BREAKING
October 18, 2024

ထိုင်းတွင် လုပ်ငန်းခွင်ထဲသေဆုံးသော မြန်မာလုပ်သားအတွက် နစ်နာကြေးဘတ်ငါးသိန်းခွဲပေး

August 28, 2024

ပုံစာ - သေဆုံးသူ မြန်မာအလုပ်သမားအတွက် နစ်နာကြေးကို ဇနီးဖြစ်သူက ဩဂုတ်လ ၂၇ရက်တွင် ထုတ်ယူနေစဉ်။ ဓာတ်ပုံ - WAG

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် အလုပ်လုပ်ကိုင်နေရင်း သေဆုံးခဲ့သော မြန်မာအလုပ်သမား တစ်ဦးအတွက် မိသားစုဝင်များကို အလုပ်ရှင်က နစ်နာကြေး ဘတ် ငါးသိန်းခွဲပေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ကိုကျော်မင်းထက်သည် ဇူလိုင်လ ၂၄ ရက်နေ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ခေါင်မိုးပေါ် သွပ်ပြားများ ဆွဲတင်နေချိန် လေတိုက်ပြီး ခေါင်မိုးပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

သေဆုံးသူသည် အထောက်အထား မရှိဖြစ်နေသဖြင့် နစ်နာကြေးများရရှိရေး ကူညီဆောင်ရွက်ပေးရန် အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံ အကူအညီ တောင်းခံလာကြောင်း WAG ထံမှ သိရသည်။

WAG တာဝန်ရှိသူများက ရဲစခန်းတွင် အလုပ်ရှင်နှင့် သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့ရာ အလုပ်ရှင်ဘက်က မြန်မာအလုပ်သမား သေဆုံးမှုအတွက် နစ်နာကြေး ဘတ် ငါးသိန်းခွဲကို ပေးရန် သဘောတူခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

သေဆုံးသူ၏ နစ်နာကြေးများကို ဇနီးဖြစ်သူက ကိုယ်တိုင်ထုတ်ယူရမည်ဖြစ်သဖြင့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရဲစခန်းသို့ သွား၍ ထုတ်ယူနိုင်ခဲ့ကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

မြန်မာအလုပ်သမားတွင် အထောက်အထားမရှိသဖြင့် ကနဦးတွင် ထိုင်းအလုပ်ရှင်က နစ်နာကြေး ဘတ်ငါးသောင်းသာ ပေးမည်ဟုဆိုခဲ့သဖြင့် ထိုင်းနိုင်ငံဥပဒေအရ တောင်းဆိုခဲ့ရကြောင်း ၎င်းက ဆိုသည်။

“သေတဲ့သူမှာ ဘတ်ရှိရှိ မရှိရှိ ထိုင်းဥပဒေအရ လုပ်ငန်းခွင်မှာ ဆုံးသွားရင် ဘတ်ခြောက်သိန်းအထိ (နစ်နာကြေး) ရှိတယ်လေ။ ဒါကြောင့် အထောက်အထားမရှိပေမဲ့ သူတို့နိုင်ငံဥပဒေအတိုင်း ဘတ်ခြောက်သိန်းရဖို့ ညှိနှိုင်းတဲ့အချိန် သူတို့ဘက်က ဘတ်ငါးသိန်းခွဲနဲ့ ညှိတာအဆင်ပြေသွားတယ်ပေါ့” ဟု ၎င်းက ပြောဆိုသည်။

နစ်နာကြေးများကို အလုပ်ရှင်က ရဲတပ်ဖွဲ့များရှေ့တွင် လက်မှတ်ထိုး ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကိုမုန်တိုင်းက ဆိုသည်။

ထို့ကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများသည် အထောက်အထားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လုပ်ငန်းခွင်ထဲတွင် ထိခိုက်ဒဏ်ရာရခြင်းသို့မဟုတ် သေဆုံးခဲ့ပါက ထိုင်းဥပဒေအတိုင်း နစ်နာကြေး ရပိုင်ခွင့်ရှိကြောင်း ၎င်းက ပြောသည်။