ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာအနီးရှိ ကျားကပ်အော် (အလုပ်စခန်းနေရာ) တွင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်က အမျိုးသားတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ဥယျာဉ်ခြံအတွင်း သေဆုံးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အသက် ၅၀ ဝန်းကျင်အရွယ် ဦးစိုးမြင့်သည် ဥယျာဉ်ခြံအတွင်းသို့သွားရာက ထမင်းစားချိန် နေအိမ်သို့ ပြန်မလာသဖြင့် ဇနီးဖြစ်သူက လိုက်လံကြည့်ရှုချိန်တွင် ပြတ်ရှဒဏ်ရာများဖြင့် သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“သူ့မယားက ထမင်းစားချိန် ပြန်မလာလို့ လိုက်သွားချိန်မှာ သေနေပြီ။ သူတို့ထင်တာက စောစောပိုင်း (မနက်ပိုင်း) က ဖြစ်တာဖြစ်မှာ။ သူတို့တွေ့တဲ့အချိန်ဆိုရင် သွေးက မခြောက်သေးဘူးဆိုတော့” ဟု ၎င်းက ပြောသည်။
ထိုသို့ သေဆုံးနေသည့်အတွက် ကရသူရိမြို့ရှိ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သော်လည်း လာရောက် စစ်ဆေးခဲ့ခြင်းမရှိကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
“သူတို့က ကရသူရိက ရဲတွေကိုခေါ်တဲ့အချိန်မှာ ကောင်းသလိုပဲ ကြည့်လုပ်လို့ ပြောလိုက်တယ်တဲ့။ မဆင်းလာဘူးပေါ့” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ရုပ်အလောင်းအား စက်တင်ဘာလ ၂၇ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။
ဥယျာဉ်ခြံအတွင်း ဦးစိုးမြင့် မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ခံရသည်ကို မသိရသေးပေ။
ပြီးခဲ့သည့် လပိုင်းကလည်း အဆိုပါရွာတွင် အမျိုးသားတစ်ဦး နေအိမ်ပေါ်တွင်ပင် ဓားဖြင့် ခုတ်သတ်ခံရဖူးကြောင်း ဒေသခံအချို့ထံမှ သိရသည်။