BREAKING
December 28, 2024

မော်လမြိုင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖမ်းဆီးခံရ

October 28, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြည်နယ်လွှတ်တော် တစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရကြောင်း NLD ပါတီ အသိုင်းအဝိုင်း တို့ထံမှ သိရသည်။

ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အောက်တိုဘာ ၂၇ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်ကြိုရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ညက အဖမ်းခံရတယ်လို့တော့ ကြားတယ်၊ ကျွန်တော်တို့လည်း သေချာမသိသေးဘူး” ဟု NLD ပါဝင်တစ်ဦးက ပြောသည်။

ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရသည့်အကြောင်းအရင်းကိုလည်း မသိရှိသေးဘူးလို့လည်း ပါတီဝင်တို့က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပါတီဝင်အချို့ ဖမ်းဆီးခံရမှုရှိသည့်အပြင် အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အချို့လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပတ်သက်မှုမရှိကြောင်း စစ်ကောင်စီထံ ခံဝန်လက်မှတ်ရေးထိုးပြီး နေအိမ်တွင် နေထိုင်နေကြပြီး ဒေါ်နွယ်နွယ်အောင်လည်း ထိုသို့ ခံဝန်လက်မှတ်ရေးထိုးရာတွင် ပါဝင်ကြောင်း သတင်းထွက်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

ဒေါ်နွယ်နွယ်အောင်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲက မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိထားသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပြီး မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဋ္ဌ လည်း ဖြစ်သည်။