BREAKING
January 14, 2025

မဲပေါက်၍ စစ်မှုထမ်းရသူတစ်ဦး မြိတ်ခရိုင်တပ်ရင်းတွင် လာရောက်ခိုလှုံ

August 28, 2024

ပုံစာ - မြိတ်ခရိုင် တပ်ရင်း(၁) တွင် ခိုလှုံလာသူ

စစ်မှုထမ်း သင်တန်းဆင်းထားသည့် မြိတ်ဒေသခံအမျိုးသားတစ်ဦး ဩဂုတ်လ ၂၆ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင် တပ်ရင်း (၁) တွင် လာရောက်ခိုလှုံကြောင်း ယင်းတပ်ရင်းက ဩဂုတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းအမျိုးသားသည် ၎င်းနေထိုင်ရာ မြိတ်မြို့ပေါ်ရပ်ကွက်တွင် စစ်မှုထမ်းရန်မဲပေါက်သဖြင့် ယခုနှစ် ဧပြီလတွင် ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ၁၂ ပတ်ကြာ စစ်သင်တန်းတက်ခဲ့ရကြောင်း ကာယကံရှင်အားကိုးကား၍ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းနောက် ရေးမြို့‌နယ်၊ အာယုတောင်အခြေစိုက် အမှတ် ၅၈၇ ‌စစ်ကောင်စီခြေမြန်တပ်ရင်းသို့ ပို့ဆောင်ခဲ့ရကာ နှစ်လကြာ စစ်မှုထမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူတို့ စစ်မှုထမ်းသင်တန်း အစတုန်းက ပြောတာရှိတယ်။ ဘယ်နေရာမှ မပို့ဘူး။ ကိုယ့်မြို့ကိုယ့်ရွာပဲ တာဝန်ထမ်းရမယ်။ ဒါပေမဲ့ သင်တန်းပြီးတော့ သူကိုယ်တိုင်က ရေးကို အပို့ခံလိုက်ရတယ်။ အခြားနေရာတွေ ပို့ခံရတာလည်းရှိတယ်။ ရှေ့တန်းရောက်တဲ့လူလည်းရှိတယ်” ဟု ခိုလှုံလာသူအမျိုးသား၏ ဖြေကြားချက်ကို ကိုးကား၍ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်အာနိုးက ပြောသည်။

ယင်းအမျိုးသားသည် စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းရပြီး နှစ်လအကြာတွင် မြိတ်ခရိုင် ပကဖထံ ခိုလှုံလိုသည်ဟု ဆက်သွယ်လာသဖြင့်ပြီးနောက် စိစစ်ကာ လက်ခံခဲ့ကြောင်း ရဲဘော်အာနိုးက ဆိုသည်။

“သူ့အစီအစဉ်နဲ့သူပဲ ကိုယ်လွတ်ရုန်းပြီးပြေးလာတယ်။ အခုကတော့ ကျွန်တော်တို့တပ်ရင်းမှာပဲ ခိုလှုံခွင့်ပြုထားတယ်” ဟု ၎င်းက ပြောဆိုသည်။

မြိတ်ခရိုင် တပ်ရင်း ၁ ဖွဲ့စည်းတည်ထောင်ပြီးနောက်တွင် စစ်ကောင်စီ ကြည်းတပ်က တပ်ကြပ်တစ်ဦး၊ ရဲဘော်နှစ်ဦးနှင့် ရေတပ်က တပ်ကြပ်တစ်ဦး စုစုပေါင်းလေးဦး ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အသက်သွင်းကာ လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခေါ်ခဲ့သည်။

တနင်္သာရီတိုင်းတွင်လည်း စစ်မှုထမ်းသင်တန်းတက်ရန်အတွက် အမည်စာရင်းဆင့်ခေါ်ခြင်း ၊ မဲနှိုက်ရွေးချယ်ခြင်း ၊ လမ်းခရီးများတွင် ဖမ်းဆီး၍ အဓမ္မစုဆောင်းခြင်း နှင့် ထိုင်းနိုင်ငံပြစ်ဒဏ်ကျခံ၍ ပြန်ပို့ခံရသူများထဲမှ အဓမ္မစုဆောင်းခြင်း တို့ဖြင့် အင်အားစုဆောင်းနေကြောင်း သတင်းမှတ်တမ်းများအရသိရသည်။