BREAKING
September 19, 2024

ထိုင်းရောက်မြန်မာလုပ်သားများထံမှ အခွန်ရရှိရေး အပူတပြင်းလုပ်နေသည့် စစ်ကောင်စီအဖွဲ့ ဖူးခက်မြေပြိုမှုတွင် လာရောက်ခြင်းမရှိ

August 28, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြေပြိုမှုကြောင့် သေဆုံးခဲ့သော ထားဝယ်ဒေသခံများအနက် အချို့ကို ယနေ့ နေ့လယ်ပိုင်း သင်္ဂြိုဟ်လိုက်ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက လာရောက်ခြင်းမရှိကြောင်း သိရသည်။

ထိုင်းရောက်မြန်မာ အလုပ်သမားများထံမှ အခွန်ရရှိရေးသာ နည်းမျိုးစုံဖြင့် အပူတပြင်း လုပ်ဆောင်နေသည့် စစ်ကောင်စီအဖွဲ့မှာ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အရေးကိုထိထိရောက်ရောက် ကူညီပေးလေ့မရှိဟု အလုပ်သမားများထံမှ သိရသည်။

“ဘယ်မှာလဲ သူတို့။ အခုအလောင်းတောင် သင်္ဂြိုဟ်ပြီးနေပြီ။ ပန်းကုံးလေးတောင်မပို့ပေးဘူး။ နစ်နာကြေးရအောင် ဆောင်ရွက်ပေးဖို့ဆိုတာဝေး။ နောက်မှ ကျွန်မတို့ကိုယ်တိုင် နစ်နာကြေးတွေ ရအောင် လိုက်ပြီး ဆောင်ရွက်ရအုံးမယ်” ဟု ထားဝယ်ဒေသခံ တစ်ဦးက ဆိုသည်။

ယခုမြေပြိုမှုဖြစ်စဉ်တွင်လည်း မြန်မာနိုင်ငံသားများ အသက်ဆုံးရှုံးမှုရှိနေသော်လည်း စစ်ကောင်စီ၏ ထိုင်းသံရုံးမှ သံအမတ်အပါအဝင် မြန်မာအလုပ်သမား သံအရာရှိများက လာရောက်တွေ့ဆုံပြီး ကူညီဆောင်ရွက်ပေးမှုမရှိသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံများထံမှ သိရသည်။

ထိုင်းရှိမြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိများမှာ မြန်မာအလုပ်သမားများကို ဒုက္ခပေးရန်သာရှိပြီး ကူညီဖို့ရန်ကိုမူ လက်တွန့်လေ့ရှိကြောင်း၊ စာရွက်စာတမ်း ကိစ္စများ လိုအပ်၍ သွားရောက်ချိန်တွင်လည်း အာဏာပါဝါပြလေ့ရှိပြီး အကူအညီမရသည့်အပြင် ကြောက်နေရကြောင်း အလုပ်သမားများကဆိုသည်။

ယခုလပိုင်းတွင် စစ်ကောင်စီက အလုပ်သမားများထံမှ အခွန်ရရှိရေးကို ပုံစံမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်နေပြီး အခွန်အကောက်များလွန်းသဖြင့် ထိုင်းရောက်မြန်မာလုပ်သားများမှာ အခက်အခဲများစွာကြုံနေကြရသည်။

သေဆုံးခဲ့သော အလောင်းများကို ဩဂုတ်လ ၂၆ ရက် ညနေပိုင်းတွင် ဆေးရုံမှ ထုတ်ယူခဲ့ပြီးနောက် ဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့ခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းတွင် သင်္ဂြိုဟ်နိုင်ရေးကိစ္စများ ဆက်လက်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့သူများအနက် ဦးကျော်ရင်အလောင်းကို ဝပ်တိုင်းဘုန်းကြီးကျောင်းတွင် ယနေ့နေ့လယ် ၁၂ နာရီအချိန်ခန့် သင်္ဂြိုဟ်ပြီးစီးပြီဖြစ်သော်လည်း မြန်မာသံရုံးဘက်က လာရောက်တွေ့ဆုံကူညီမှု မရှိသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ထားဝယ်ဒေသခံများ၏ သေဆုံးမှုနှင့်ပတ်သက်၍ နစ်နာကြေးကိစ္စများကို ထိုင်းအာဏာပိုင်များနှင့် မြန်မာသံရုံးဘက်က တာဝန်ရှိသူများကလည်း လာရောက်ဆွေးနွေးပြောကြားခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

ယနေ့တွင် နောက်ထပ် ကိုရာဇာထက်နှင့် မချိုယဉ်သန်းတို့၏ ရုပ်အလောင်းကို ကတဘုန်းကြီးကျောင်းများတွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

မအိအိဖြိုးလှိုင်ကို ကော့စေလီဘုန်းကြီးကျောင်းတွင် ထားရှိပြီး မနက်ဖြန် ကြာသပတေးနေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

မလဲ့လဲ့စန်း၊ မအိအိစန်းနှင့် ကိုအောင်ပိုင်ဖြိုးတို့၏ အလောင်းကို ဝပ်ချလွန်ဘုန်းကြီးကျောင်းတွင် ထားရှိထားပြီး လာမည် စနေနေ့တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားကြောင်း သိရသည်။

ကမြောကင်းဒေသခံ မမျိုးမြတ်မြတ်အေး၏ ရုပ်အလောင်းကို ရနောင်းရှိ ဘုံကျောင်းသို့ သယ်ဆောင်သွားကြောင်း သိရသည်။

သေဆုံးသူများသည် လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း ဇာတိဒေသခံများဖြစ်ကြသည်။