လောင်းလုံးမြို့နယ် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၁၀၄ အနီး ဩဂုတ်လ ၂၈ ရက်နေ့ ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှု တွင် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဗထူးတပ်မတော် BHA က ထုတ်ပြန်သည်။
ယနေ့ နံက် ၇ နာရီခွဲကျော်တွင် ခလရ ၁၀၄ က ကျောင်းကား အသွားအပြန်အတွက် လမ်းကင်းလုံခြုံရေးယူပေးရန် ထွက်လာသည့် စစ်ကောင်စီတပ်သားသုံးဦးကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုတိုက်ခိုက်မှုအတွင်း MA1၊ MA2 သေနတ်နှစ်လက်နှင့် ကျည်ဆံ ၃၇၀ တောင့်၊ ကျည်ဘောက် ၈ခု၊ 40mm ဗုံးသီး သုံးလုံး၊ လက်ပစ်ဗုံး တစ်လုံး၊ အီနာဂါ ဗုံးသီး သုံးလုံး၊ စကားပြောစက် တစ်လုံး၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့ကို သိမ်းဆည်းရမိကြောင်း ဖော်ပြသည်။
“ကျွန်တော်တို့ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ လူထုကိုကျတော့ စစ်ကောင်စီတပ်သား ဂိတ်စခန်းတွေ အနီးအနားသွားရင် စစ်ရေးသတိနဲ့ သွားလာနေထိုင်ဖို့ အတွက် ကျွန်တော်တို့အနေနဲ့ အမြဲတမ်းတိုက်တွန်း ထားတယ်” ဟု ဗထူးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် ခလရ ၁၀၄ ရှေ့တွင် စစ်ကောင်စီက ဘယ်ရီဂိတ်များချပြီး ခရီးသွားပြည်သူများကို စစ်ဆေးခဲ့ သေးသော်လည်း ညနေပိုင်းတွင် ခရီးသွားဒေသခံပြည်သူများပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း ခရီးသွားဒေသခံများထံမှ သိရသည်။