BREAKING
October 16, 2024

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

September 28, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အထိ

စစ်ကောင်စီ နိုင်ငံရေးဆွေးနွေးဖို့ဖိတ်ခေါ်ချက် တော်လှန်ရေးအင်အားစုတွေ လက်မခံ

လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းကနေ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက လက်မခံဘူးလို့ တုံ့ပြန်ကြပါတယ်။

စစ်ကောင်စီက နိုင်ငံရေးဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေကို စက်တင်ဘာလ ၂၆ရက်နေ့က ဖိတ်ခေါ်လိုက်တာပါ။ PDF တွေကို အမြစ်ဖြတ်ချေမှုန်းမယ်လို့ မကြာခဏ ထုတ်ပြန်ပြောဆို လေ့ရှိတဲ့ စစ်ကောင်စီဟာ အခုပထမဆုံးအကြိမ် PDF တွေကို နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဖိတ်ခေါ်ချက်မှာ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်သောင်းကျန်းသူတွေ၊ အကြမ်းဖက် PDF တွေလို့ သုံးနှုန်းခေါ်ဝေါ်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး စစ်ကောင်စီ ကျင်းပမယ့် ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောဆို ထားတာလည်းတွေ့ရပါတယ်။ ဒါပေမဲ့ NUG ကိုတော့ ဖိတ်ခေါ်ထားတာမျိုး မတွေ့ရပါဘူး။

KNU၊ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီ ကမ်းလှမ်းချက်ကို လက်မခံဘူးလို့ မီဒီယာတွေမှာ တုံ့ပြန်ထားကြပါတယ်။

စစ်ကောင်စီဟာ အရင် နည်းနာတွေအတိုင်း ဖိတ်ခေါ်တာဖြစ်ပြီး မြန်မာနိုင်ငံရေးပြဿနာကို တကယ်ဖြေရှင်းလိုလို့ မဟုတ်ဘဲ ဟန်ပြသက်သက် လုပ်ချင်တာ၊ ၂၀၀၈ ခြေဥအပေါ် ရပ်တည်ပြီး ဖိတ်ခေါ်တာ၊ ဖိတ်ခေါ်ရာမှာလည်း တော်လှန်ရေး အင်အားစုတွေကို အပြစ်ပုံချထားတွေ့ရတယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီက ပြည်သူလူထုအပေါ်  အကြမ်းဖက်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ဝန်ချတောင်းပန်ပြီး တာဝန်ခံဖို့၊ စစ်တပ် နိုင်ငံရေးကနေ ထွက်ခွာပြီး အရပ်သားအုပ်ချုပ်မှုအောက်မှာနေဖို့၊ ခြေဥအသစ် ရေးဆွဲဖို့ စတာတွေ လက်ခံရင် နိုင်ငံရေးဆွေးနွေးဖို့ အခြေအနေဟာ ပြောင်းလဲနိုင်ခြေရှိတယ်လို့လည်း တုံ့ပြန်မှုတွေ ရှိပါတယ်။

လက်ရှိအခြေအနေအတိုင်းကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးစရာ အကြောင်းမရှိဘဲ ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း ဆိုကြပါတယ်။ စစ်ကောင်စီက နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေချိန်မှာဘဲ နိုင်ငံတစ်ဝန်း လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် လုပ်ဆောင်နေပါတယ်။

……………………………………..

ရေဘေးသင့်သူ တစ်သန်းနီးပါးရှိလာ၊ လူလေးရာကျော်ထက်မနည်း သေဆုံး

ဆိုင်ကလုန်းမုန်တိုင်း ယာဂိကြောင့် တိုင်းနဲ့ပြည်နယ် ကိုးခုက မြန်မာပြည်သူတစ်သန်းနီးပါး ရေဘေးဒဏ်ခံရပြီး သေဆုံးသူဟာလည်း လူလေးရာကျော်အထိ ရှိလာပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ကျော်အနက် ၇၀ ကျော်မှာ ရေဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပြီး ရေဘေးသင့်သူ တစ်သန်း နီးပါးအထိရှိလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက စက်တင်ဘာလ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

လူ ၃၆၀ ထက်မနည်း သေဆုံးပြီး တစ်ရာကျော် ပျောက်ဆုံးနေတဲ့အပြင် ရေဘေးကြောင့် နိုင်ငံရဲ့ အနောက်မြောက်၊ အရှေ့တောင်ဘက်နဲ့ ရခိုင်ပြည်နယ်တွေမှာ နေအိမ်တွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများစွာ ပျက်စီးခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှု ကြီးကြီးမားမား ရှိတယ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ နိုင်ငံတစ်ဝန်း ရေကြီး၊ မြေပြိုတာတွေကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးသူ တစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကောင်စီက သိမ်းယူတာအပြင် လမ်းကြောင်းဖြတ်တောက်ပိတ်ဆို့တာတွေလည်း လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ ရေဘေးကြောင့် သေဆုံးသူ ၄၃၀ ကျော်ရှိပြီး ပျောက်ဆုံးနေသူ ၈၀နီးပါးရှိတယ်လို့ စက်တင်ဘာလ ၂၈ ရက်က ထုတ်ပြန်ပါတယ်။ မြို့နယ် တစ်ရာကျော်က လူနေအိမ်တစ်သိန်းကျော်၊ ကျွဲ နွားအပါအဝင် တိရစ္ဆာန်အကောင်ရေ တစ်သိန်းခုနစ်သောင်းကျော်၊ လယ်မြေဧက ရှစ်သိန်းနီးပါး ပျက်စီးတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၂၇ ရက်အထိ တိုင်းနဲ့ ပြည်နယ် တချို့မှာ ရေကြီးတာတွေ ကြုံနေရဆဲဖြစ်ပြီး ရေဘေးသင့် ပြည်သူတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

……………………………………..

စစ်ကောင်စီက နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပြီးနောက်ရက် လေကြောင်းတိုက်ခိုက်

စစ်ကောင်စီက နိုင်ငံရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ်ပြီး နောက်တစ်ရက်မှာပဲ လာရှိုးမြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။ 

နိုင်ငံရေးဆွေးဖို့ဖိတ်ခေါ်တဲ့အကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၂၆ရက်ညမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက် မနက် ၄နာရီလောက်မှာတော့ လားရှိုးမြို့ကို ဗုံးကြဲခဲ့တာပါ။ မြို့ထဲမှာ ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦး သေဆုံးခဲ့သလို ငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီဟာ ဩဂုတ်လကုန်ကနေ စက်တင်ဘာလ ၂၇ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင် ခဲ့ပါတယ်။ Dawei Watch က စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရ ဒီတိုက်ခိုက်မှုတွေအတွင်း လူ ၁၄၀ ထက် မနည်း သေဆုံးခဲ့တာကို တွေ့ရပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အို တွေ၊ ရဟန်းသံဃာတွေ၊ အမျိုးသမီးတွေ၊ စစ်ဘေးရှောင်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်နေပါတယ်။

အခု သီတင်းပတ်အတွင်းမှာလည်း မကွေး၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ မန္တလေး၊ ရခိုင်၊ ကချင် စတဲ့ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ် ၁၄ခုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ဝန်းကျင် သေဆုံးပြီး ၉၀နီးပါး ဒဏ်ရာရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

လူအသေအပျောက် အများဆုံးရှိခဲ့တာက သံတွဲမြိုပေါ် လေကြောင်း တိုက်ခိုက်မှုဖြစ်ပါတယ်။ သံတွဲမြို့ပေါ်မှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့နေရာနှစ်ခုကို စက်တင်ဘာလ ၂၆ ရက်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ၁၄ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာရခဲ့ပါတယ်။ လားရှိုးမြို့ကတော့ အခုသီတင်းပတ်အတွင်း သုံးရက်တိုင် လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပါတယ်။

……………………………………..

စစ်ကောင်စီကို ဂျက်လေယာဉ်ဆီနဲ့ လက်နက်တွေ မစီးဆင်းရေး QUAD ခေါင်းဆောင်တွေတိုက်တွန်း

စစ်ကောင်စီဆီကို ဂျက်လေယာဉ်ဆီ၊ လက်နက်နဲ့ စစ်ဘက်အရပ်ဘက်သုံး ပစ္စည်းတွေ စီးဆင်းမှုမရှိအောင် လုပ်ဆောင်ကြဖို့ ကမ္ဘာ့နိုင်ငံတွေကို QUAD (ကွတ်) ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။

QUAD ခေါင်းဆောင်တွေဖြစ်တဲ့ ဩစတြေးလျဝန်းကြီးချုပ်၊ အိန္ဒိယဝန်ကြီးချုပ်၊ အမေရိကန်သမ္မတ၊ ဂျပန်ဝန်ကြီးချုပ် တို့ဟာ အမေရိကန်ပြည်ထောင်စု ဒလဝဲပြည်နယ်မှာ စက်တင်ဘာလ ၂၁ရက်ကပြုလုပ်တဲ့ ထိပ်သီးညီလာခံအပြီး ပူးတွဲကြေညာချက်ထုတ်ရာမှာ အခုလို ဖော်ပြတာပါ။

ရခိုင်အပါအဝင် မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးဝါးလာတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်း စာနာမှုအကူအညီတွေကို ဘေးကင်းလုံခြုံစွာနဲ့ အတားအဆီးမရှိ ပေးအပ်နိုင်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပါဝင်ပတ်သက်သူတွေအားလုံးကြားမှာ အပြုသဘောဆောင်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကနေ အကျပ်အတည်းကိုဖြေရှင်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ဦးတည်ဖို့လည်း တောင်းဆိုထားပါတယ်။

ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကနေ ဆိုက်ဘာမှုခင်းတွေ၊ တရားမဝင်မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ လူကုန်ကူးမှုလို နိုင်ငံဖြတ်ကျော် မှုခင်းတွေ တိုးမြင့်လာတာအပါအဝင် ပြင်းထန်တဲ့ဂယက်ရိုက်မှုတွေ ဒေသတွင်းမှာ ဖြစ်ပွားစေခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

……………………………………..

ချင်းတော်လှန်ရေးတပ်တွေကြား လက်နက်နဲ့မဖြေရှင်းဖို့ သဘောတူ

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ပြဿနာတွေကို လက်နက်နဲ့ မဖြေရှင်းကြဖို့ သဘောတူခဲ့ကြပါတယ်။

အိန္ဒိယအခြေစိုက် ZORO အဖွဲ့ရဲ့ ကမကထလုပ်မှုနဲ့ ချင်းတော်လှန်ရေးအဖွဲ့နှစ်ခုဖြစ်တဲ့ ချင်းပြည်နယ်အစိုးရ/ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကြားကာလချင်းအမျိုးသားကောင်စီ/ချင်းညီနောင်အဖွဲ့ တို့ စက်တင်ဘာလ ၂၁ ရက်က မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့မှာ တွေ့ဆုံဆွေးနွေး သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ပြဿနာတွေကို လက်နက်နဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အပါအဝင် အချက်ငါးချက်ကို သဘောတူခဲ့တာလို့ ဆိုပါတယ်။ မတူပီမြို့သိမ်းတိုက်ပွဲအပြီးမှာ ချင်းလက်နက်ကိုင် နှစ်ဖက်တပ်ဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေကြတာကို ဆွေးနွေးအဖြေရှာခဲ့ကြတာဖြစ်ပါတယ်။

သဘောထားကွဲမှုတွေ ရှိနေသေးတာကိုလည်း ဆက်လက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

CNF မှာ သက်တမ်းရင့် ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ချင်းညီနောင်အဖွဲ့ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပေါ်ပေါက်လာတာပါ။ ချင်းညီနောင်အဖွဲ့ကို ချင်းတော်လှန်ရေးအင်အားစု အဖွဲ့ခြောက်ဖွဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။

……………………………………..