BREAKING
January 15, 2025

တနင်္သာရီ ၆မိုင်ရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားအချို့ကို စစ်ကောင်စီတပ်ဖမ်းဆီး

August 28, 2024

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုရှိ၊ ၆မိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ် များအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဩဂုတ်လ ၂၅ရက်နေ့တွင် စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းက အင်အား ၁၀၀ခန့်ပါသည့် စစ်ကြောင်းသည် ဘန်လောကျေးရွာအုပ်စုရှိ ထုံတော်ရွာဘက်ကို စတင်စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် ဩဂုတ် ၂၆ရက် နေ့လယ်ပိုင်းတွင် ထုံတော်ရွာမှတစ်ဆင့် ဘန်လောကျေးရွာအုပ်စု ၆မိုင်ကျေးရွာကို ဆက်လက် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများနှင့် တပ်စခန်းများကလည်း လက်နက်ကြီး များဖြင့် ပစ်ကူပေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လက်ရှိ (ဩဂုတ်လ) ၂၈ရက်နေ့အထိ နှစ်ဖက် စစ်ရေးတင်းမာနေဆဲပါ။ စကစဘက်က လက်နက်ကြီးတွေနဲ့ ပစ်တာမျိုးတွေ ရှိတယ်” ဟု ၆မိုင်ရွာ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးပေ။

တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့ကတည်းက စစ်ကောင်စီတပ် နေရာယူထားသည့်နေရာအနီးတွင် ဒေသခံအချို့ပိတ်မိနေခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင်မှ ထွက်ပြေးလာနိုင်ကြောင်း ဒေသခံတို့က ဆိုသည်။

သို့ရာတွင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားအချို့ကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။

“၆မိုင်ရွာသားတချို့ရယ်၊ တနင်္သာရီမြို့ပေါ်ကနေ ဈေးလာရောင်းတဲ့ လူငယ်တွေကို ဖမ်းထားတာမျိုးရှိတယ်။ အမျိုးသမီး တွေလည်း ပါတယ်။ ဖုန်းတွေသိမ်းထားပြီး လက်နောက်ပြန်ကြိုးတုပ်ထားတယ်လို့သိရတယ်” ဟု မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

ဒေသခံအချို့ကမူ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ ငါးဦးရှိသည်ဟု ပြောဆိုကြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အဆိုအရ ဖမ်းဆီးခံထားရသူ ရှစ်ဦးရှိနေကြောင်း ဆိုသည်။

Dawei Watch အနေဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံအရေအတွက်ကို အတည်ပြုနိုင်ရန် ကြိုးပမ်း နေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းဆီးထားသည့်အခြေအနေနှင့်ပတ်သက်ပြီး မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ တာဝန်ခံကို ဆက်သွယ်မေးမြန်းရာ တိုက်ပွဲအခြေအနေကြောင့် အတည်ပြု၍မရသေးကြောင်း ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေချိန်တွင် တနင်္သာရီမြို့နယ်၊ ဗောဓိကမ်း တံတားကို စစ်ကောင်စီတပ်က ပိတ်ထားသဖြင့် လက်ရှိအချိန်အထိ ခရီးသွားကားများ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။