BREAKING
November 21, 2024

မက်ဆင်ဂျာကနေ ပိုက်ဆံလာချေးရင် ချက်ချင်းမယုံပါနဲ့

October 28, 2023

ဆိုရှယ်မီဒီယာပလပ်ဖောင်းကတဆင့် အမျိုးမျိုးသော လိမ်လည်မှုတွေထဲမှာ Facebook Messenger ကနေ ပိုက်ဆံလာချေးကြတာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပလပ်ဖောင်းကတဆင့် အမျိုးမျိုးသော လိမ်လည်မှုတွေထဲမှာ Facebook Messenger ကနေ ပိုက်ဆံလာချေးကြတာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

Facebook အကောင့်ကို ဟက်ပြီး ရင်းနှီးတဲ့သူတွေ၊ ဆွေမျိုးမိတ်ဆွေတွေဆီကနေ အရေးပေါ်ငွေကြေးလိုအပ်တဲ့ပုံစံနဲ့ ဆက်သွယ်ပြီး လိမ်လည်ကြတာဖြစ်ပါတယ်။

ဒီလိုပုံစံနဲ့ ငွေကြးလိမ်လည်တာဟာ ပြည်တွင်းက ဒေသအနှံ့မှာ ဖြစ်ပွားမှု များပြားနေတဲ့အပြင် တနင်္သာရီတိုင်းမှာလည်း ဖြစ်ပွားနေပါတယ်။

ဟန်ဆောင်ငွေလိမ်တာများလာ

ယခု အောက်တိုဘာလထဲမှာပင် ထားဝယ်ဒေသခံအမျိုးသမီးငယ်တစ်ဦးရဲ့ Facebook အကောင့် အခိုးခံရပြီး အကောင့်ထဲမှာရှိတဲ့ မိတ်ဆွေသူငယ်တွေဆီကနေ ငွေလိုက်ချေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အကောင့်ကို ခိုးယူပြီး အကောင့်ထဲမှာရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေဆီကနေ ပုံမှားရိုက် ငွေကြေးလိုက်လံ ချေးငှားနေတာကြောင့် အကောင့်ပျက်ကျသွားအောင် ကူညီပေးဖို့ ကာယကံရှင် အမျိုးသမီးငယ်က ကူညီတောင်းခံထားပါတယ်။ အကူအညီတောင်းခံထားတဲ့ Screenshot ကို ဒီနေရာမှာ ကြည့်ပါ။

လူသိများသူ၊ တပည့်တပန်းပေါသူ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အွန်လိုင်းဈေးရောင်းသူတွေရဲ့ Facebook အကောင့်တွေကို အဓိကပစ်မှတ်ထားပြီး အကောင့်ခိုးယူလေ့ရှိတာကြောင့် ဒီလိုပုဂ္ဂိုလ်တွေဟာ အထူးသတိထားဖို့ အရေးကြီးတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူ ထားဝယ်မြို့ခံ ကျောင်းဆရာတစ်ဦးက ဆိုပါတယ်။

“ဆရာ့ဆီမှာကျတော့ တပည့်တွေကို ညဖက်ကြီးလိုက်ပြီး K Pay ထဲကို ပိုက်ဆံလိုက်လွှဲခိုင်းတာပေါ့။ တပည့်တစ်ယောက်က ဆရာ့အကြောင်းသိနေတော့ ဖုန်းဆက် (အသိပေး) လာတယ်။ အဲဒီအချိန်မှ ကိုယ့်အကောင့် အဟက်ခံထားရတယ်ဆိုတာသိတာ” လို့ ကျောင်းဆရာက ပြောပါတယ်။

အကောင့်ခိုးယူခံရပြီး ပုံမှားရိုက်ကာ ငွေလိမ်တောင်းနေတာကို မရိပ်မိဘဲ အဲဒီကျောင်းဆရာရဲ့ အသိမိတ်ဆွေကလည်း တောင်းတဲ့ငွေကို အွန်လိုင်းငွေလွှဲလုပ်ငန်းကနေတစ်ဆင့် ညတွင်းချင်း လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။

“ပါတာကတော့ ဆရာ့တပည့်ထဲကပဲ သုံးယောက် မိန်းကလေးတွေချည်းပဲ။ နောက်တစ်ယောက်ကတော့ ဆရာတို့ကျောင်းက ဆရာပဲ။ သူလည်း သုံးသောင်း (ကျပ်) လွှဲပေးလိုက်သေးတယ်တဲ့” လို့ ကျောင်းဆရာက ဆိုသည်။

အကောင့်ခိုးယူထားသူတို့ဟာ အလွယ်တကူ ထုတ်ချေးပေးနိုင်မယ့် ကျပ်သောင်းဂဏန်းဝန်းကျင်သာ ခဏချေးငှာတဲ့ပုံစံနဲ့ လိုက်လံချေးငှား ရယူလေ့ရှိတယ်လို့ ဆိုပါတယ်။ ငွေပမာဏ သိန်းဂဏန်းအထိ ချေးငှားတာမျိုးလည်း ရှိပါတယ်။

အလားတူပဲ ထားဝယ်ဒေသမှာ လူသိများတဲ့ ဓာတ်ပုံဆရာတစ်ဦးရဲ့ Viber အ‌ကောင့်ကနေကို ဝင်ရောက်ပြီး ငွေကြေးလိုက်လံချေးငှားတဲ့ ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီဓာတ်ပုံဆရာ၏ လက်ကိုင်ဖုန်း‌‌ ကျပျောက်သွားပြီးနောက် အဲဒီဖုန်းမှာ အကောင့်ဝင်ထားတဲ့ Viber ကနေ သူနဲ့ ရင်းနှီးသူတွေဆီကနေ ငွေကြေးလိုက်လံချေးငှားခဲ့တာပါ။

သူ့ Viber အသုံးပြုပြီး သူနဲ့ ရင်းနှီးသူ၊ မရင်းနှီးသူတွေဆီကနေ ငွေလိုက်လံချေးနေတဲ့အကြောင်း ကာယကံရှင် ဓာတ်ပုံဆရာက တင်ထားတဲ့ပို့စ်ကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Facebook အကောင့်ကို ခိုးယူလို့ရသလား

သာမန်အားဖြင့်မူ အခြားသူတစ်ဦးရဲ့ Facebook အကောင့်ကို ခိုးယူရန်မှာ မလွယ်ကူပေ။

သို့သော် ဝက်ဘ်ဆိုက်လင့်အတုတွေ ဖန်တီးပြီး မက်ဆေ့ပို့တာမျိုးလုပ်ပြီး အကောင့်ကို ခိုးယူရနိုင်တယ်လို့ နည်းပညာကျွမ်းကျင်သူတို့က ပြောပါတယ်။

ဥပမာ သင်သည် ကြောင်ချစ်သူတစ်ဦးဆိုပါစို့။ ချစ်စရာကြောင်လေးများကြည့်ရန် ဒီနေရာကိုနှိပ်ပါ ဆိုသည့် စာသားဖြင့် မက်ဆေ့ဘောက်သို့ လင့်ခ်တစ်ခုရောက်လာလျှင် နှိပ်ကြည့်မိလေ့ရှိတာမျိုးပါ။

အဲဒီလင့်ခ်ကို နှိပ်မိပြီးဆိုတာနဲ့ လိမ်လည်သူတွေ ဖန်တီးထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုထဲရောက်သွားပြီး အဲဒီကနေတဆင့် Facebook Password (လျို့ဝှက်နံပါတ်) အပါဝင် ကိုယ်ရေးအချက်အလက်တွေ တခြားသူက ရသွားတယ်လို့ ဆိုပါတယ်။

အဲဒီနည်းလမ်းနဲ့ Facebook အကောင့်ကို ခိုးယူလေ့ရှိတယ်လို့ နည်းပညာသမားတို့က သတိပေးထားကြပါတယယ်။

အဲဒီအကြောင်းကို Dawei Watch သတင်းဌာနမှာ အခု ၂၀၂၃ခုနှစ် ဇူလိုင်လက ရေးသားဖော်ပြခဲ့တဲ့ “ထားဝယ်တွင် FACEBOOK အကောင့်ခိုးပြီး ငွေလိမ်မှုအဖြစ်များလာ” သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

လင့်ခ်တွေကို သတိပြု

လင့်ခ်တွေ မိမိဆီရောက်လာရင် သတိထားဖို့၊ သံသယဖြစ်စရာ လင့်ခ်တွေကို မနှိပ်ကြည့်ကြဖို့ နည်းပညာသမားတွေက သတိပေးထားပါတယ်။

“အွန်လိုင်းပေါ်မှာတွေ့တဲ့ လင့်ခ်တွေကို လျှောက်လျှောက် မနှိပ်ဖို့လိုတယ်။ ကိုယ်က ဘာမှမဟုတ်ဘူး သာမန် User လောက်ပဲဆိုရင် သိပ်ပြဿနာမဟုတ်ပေမယ့် စီးပွားရေးတစ်ခုခုလုပ်နေတယ်ဆိုရင်တော့ လင့်ခ်အတုတွေနဲ့တွေ့ရင် ကိုယ့်ဖုန်းထဲမှာရှိတာ ဘဏ်နံပါတ် (အကောင့်) တွေအစပေါ့လေ အကုန်ပါကုန်မှာပဲ” ဟု ဆော့ဝဲနည်းပညာ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ် ကွန်ပျူတာသင်တန်းဆရာလည်းဖြစ်သူ ထားဝယ်မြို့ခံတစ်ဦးက ပြောပါတယ်။

အတည်ပြုပါ

မည်မျှပင်ရင်းနှီးသူဖြစ်ပါစေ Facebook Messenger ဖြစ်ဖြစ်၊ Viber ဖြစ်ဖြစ်၊ Telegram ဖြစ်ဖြစ် စတဲ့ လူမှုကွန်ရက် တွေကနေတစ်ဆင့် ဆက်သွယ်လာပြီး ငွေကြးတောင်းခံတာ၊ ချေးငှားတာမျိုး ကြုံလာရင် ချက်ချင်းယုံကြည်ပြီး ငွေလွှဲပေးခြင်းမျိုးမလုပ်သင့်ပေ။

အခြားသူတစ်ယောက်က အကောင့်ကို ဟက်တာ၊ ဖုန်းကိုရသွားတာမျိုးကြောင့် လိမ်လည်တာမျိုးနဲ့ ကြုံရနိုင်တာကြောင့်ပါ။

ကိုယ်မိတ်ဆွေကို ဖုန်းဆက် အကျိုးကြောင်းမေးမြန်းပြီးမှပဲ မိမိငွေကို လွှဲပေးသင့်ပါတယ်။

ဖုန်းဆက်ဖို့ ဖုန်းနံပတ်မရှိတာ၊ ဖုန်းခေါ်မရတာမျိုးဖြစ်ရင် ဆက်သွယ်လာတဲ့ အကောင့်ကနေတဆင့် Video Call သို့မဟုတ် Voice Call ခေါ်ဆိုပြီးတော့လည်း အတည်ပြုနိုင်ပါတယ်။

“အဓိကက ကျွန်တော်တို့လူမျိုးတွေက အားနာတတ်တာပါတယ်။ အားနာလို့ ပိုက်ဆံလေးနည်းနည်းပါးပါးဆို မမေးမစမ်းဘဲ ချေးလိုက်ကြတာပဲ။ ဖုန်းတစ်ခါဆက်လို့ ဘယ်လောက်မှကုန်ကျသွားတာမှ မဟုတ်တာ။ ကိုယ့်ငွေတွေ အလိမ်ခံရတာထက်စာရင်လေ။ ငွေပဲပါသွားတာက အကြောင်းမဟုတ်ပေမယ့် ကိုယ့်ရေးကိုယ်တာ အချက်အလက်တွေ၊ ဘဏ်နံပါတ် (အကောင့်) တွေပါပါသွားရင် အားလုံးရှုပ်ကုန်မှာလေ။ အဲဒါကြောင့် ကျွန်တော် ပြောချင်တာက အားလည်းမနာနဲ့ အယုံလည်း မလွယ်နဲ့။ အခုခေတ်မှာ ပိုးဆိုးသေးတယ်” ဟု ဆော့ဝဲနည်းပညာသမားက ပြောဆိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။