BREAKING
October 18, 2024

ထိုင်းမြေအောက်ရထားလမ်းမြေပြိုမှုတွင် မြန်မာလုပ်သားကို အသက်ရှင်လျက်တွေ့

August 28, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စမြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသူ သုံးဦးအနက် ထရပ်ကားမောင်းသမား မြန်မာနိုင်ငံသားကို ယနေ့ ဩဂုတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် အသက်ရှင်လျက် တွေ့ရှိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၄ ရက်နေ့ ညတွင် မြေအောက်ရထားလမ်းလုပ်ငန်းခွင် ပြိုကျပြီးနောက် ပိတ်မိနေသူသုံးဦးကို ကယ်ဆယ်ရေး ဆက်တိုက်လုပ်ဆောင်နေခဲ့ရာ သုံးရက်ကျော်အကြာတွင် မြန်မာနိုင်ငံသားကို ထရပ်ကားထဲတွင် အသက်ရှင်လျက် ပြန်တွေ့ခြင်းဖြစ်သည်။

ထရပ်ကားကို စတင်တွေ့ရှိချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များက ကားမှန်ကို ခေါက်ခဲ့ရာ အထဲက ပြန်ခေါက်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များက ဆေးအဖွဲ့ကို အရေးပေါ်ခေါ်ယူခဲ့ပြီး ဆေးဝါးနှင့် အစားအသောက်များဖြင့် ကနဦး ကုသပေးကာ အပြင်သို့ ကယ်ထုတ်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ရှေးဦးပြုစုကုသပေးပြီး မြန်မာနိုင်ငံသား၏ အခြေအနေကို စောင့်ကြည့်ကာ အရေးပေါ်ကားဖြင့် ပြန်ခေါ်ထုတ်၍ အဆင်သင့်စောင့်နေသော ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။

ရဟတ်ယာဉ်ကိုလည်း နီးစပ်ရာနေရာတွင် အဆင့်သင့်ရပ်ဆိုင်းထားစေပြီး မဟာရတ်နခွန်ရတ်ချ်စီမားဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း ဆိုသည်။

လက်ရှိတွင် ပိတ်မိနေသော တရုတ်နိုင်ငံသားနှစ်ဦး ကျန်နေသေးပြီး တစ်ဦးသည် မြန်မာနိုင်ငံသားနှင့် ရှစ် မီတာအကွာတွင် လည်းကောင်း နောက်တစ်ဦးသည် ၁၄ မီတာအကွာတွင်လည်းကောင်း ရှိနေကြကြောင်း ဖော်ပြသည်။

Ref: Khoasod Online, Thai Enquirer, The Nation Thailand