BREAKING
January 12, 2025

နှစ် ၄၀ ကျော်တပ်စွဲထားသည့် တနင်္သာရီက သိန္ဒေါစခန်းကို စစ်ကောင်စီတပ်စွန့်ခွာ

September 28, 2024

ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန တိုင်းစစ်ဌာန(တနင်္သာရီ)

နှစ်ပေါင်း ၄၀ ကျော်ကြာ တပ်စွဲထားသည့် တနင်္သာရီမြို့နယ်က သိန္ဒေါရွာက စခန်းကို စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က စွန့်ခွာသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တိုင်းစစ်ဌာန(တနင်္သာရီ)က ထုတ်ပြန်သည်။

အဆိုပါစခန်းသည် ၁၉၈၀ ခုနှစ်ခန့်ကတည်းက သိန္ဒေါရွာတွင် အခြေစိုက်တပ်စွဲခဲ့သည့် ရှေ့တန်းစခန်းတစ်ခုဖြစ်သည်ဟု တိုင်းစစ်ဌာန(တနင်္သာရီ)က စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ထားသည်။

ထိုစခန်းမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊ လေကေစခန်းနှင့် ပွိုင့် ၃၀၀၀ စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေသည့် အဓိကျသည့် စခန်းဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ထိုင်း-မြန်မာနယ်စပ်က ပွိုင့် ၃၀၀၀ စခန်းနှင့် နယ်စပ်စခန်းများမှာလည်း ပြန်လည်ဆုတ်ခွာကုန်ပြီဖြစ်သဖြင့် သိန္ဒေါစခန်းမှာ ယင်းနယ်မြေတွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီစခန်းတစ်ခုဖြစ်သည်ဟု တိုင်းပကဖ တာဝန်ခံ ရဲဘော်စတားက ဆိုသည်။

“အဖက်ဖက်က ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် ရေရှည်မှာအဲ့ဒီစခန်းသည် သူတို့ရပ်တည်နေဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီစခန်းကို ဆုတ်ခွာသွားတယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်ဗျ” ဟုရဲဘော်စတားက ပြောသည်။

သတ္ထုမိုင်းလုပ်ကွက်များရှိသည့် ယင်းစခန်းတွင် မြိတ်အခြေစိုက် ခလရ ၁၀၁ က အခြေချတပ်စွဲထားပြီး ဆုတ်ခွာသွားသည့်အင်အား ၁၅၀ ခန့်ရှိသည်ဟု သိရသည်။

ဆုတ်ခွာချိန်တွင် ဘတ်ဟိုးကားနှစ်စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားခဲ့ပြီး အရာရှိစီးသည့် ကားတစ်စီးကို နယ်မြေရှင်းလင်းချိန်တွင် တွေ့ရသည်ဟု ရဲဘော်စတားက ဆိုသည်။

ယင်းစခန်းမှာ စစ်ကောင်စီအတွက် အရေးပါသဖြင့် ယခင်က ပြင်းပြင်းထန်ထန် ခုခံကာကွယ်ခဲ့သည့် စခန်းတစ်ခုလည်း ဖြစ်သည်။ယခုနှစ် ဧပြီလ ၂၃ ရက်မှ မေလ ၈ ရက်အထိ သိန္ဒေါစခန်းကို တော်လှန်ရေးအဖွဲ့များက ၁၆ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်ပြန်လည် တိုက်ခိုက်ခုခံကာကွယ်ခဲ့သည်။

“ပဲဒက်စခန်းနဲ့ အပြိုင်ပဲ ကျွန်တော်တို့ဝင်တိုက်တာ၊ ကျွန်တော်ကိုယ်တိုင်ပါတယ်၊ အဲ့ဒီတုန်းက စခန်းက ကျလုကျခင်ဖြစ်သွားတယ်။ ကျလုကျခင်မှာ ကျွန်တော်တို့ဘက်က ခဲယမ်းလက်နက်ကုန်တဲ့အချိန်နဲ့ သူတို့က လေကြောင်းဖိအားများတာနဲ့ ပြီးတော့စစ်ကူက မီသွားတာနဲ့ အဲ့ဒီစခန်းကျခါနီးမှာ ကျွန်တော်တို့လက်လွတ်ခဲ့ရတယ်” ဟု မြိတ်ခရိုင် တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ခံ ကိုနေနိုင်ဦးက ပြောသည်။

ယင်းတိုက်ပွဲပြီးကတည်းက ယခုအထိ ၄ လကျော်ကြာ သိန္ဒေါစခန်းအပါအဝင် ယင်းနယ်မြေတစ်ခုလုံးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ထားသည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂)၏ လချီကြာ ပိတ်ဆို့တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်းမရှိတော့သဖြင့် စခန်းစွန့်ခွာသွားခြင်းဖြစ်သည်ဟု တိုင်းစစ်ဌာန(တနင်္သာရီ)ထုတ်ပြန်ချက်က ဆိုသည်။

သိန္ဒေါစခန်းသည် တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက်မှုကို မပြတ်ခံနေရခြင်း၊ စစ်ကူနှင့် ရိက္ခာအလွယ်တကူမရောက်နိုင်ခြင်း၊ ရာသီဥတုဆိုးရွားသည့်ကာလတွင် လေကြောင်းပစ်ကူ မရနိုင်ခြင်းတို့ကြောင့် စခန်းကို လက်လွှတ်သွားခြင်းဟု ရဲဘော်စတားက သုံးသပ်သည်။

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်ပူးပေါင်းစစ်ကြောင်း(၂) ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးကလည်း “သိန္ဒေါစခန်းက ဒီပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေနဲ့ တော်တော်အလှမ်းကွာတယ်၊ အဲ့ဒါကြောင့် ဒီဘက်မှာ တစ်စုတစ်စည်းတည်းပြန်နေဖို့အတွက် အင်အားပူးပေါင်းတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

စခန်းဆုတ်ခွာခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လမ်းတလျောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ယခုရက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။