ကိုဗစ်ကပ်ဘေးကြောင့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းခွင့်မပြုတော့ကြောင်း ကြေညာချက်ကို အချိန် နီးကပ်မှထုတ်ပြန်သည့်အတွက် စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအနေနှင့် အခက်တွေ့ရကြောင်း ယင်းဆိုင်ရှင်အချို့ထံမှ သိရသည်။
ဆိုင်ထိုင်စားသောက်ခြင်း အပါအဝင် ဆိုင်အနီးပတ်ဝန်းကျင်တွင် ဝိုင်းဖွဲ့ စားသောက်ခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ ခွင့်မပြုတော့ကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့စွဲဖြင့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယင်းထုတ်ပြန်ချက်ကို လက်ဖက်ရည်ဆိုင်ရှင်အများစုက စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲ အထိ မသိကြသေးပေ။
ယင်းဆိုင်များအနေနှင့် ဆိုင်တွင် ရောင်းချရန် ပစ္စည်းအမယ်များကို ကြို တင်ပြင်ဆင်(ဈေးပစ္စည်းများ ကြိုတင် ဝယ်ယူထားရ)ပြီး ဆိုင်ထိုင်ရောင်းခွင့်မရှိကြောင်း အချိန်မီ မသိရသည့်အတွက် နစ်နာမှုများ ကြုံတွေ့ရကြောင်း ထားဝယ်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။
“အခုချက်ချင်း စာထွက်။ အခုပိတ် တာမျိုးက မဖြစ်သင့်ဘူးလေ” ဟု အထက်ပါ အမျိုးသားက ပြောသည်။
ပါဆယ်စနစ်ဖြင့် ရောင်းချပါက ဝယ်ယူစားသောက်သူနည်းကာ ရောင်းအားကျလေ့ရှိကြောင်း ၎င်းက ဆိုသည်။
ကိုဗစ်ပထမလှိုင်းကူးစက်ချိန်ကလည်း ယင်းကဲ့သို့ တားမြစ်ခဲ့ဖူးပြီး စည်ပင်သာယာရေးအဖွဲ့က အကြောင်း ကြားစာပို့လာသည်ဟု အခြားလက်ဖက် ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းကြေညာချက်ထွက်ရှိသည့် နေ့၊ ညနေ ၆ နာရီဝန်းကျင်အထိ အဆိုပါ အကြောင်းအရာကို မသိရသေးဟု ၎င်းက ဆိုသည်။
Dawei Watch