ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များ မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ကိုးနာရီမှ ညနေသုံးနာရီအထိ ခြောက်နာရီကြာ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း Petro & Tran Co.Ltd ထားဝယ်၏ထုတ်ပြန်ချက်အရသိရသည်။
ထားဝယ်တစ်ဖက်ကမ်း လောင်းလုံးဘက်ရှိ ကမြောကင်းတံတားအနီးရှိ ဗိုလ်မှူးဗထူးရုပ်တုရှိရာပန်းခြံကို အဝိုင်းပတ်တည်ဆောက်မည်ဖြစ်ရာ လမ်းဧရိယာတွင်ကျရောက်နေသည့် ဓာတ်အားလိုင်းများကို ပြောင်းရွှေ့မည်ဖြစ်သောကြောင့် ဓာတ်အားပြတ်တောက်ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခင်က တြိဂံပုံသဏ္ဍန်ရှိသော ဗိုလ်မှူးဗထူးရုပ်တုထားရှိရာပန်းခြံအား ရုပ်တုအလယ်ထားပြီး အဝိုင်းပတ်ပုံစံ လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ပြီးခဲ့သည့် ပတ်က Dawei Watch သို့ပြောဆိုထားသည်။
ယင်းကြောင့် အဆိုပါလုပ်ငန်းများဆောင်ရွက်နေစဉ် ထားဝယ်မှ လောင်းလုံးမြို့သို့ လျှစ်စစ်ဓာတ်အား ပို့လွှတ်နေသည့် ၃၃ ကေဗွီလောင်းလုံးဖီဒါ ဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီ ဖီဒါ ၃ ဓာတ်အားလိုင်းတို့ကို ပိတ်ထားမည်ဖြစ်သည်။
ယင်းဓာတ်အားလိုင်း တစ်လျှောက်ရှိ ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့နှင့် လောင်းလုံးမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများမှာ ခြောက်နာရီကြာ ဓာတ်အားပြတ်တောက်မည်ဖြစ်သည်။