BREAKING
January 14, 2025

လောင်းလုံး ကျောက်ဆင်ရွာကို စစ်ကောင်စီ စစ်ကြောင်းဝင်

August 28, 2024

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ရွာကို ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းကကစပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်းဒေသခံများက ပြောသည်။

နံနက် ၇နာရီခွဲဝန်းကျင်တွင် ကျောက်ဆင်ရွာ‌ အနောက်ဘက်မှ ခြေလျင်စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“အိမ်တွေ ဝင်စစ်နေတယ်။ လူမရှိတဲ့ အိမ်တွေကျတော့ ရိုက်ဖွင့်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နံနက် ၁၀ နာရီခန့်တွင် စစ်ကြောင်းပြန်ထွက်သွားဟန်ပြကာ နောက်ထက်နာရီဝက်ခန့်အကြာတွင် ကားများဖြင့် ပြန်လည် ဝင်ရောက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

“လူရှိတဲ့ အိမ်တွေဆိုရင် တံခါးမပိတ်နဲ့ တံခါးဖွင့်ဖို့ပြောတယ်။ သူတို့ ရေဆာရင် ရေဝင်တောင်းသောက်သွားတယ်” ဟု ‌ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ယနေ့နံနက်ပိုင်းက ကျောက်ဆင်ရွာသားနှစ်ဦးကို ကနဦးဖမ်းဆီးခဲ့သော်လည်း နံနက် ၁၁နာရီဝန်းကျင်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကြောင်းမှာ နေ့လယ်ပိုင်းထဲ ရွာထဲတွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကြောင်းရောက်ရှိနေသောကြောင့် ဒေသခံပြည်သူအများစုမှာ နီးစပ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ တတိယပတ်ကစပြီး မောင်းမကန်လမ်းဆုံ ဓမ္မာရုံနှင့် အနီးအနားဝန်းကျင် တွင် ယာယီစခန်းချ တပ်စွဲနေထိုင်ပြီး ခရီးသွားပြည်သူများကို စစ်ဆေးလျက်ရှိသည်။