲ့ ပြည်သူတွေကြား ဆက်ဆံရေးကရော ဘယ်လိုရှိလဲ။

ဖြေ ။ အရင်က‌တော့ သူတိုကို ကြောက်ရလန့်ရတဲ့အနေထားမျိုး တွေရှိတယ်။ စကားပြောတာဆိုတာတွေကိုမှ လွတ်လွတ်လပ်လပ် မရှိဘူးပေါ့လေ။ အခုကပုံမှန်ပါပဲ။ သူတို့ကိစ္စရှိရင် သူတို့ဝင်တာ၊ ထွက်တာတော့ရှိတယ်။ စုံစမ်းစရာရှိရင်လည်း သူတို့ ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) တွေကတစ်ဆင့် စုံစမ်းမေးမြန်းတာမျိုးတွေရှိတယ်။ ထောက်ပို့ကိစ္စတွေနဲ့ သူတို့လာတယ်။ ရောရောထွေးထွေးဆိုမျိုးတော့ မဟုတ်ဘူး။ သူတို့ကိစ္စပြီးရင်တော့ သူတို့ပြန်သွားတာပါပဲ။

DW ။ ပြည်သူတွေအနေနဲ့ ထောက်ပံ့ရတဲ့အနေအထားကရော ဘယ်လိုရှိလဲ။

ဖြေ ။ အဖွဲ့အစည်းကများတော့ အရင်ကလိုမျိုးတော့ မရတော့ဘူး။ မျှပြီးတော့ လုပ်ပေးရတာမျိုးတွေရှိတယ်။ အဖွဲ့အစည်းကလည်းများ ထောက်ပံ့တဲ့သူတွေလည်း ကွဲသွားတယ်။ သူကဟိုအဖွဲ့ ငါက ဒီအဖွဲ့ဆိုတာမျိုးလေးတွေတော့ ဖြစ်သွားတယ်။ တချို့တွေကလည်း အဖွဲ့တစ်ခုကို လုပ်ပေးရင် နောက်တစ်ဖွဲ့ မပေးနိုင်တော့ဘူး။ တချို့ကလည်း နီးစပ်ရာကို ထောက်ပံ့ကြတယ်။ မိသားစုထဲက တော်လှန်ရေးလုပ်နေတာရှိရင် အဲဒီလူပါတဲ့အဖွဲ့အစည်းကိုပဲ ထောက်ပံ့တော့တယ်။

DW ။ အဖွဲ့အစည်းများတဲ့အပေါ်မှာရော ပြည်သူတစ်ယောက်နေနဲ့ဘယ်လိုမြင်လဲ။

ဖြေ ။ ထောက်ပံ့ဖို့စည်းရုံးရတာ ခက်ခဲလာတယ်။ ဟိုအဖွဲ့ပေးချင် ဒီအဖွဲ့ပေးချင်နဲ့ နောက်ဆုံး မနိုင်မနင်းဖြစ်လာတယ်။ ‌တော်လှန်ရေးလည်း ကာလရှည်လာတော့ အရင်ကလို မထောက်ပံ့နိုင်တော့ဘူး။ လူတွေကလည်း စီးပွားရေး အဆင်မပြေ ကြတော့ဘူး။ နောက်ပြီး ထောက်ပံ့ရေးကိစ္စတွေမှာ ကူညီပေးနေတဲ့သူတွေလည်း ကြာလာတဲ့အခါမှာ ဒါကိုပဲ ဇောက်ချ မလုပ်ပေးနိုင်တော့ဘူး။ စားဝတ်နေရေးအတွက်လည်း လုပ်ရဖို့ဖြစ်လာတယ်။

DW ။ ထောက်ပံ့ရေးမှာ အရင်ကနဲ့ အခုအခြေအနေ ဘယ်လိုမြင်လဲ။

ဖြေ ။ အရင်က အဖွဲ့တွေက အများကြီး မရှိဘူးလေ။ အဖွဲ့အတွက်ဆို ငါလည်းလှူ သူလည်းလှူမယ် ဆိုတာမျိုးရှိတယ်။ အခုက အဖွဲ့‌တွေများပြီး နေရာလိုသူ နာမည်လိုသူတွေ များလာတယ်။ တကယ်ထိထိရောက်ရောက်လုပ်နေတဲ့အဖွဲ့ တွေအတွက် အလှူငွေတွေ ရတာနည်းလာတယ်။ အလုပ်လုပ်တဲ့အဖွဲ့လား အလုပ်မလုပ်တဲ့အဖွဲ့လားဆိုတာလည်း လူတိုင်းသိနေတာပဲ။ နောက်ပြီး ပုဂ္ဂိုလ်စွဲတွေပါလာတယ်။ ကိုယ့်နယ်ကအဖွဲ့မှ ကိုယ့်နယ်ကအဖွဲ့ ။ ကိုယ့်မိသားစုဝင်တွေပါနေတဲ့ အဖွဲ့မှအဖွဲ့ ။ အဲဒီလိုမျိုးတွေဖြစ်လာတယ်။ ကိုယ်နဲ့နီးတဲ့အဖွဲ့ကို ကိုယ်ထောက်ပံ့မယ်ဆိုတာမျိုးပေါ့။ အလုပ်လုပ်တဲ့အဖွဲ့လား မလုပ်တဲ့ အဖွဲ့လားဆိုတာမျိုလည်း ဝေဖန်မှုမရှိတော့ဘူး။ နောက်တော့ တကယ်လုပ်နေတဲ့အဖွဲ့တွေက အရင်လို ပါးစပ်နဲ့ အလှူခံလို့ အဆင်မပြေတော့ဘူး။ လူတွေက တစ်မျိုးမြင်လာတယ် အခုနောက်ပိုင်း။ အလှူ‌ငွေတွေ ရောက်မရောက် မသိနိုင်ဘူးဆိုပြီး သံသယရှိလာတယ်။

DW ။ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုဖြစ်စေချင်လဲ။ ဘယ်လိုမြင်လဲ။

ဖြေ ။ အဖွဲ့အစည်းကများတော့ သူလုပ်တာ ကိုယ်မကြိုက် သူလုပ်တာကိုယ်မကြိုက်နဲ့ မထိရောက်ဘူးပေါ့နော်။ အားလုံးစုပေါင်းပြီး စုစုစည်းစည်းဖြစ်စေချင်တယ်။ သူတစ်လမ်း ငါတစ်လမ်းသွားနေလို့လည်း တော်လှန်ရေးကို တကယ်အထောက်အပံ့မဖြစ်နိုင်သလို နှောင့်နှေးစေတယ်။ ပြည်သူတစ်ယောက်အနေနဲ့ အကြံပြုရရင်တော့ အားလုံးပေါင်းပြီး တစ်လမ်းတည်းသွားစေချင်တယ်။ တကွဲတပြားလုပ်နေမယ်ဆိုရင်လည်း ပြည်သူတွေက မယုံမကြည်ဖြစ်လာမှာပဲ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(အထက်ဖော်ပြပါ တနင်္သာရီပုံရိပ်အကြောင်းအရာနှင့်ပတ်သက်၍ ဘက်ပေါင်းစုံက ရှုမြင်မှုများကို သိရှိနိုင်ရန် တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ သဘောထားမှတ်ချက်များကိုလည်း မေးမြန်းထားဆဲဖြစ်ပါသည်။ လာမည့်သီတင်းပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဆက်လက်ဖော်ပြနိုင်ရန် ကြိုးပမ်းနေပါသည်။)