BREAKING
September 16, 2024

ကော့သောင်းလေယာဉ်ကွင်းတွင် ဒေသခံမဟုတ်သည့် ခရီးသည်များထံမှ ကျပ်သိန်းချီငွေညှစ်

July 28, 2024

ပုံစာ - အာဏာမသိမ်းမီက ကော့သောင်းလေဆိပ်အားတွေ့ရစဉ်။

ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့်လာရောက်သည့် အခြားမြို့ရွာမှဒေသခံများမှာ လေယာဉ်ကွင်းတွင် ကျပ်သိန်းချီငွေညှစ်ခံနေရကြောင်း ခရီးသည်အချို့က ပြောဆိုသည်။

လမ်းရှင်းကြေးပုံစံမျိုးဖြင့် တစ်ဦးလျှင် ကျပ်တစ်သိန်းငါး‌သောင်း၊ သုံးသိန်း စသဖြင့်ပေးနေရကြောင်း ကိုယ်တိုင်ငွေညှစ်ခံလိုက်ရသူများက Dawei Watch သို့ပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့က လေကြောင်းခရီးဖြင့် ကော့သောင်းမြို့သို့ သွားရောက်ခဲ့သည့် ထားဝယ်မြို့နယ်မှ အမျိုးသားတစ်ဦးကလည်း မှတ်ပုံတင်သိမ်းထားပြီး ပြန်ထုတ်မပေးသဖြင့် ကျပ်တစ်သိန်း ငါးသောင်းဖြင့် ရွေးခဲ့ရကြောင်း ပြောဆိုသည်။

“မှတ်ပုံတင်ထုတ်မပေးဘဲ ဟိုရစ်၊ ဒီရစ်၊ ဟိုမေး၊ ဒီမေးမေးနေတာ။ ဘယ်သွားမှာလဲ၊ ဘယ်နေရာလဲ စုံနေတာပဲ။ ပိုက်ဆံပေးလိုက်မှပဲ နားအေးတော့တယ်” ဟု ၎င်းကဆိုသည်။

အလားတူ ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားမည့်သူများမှာလည်း မိမိကိုယ်တိုင် လေယာဉ်လက်မှတ်ဝယ်မရဘဲ ပွဲစားမှတစ်ဆင့် လက်မှတ်ဝယ်နေ‌ရကြောင်းဆိုသည်။

လေယာဉ်လက်မှတ်ဖိုးတွင် ကော့သောင်းလေယာဉ်ကွင်းအတွင်း လမ်းရှင်းစာရိတ်ပါ ထည့်သွင်းထားကြောင်း ကိုယ်တိုင်ကြုံဖူးသူတို့က ပြောသည်။

“ကျွန်မတို့တုန်းကတော့ တစ်ယောက်ကို နှစ်သိန်း(ကျပ်) ပေးရတယ်။ လေယာဉ်လက်မှတ်ဖိုးထဲ ပေါင်းထည့်ပြီးပေးရတာ” ဟု ဇွန်လကုန်ပိုင်းက ကော့သောင်းမြို့မှ ထိုင်းသို့ထွက်ခွာသွားသူ အမျိုးသမီးတစ်ဦးက ဖုန်းကတစ်ဆင့် ဖြေဆိုသည်။

အဆိုပါအမျိုးသမီးမှာ လမ်းရှင်ကြေးပေးထားပြီးဖြစ်သောကြောင့် ‌ကော့သောင်းလေဆိပ် အရောက်တွင် မှတ်ပုံတင်စစ်ဆေးပြီးသည်နှင့် ချက်ချင်းလွှတ်လိုက်သော်လည်း ကျန်ခရီးသည်အချို့ကိုမူ မှတ်ပုံတင်မပေးဘဲ လဝက အရာရှိတို့က သိမ်းထားသည်ကိုလည်း မြင်တွေ့ခဲ့ရကြောင်း ပြောဆိုသည်။

လမ်းရှင်းကြေး တစ်နည်းအားဖြင့် လာဘ်ထိုးငွေများကို လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများက တရားမဝင် ကောက်ခံနေခြင်းဖြစ်ကြောင်း ခရီးသည်တို့က ပြောဆိုကြသည်။

နောက်ကွယ်တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဝေစုခွဲပေးရကြောင်း ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် အလုပ်သမားပို့ဆောင်နေသူ ပွဲစားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဈေးဆစ်ကြည့်တော့ သူတို့( လေဆိပ်လဝက အရာရှိ) တွေပြောတာက စစ်တပ်ကိုလည်း ဝေစုပေးရလို့ (ကျပ်)နှစ်သိန်းလောက်မှ ရမယ်ဆိုပြီးပြန်ပြောတယ်ဗျ။ အဲဒါက သူတို့ပြောတဲ့စကားပေါ့။ ပေးရလား၊ မပေးရဘူးလားတော့ ကျွန်တော်လည်း သေချာမသိဘူးခင်ဗျား” ဟု ၎င်းပွဲစားကဆိုသည်။

လေဆိပ်လဝက အရာရှိများဖြင့် မကြာခဏပြောဆို ဆက်ဆံနေရသူ လူရင်းများမှာ ကျပ်ငွေတိုက်ရိုက်ပေးသည်ကို လက်ခံသော်လည်း သူစိမ်းဆိုပါက Kpay၊ Wave Money ကဲ့သို့သော အွန်လိုင်းငွေလွဲစနစ်ဖြင့် ပေးချေရသည်ဟုဆိုကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန် မြင့်တက်လာနေသဖြင့် အခက်ကြုံနေရသည့်အပြင် လမ်းရှင်းစာရိတ်ပါ ထပ်တိုးပေးနေရခြင်းဖြစ်သည်။

လက်ရှိတွင် ထားဝယ်-ကော့သောင်း လေယာဉ်လက်မှတ်ဈေးနှုန်းမှာ ကျပ်လေးသိန်းနီးပါး (၃၈၃၀၀၀ ကျပ်) ကျသင့်ပြီး လမ်းရှင်းကြေး နှစ်သိန်းကျပ် ထပ်ပေါင်းပါက ကျပ်ခြောက်သိန်းနီးပါး ကုန်ကျနေခြင်းဖြစ်သည်။