BREAKING
January 10, 2025

ကြာအင်းဆိပ်ကြီးတွင် လေယာဉ်ဖြင့်ဗုံးကြဲ၊ အရပ်သားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

October 28, 2024

ပုံစာ - လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံပုရာချောင်းဖျားရွားက နေအိမ်များထိခိုက်ပျက်စီးမှု။ ဓာတ်ပုံ - KNU

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာချောင်းဖျားကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီက တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံတို့ထံမှသိရသည်။

သံပုရာချောင်းဖျားကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၅ရက် နံနက် ၁၁နာရီဝန်းကျင်က ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် သံပုရာချောင်းဖျားကျေးရွာနေ အသက် ၃၀ နှစ်အရွယ် စောသဲမူး သေဆုံးပြီး အသက် ၃၃ နှစ်အရွယ် နော်အဲ့တာမူး ထိခိုက်ဒဏ်ရာရကြောင်း ဖော်ပြသည်။

ယင်းအပြင် နေအိမ်နှစ်လုံးနှင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းလည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံတို့က ပြောသည်။

“လေယာဉ်လှည့်နေတာကတော့ နေ့တိုင်းလိုလိုပါပဲ။ အခု ဗုံးပစ်ချတဲ့နေရာတစ်ဝိုက်မှာကလည်း တိုက်ပွဲမရှိဘူးလေ။ ရွာထဲ ပစ်ချတယ်ဆိုတော့ လူထိတယ်။ အိမ်တွေ၊ ဘုရားကျောင်းတွေလည်း ပျက်စီးတာပေါ့။ ရွာထဲကို ပစ်ချနေတော့ ရွာမှာလည်း မနေရဲကြတော့ဘူး။ ထွက်ပြေးကုန်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက် ညကလည်း ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ် ခလရ-၂၈၄ က ကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါပစ်ခတ်မှုတွင် ဝက်ဆီကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၆၄နှစ်အရွယ် ဦးပန်းမြိုင်တို့ သေဆုံးပြီး၊ အသက် ၁၃ နှစ်နှင့် ၁၇နှစ်အရွယ် နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာရခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာ တပ်စခန်းအပါအဝင် တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် နေပြီး စစ်ကောင်စီဘက်ကလည်း လူနေကျေးရွာများဘက်ကို လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက် နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အခုက လက်ကြီးတွေနဲ့ လှမ်းပစ်၊ ရမ်းပစ်တာ မဟုတ်တော့ဘူး။ လေယာဉ်တွေနဲ့ပါ ပစ်နေတာ။ သူတို့ (စစ်ကောင်စီတပ်) အထိနာလာရင် ပြည်သူဘက်ကို ပြန်ချ အဲဒီလိုမျိုးဖြစ်နေတယ်။ ခံနေရတာက ပြည်သူပဲ၊ ရွာမှာလည်း မနေရ။ ကိုယ့်အိမ်မှာ လည်း ကိုယ်မနေရ၊ တိုက်ပွဲဖြစ်တာဆိုရင် ရှောင်လို့ရသေးတယ်။ အခုက တိုက်ပွဲလည်း မဟုတ်ဘူး။ ဒီအတိုင်းပစ်နေတော့ ဘယ်ကို ရှောင်ရမလဲ၊ ဘယ်ကိုပြေးရမလဲ။ ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် မလုံခြုံဘူးလေ” ဟု ကြာအင်းဆိပ်ကြီး ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေရသည့်အပြင် အရပ်သားပြည်သူပိုင် နေအိမ်အဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီး ဆုံးရှုံးမှုလည်း ရှိကြောင်း KNU က ထုတ်ပြန်ထားသည်။