BREAKING
February 27, 2025

ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

September 28, 2023

ပုံစာ - ညောင်ပင်ကွင်းတံတားကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ယနေ့မနက် ဝင်ရောက်တိုက်ခိုက်စဥ်။ ဓာတ်ပုံ - ဘက်မလိုက်ပြောက်ကျားအဖွဲ့။

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချ စစ်ဆေးနေသည့် ညောင်ပင်ကွင်းရွာတံတား စစ်ဆေးရေးဂိတ် ယနေ့မနက် အာရုံတက်ချိန်တွင် တိုက်ခိုက်ခံရပြီး နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ထံမှသိရသည်။

“မိုးတောင်မလင်းသေးဘူး သေနတ်သံ တွေကြားရတာ။ ၅၆၁ စစ်ကောင်စီတပ်ဖက်က နှစ်ဦးကျတယ်လို့ လောလောဆယ်ကြားရတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။အတိကျတော့ အတည်မပြုနိုင်သေးဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသား ကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။

ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်ကို မြိတ်ခရိုင်တပ်ရင်း ၂ ၊ဘက်မလိုက်ပြောက်ကျားအဖွဲ့ (တနင်္သာရီ ပကဖ) နှင့် SWDF (တနင်္သာရီ ပကဖ)ပူးပေါင်းအဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်ဟု ဘက်မလိုက် ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော်ယင်းသေဆုံးမှုများအပေါ်  Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ညောင်ပင်ကွင်းအရှေ့ကမ်းနှင့်အနောက်ကမ်းဆက်သွယ်ထားသည့် ယင်းတံတားတိုက်ခိုက်ခံရမှု ယခုအကြိမ်ထိ ငါးကြိမ်ထပ်မနည်းရှိခဲ့ပြီဟု ဒေသခံတစ်ဦးကပြောသည်။