BREAKING
January 14, 2025

တိုက်ပွဲပြင်းထန်နေသည့် ကြာအင်းဆိပ်ကြီးတွင် ဒေသခံထောင်နှင့်ချီထွက်ပြေးနေရ

August 28, 2024

ပုံစာ - တောထဲတွင် တိမ်းရှောင်နေကြသည့် လွတ်ရှမ်းဒေသခံများ။ ဓာတ်ပုံ - လွတ်ရှမ်းရွာ လူမှုကွန်ရက်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာနှင့် အနီးတဝိုက်တွင် နှစ်ပတ်ကျော်ကြာလာသည့်ထိ တိုက်ပွဲပြင်းထန်နေပြီး ထောင်နှင့်ချီသည့် ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

အနင်းကွင်းကျေးရွာ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်း တပ်ဖွဲ့တို့က ဩဂုတ်လ ဒုတိယအပတ်အတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။

တိုက်ပွဲဖြစ်နေသည့် အနန်းကွင်းနှင့် အနီးအနားတစ်ဝိုက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်တိုက်ခိုက်နေပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲကလိတပ်နယ်ကလည်း လက်နက်ကြီးဖြင့်လည်း လှန်းပစ်နေသည့်အပြင် ဒရုန်းဖြင့်လည်း လာရောက် ပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထို့ကြောင့် အနန်းကွင်းနှင့် အနီးနားရှိ လွတ်ရှမ်း၊ ဖားပြ၊ သံပုရာ အပါအဝင် ကျေးရွာ ခုနစ်ရွာထက်မနည်းက ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့က ဆိုသည်။

“တောထဲ၊ တောင်ထဲ ထွက်ပြေးကြတဲ့လူတွေက များတယ်။ တချို့ကလည်း တခြားရွာမှာရှိနေတဲ့ သူတို့ဆွေမျိုးတွေ အသိတွေ ဆီကို ထွက်သွားကြတာလည်းရှိတယ်။ အနန်းကွင်း၊ လွတ်ရှမ်းဆိုရင် တစ်ရွာလုံးပဲ၊ ဘယ်သူမှ ရွာမှာမနေရဲဘူး။ လေယာဉ်နဲ့ လည်း ပစ်တယ်။ လက်နက်ကြီးနဲ့ လှန်းပစ်နေတယ်” ဟု ထွက်ပြေးနေရသည့် အနန်းကွင်းဒေသခံတစ်ဦးက ပြောသည်။

KNLA နှင့် ပူးပေါင်းတပ်တို့က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း အနန်းကွင်း ဗျူဟာ တပ်စခန်းနှင့် လွတ်ရှမ်းကျေးရွာရှိ အထိုင်ချတပ်စခန်း မကျရေးအတွက် လေကြောင်းဖြင့်ပါ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက် နေကြောင်း ဒေသတွင်းက စစ်ရေးအခြေအနေသိရှိသူတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနန်းကွင်းကျေးရွာတစ်ရွာလုံးနီးပါးရှိ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိသည့်အပြင် လွတ်ရှမ်းရွာ ဘုန်ကြီးကျောင်းနှင့် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအနက် တောင်စွန်းတပ်စခန်းကို KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယခုဒုတိယအနေဖြင့် အနန်းကွင်းဗျူဟာတပ်စခန်းကို သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေခြင်း ဖြစ်သည်။

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းပေါ်ရှိ အနန်းကွင်းရွာသည် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် မိုင် ၄၀ ကျော် သာ ကွာဝေးပြီး အနန်းကွင်းဗျူဟာတပ်စခန်းကိုသာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်မည်ဆိုပါက ထိုင်းနယ်စပ် ဘုရားသုံးဆူမှ မွန်ပြည်နယ်ထိကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြည့်အဝထိန်းချုပ်နိုင်မည်ဖြစ်သည်။