BREAKING
October 18, 2024

‘အိမ်မှာပဲနေ’ မြို့နယ်များမှ လာသူများ ကွာရန်တင်းဝင်ရမည်

September 28, 2020

ထားဝယ်မြို့အတွင်းရှိ စောင့်ကြည့်စခန်းတစ်ခုကို တွေ့ရစဉ်

နေအိမ်မှာပင်နေရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် မြို့နယ်များမှ တနင်္သာရီတိုင်းအတွင်းသို့ လာရောက်ပါက စောင့်ကြည့်စခန်းတွင် သတ်မှတ်ရက်အတိုင်းနေရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ညွှန်ကြားလိုက်သည်။

ယခင်က ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်မှ လာရောက်သူများသာ စောင့်ကြည့်စခန်းတွင်နေထိုင်စေရာမှ စက်တင်ဘာလ ၂၈ ရက်နေ့မှစတင် ယင်းကဲ့သို့ တိုးမြင့်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်အပြင် မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့ကို နေအိမ်မှာပင်နေရန် Stay at Home မြို့နယ်များအဖြစ် စက်တင်ဘာလ ၂၅ ရက်နေ့က သတ်မှတ်ထားသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်၊ မန္တလေးတိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံနှင့် အမရပူရမြို့နယ်တို့ကို Stay at Home သတ်မှတ်ထားသည်။ ယင်းအပြင် ပဲခူးတိုင်းတွင် ကဝမြို့နယ်၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်၊ ဧရာဝတီတိုင်းတွင် ပုသိမ်မြို့နယ်၊ဖျာပုံမြို့နယ်နှင့် မအူပင်မြို့နယ်တို့ကိုလည်း သတ်မှတ်ထားသည်။

“တရားဝင်ကြေညာထားတဲ့ မြို့နယ်တွေအားလုံး ကွာရန်တင်း ဝင်ရမယ်”ဟု တိုင်းကိုဗစ်ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

အထက်ပါ မြို့နယ်များမှ လာရောက်ပါက စောင့်ကြည့်စခန်းတွင် ၁၄ ရက်ကြာနေထိုင်ရမည်ဖြစ်ပြီး ဓာတ်ခွဲနမူနာ နှစ်ကြိမ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းကိုဗစ်ကော်မတီက ထုတ်ပြန်ထားသည်။ ဓာတ်ခွဲရာတွင် ပိုးမတွေ့ပါက နေအိမ်တွင် ခုနစ်ရက်ကြာ စောင့်ကြည့်နေထိုင်ရမည်ဖြစ်သည်။

Stay at Home မသတ်မှတ်ထားသည့် မြို့နယ်များမှ လာရောက်ပါက မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုခံယူရမည် ဖြစ်ပြီး ရောဂါသံသယမရှိမှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Dawei Watch