လက်ရှိကမ္ဘာမှာ ဆင်းရဲတဲ့ နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးပြဿနာကြီးတစ်ခုဟာ ဆိုးရွားစွာနဲ့ လျစ်လျူရှုခံနေရပါတယ်။ တစ်နှစ်မှာ လူပေါင်း ၄ သန်းလောက်ကို အချိန်မတိုင်ခင် စောစောစီးစီး အသက်နုတ်ယူနေတဲ့ အသံတိတ်လူသတ်သမားဟာ ကျွန်တော်တို့ရဲ့ မီးဖိုချောင်ထဲမှာ အခန့်သား စောင့်ဆိုင်းနေပါတယ်။
လေထုညစ်ညမ်းမှုလို့ စကားစလိုက်ရင် ကားတွေ ပြည့်ကျပ်နေတဲ့ မြို့ပြလမ်းမတွေနဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေကိုပဲ လူအများစုက ပြေးမြင်ကြမှာပါ။
မှန်ပါတယ်။ ညစ်ညမ်းတဲ့ လေထုထဲက မနှစ်မြို့စရာ အမှုန်အမွှားလေးတွေကြောင့် ကမ္ဘာပေါ်က လူပေါင်း ၇ သန်းဟာ အချိန်မတိုင်ခင် သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကလည်း ဆိုပါတယ်။ ဒါဟာ အရင်က ခန့်မှန်းချက်တွေထက် ပိုများတဲ့ ပမာဏဖြစ်ပါတယ်။
ဘေဂျင်း (တရုတ်)၊ ဒေလီ (အိန္ဒိယ) နဲ့ မက္ကဆီကိုတို့လို မြို့ကြီးတွေဆီက မနားစတမ်း မီးခိုးပန်းထုတ်နေတဲ့ စက်ရုံမီးခိုးခေါင်းတိုင်ကြီးတွေရဲ့ ပုံတွေကို မြင်ဖူးကြသူတွေအဖို့ ဒီသတင်းစကားဟာ အထူးတလည် အံ့အားသင့်စရာ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် လူတွေ မမျှော်လင့်ထားတဲ့ လေထဲက သေမင်းဟာ ကျွန်တော်တို့ အိမ်တွေရဲ့ မီးဖိုချောင်လို နေရာမျိုးမှာ နီးနီးနားနား ရှိနေတတ်တာမျိုးပါ။
ကမ္ဘာပေါ်က လူ ၄ သန်းဝန်းကျင်ဟာ မီးဖိုချောင်ထဲက ပေါ်ထွက်လာတဲ့ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် အချိန်မတိုင်ခင် သေဆုံးနေရပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါပြီးရင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အချိန်မတိုင်ခင် အသက်ဆုံးရှုံးရစေတဲ့ တတိမြောက်အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
တနေ့မှာ လူပေါင်း ၁၁,၀၀၀ လောက် သေဆုံးနေရတဲ့အထိ ဘယ်အရာတွေကများ အိမ်တွင်းလေထုကို ဒီလောက်အထိ ညစ်ညမ်းနေစေရပါသလဲ။ တရားခံကတော့ ထင်း၊ မီးသွေးအစရှိတဲ့ အစိုင်အခဲလောင်စာတွေကို အသုံးပြုတဲ့ ရိုးရိုးမီးဖိုတွေပါပဲ။
“ခင်ဗျားရဲ့ မီးဖိုချောင်ထဲမှာ ထင်း၊ မီးသွေးနဲ့ ရိုးရိုးမီးဖိုတစ်ခုရှိနေတာဟာ တစ်နာရီမှာ စီးကရက်အလိပ်ပေါင်း ၄၀၀ ကို မီးရှို့နေတာနဲ့ အတူတူပဲ”လို့ University of California at Berkeley ရဲ့ ပါမောက္ခတစ်ဦးဖြစ်သူ Mr.Kirk Smith က ဆိုပါတယ်။
၂၀၁၀ ခုနှစ်မှာ ဒီလိုရိုးရိုးမီးဖိုတွေနဲ့ ချက်ပြုတ်ရာကနေ ဖြစ်ပေါ်လာတဲ့ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် အချိန်မတိုင်ခင် သေဆုံးခဲ့ရတဲ့ လူဦးရေဟာ ၃ ဒဿမ ၅ သန်းနဲ့ ၄ သန်းအကြားရှိတယ်ဆိုတဲ့အကြောင်း သူ့ရဲ့ သုတေသန အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။
ဖွံ့ဖြိုးဆဲကမ္ဘာမှာ နေထိုင်တဲ့ လူဦးရေ ၃ ဘီလီယံဟာ မိမိနေအိမ်တွင်း အပူပေးဖို့နဲ့ အစားအစာချက်ပြုတ်ဖို့အတွက် ထင်း၊ မီးသွေး၊ တိရစ္ဆာန်ချေးနဲ့ အပင်အကြွင်းအကျန်တွေကို အစိုင်အခဲလောင်စာအဖြစ်နဲ့ ရိုးရိုးမီးဖိုတွေမှာ နေ့စဉ်အသုံးပြုနေရပါတယ်။ ဒီလိုရိုးရိုးမီးဖိုတွေကနေ အင်မတန်သေးငယ်တဲ့ အမှုန်တွေပါဝင်တဲ့ အန္တရာယ်ရှိမီးခိုးတွေနဲ့ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့ကို နေအိမ်ထဲ ထုတ်လွှတ်ပါတယ်။
အိမ်အနေအထားက လေဝင်လေထွက်မကောင်းတဲ့အခါမှာ ဒီအန္တရာယ်ရှိမီးခိုးတွေဟာ WHO က သတ်မှတ်ထားတဲ့ ‘လက်ခံနိုင်လောက်တဲ့ ပမာဏ’ထက် အဆ ၁၀၀ ကျော်လွန်ပြီး အင်အားကောင်းစွာနဲ့ အိမ်ထဲမှာ စုစည်းနေရာယူထားပါတော့တယ်။ ဒီလို ညစ်ညမ်းတဲ့ အိမ်တွင်းလေထုကို တနေဝင် တနေထွက် ရှူရှိုက်မိနေတဲ့ အိမ်သူအိမ်သားတွေအတွက် အချိန်ကြာလာတဲ့အခါမှာ ရောဂါအမျိုးမျိုးနဲ့ ရင်ဆိုင်လာရပါတယ်။
ဒီလို အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် အချိန်မတိုင်ခင် သေဆုံးခဲ့ရတဲ့ လူ ၄ သန်းဝန်းကျင်ရဲ့ သုံးပုံတစ်ပုံကျော်ဟာ လေဖြတ်ရောဂါကြောင့် သေဆုံးနေရပါတယ်။ ဒီလူဦးရေရဲ့ လေးပုံတစ်ပုံကတော့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သေဆုံးကြရပါတယ်။ ကမ္ဘာတလွှားမှာ အဆုတ်ရောဂါကြောင့် နှစ်စဉ်သေဆုံးနေကြရသူတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ ဒီလို ရိုးရိုးမီးဖိုတွေကနေ ဖြစ်ပေါ်လာတဲ့ အိမ်တွင်းလေထုညစ်ညမ်းမှုရဲ့ သားကောင်တွေ ဖြစ်နေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ ၂၀၁၆ ခုနှစ်မှာ လူပေါင်း ၃ ဒဿမ ၈ သန်းရဲ့ သေဆုံးမှုဟာ အိမ်တွင်းလေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ရိုးရိုးမီးဖိုတွေကနေ ထုတ်လွှတ်လိုက်တဲ့ အမှုန်အမွှားတွေနဲ့ ဓာတ်ငွေ့တွေဟာ ကလေးသူငယ်တွေမှာ ဖြစ်တတ်တဲ့ အဆုတ်ရောင်ရောဂါ, နာတာရှည်လေပြွန်ကျဉ်းရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ ၊ လေဖြတ်ရောဂါနဲ့ အဆုတ်ကင်ဆာ အပါအဝင် နှလုံးနဲ့ အဆုတ်ရောဂါအမျိုးမျိုးကို ဖြစ်စေပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အိမ်တွင်းလေထုညစ်ညမ်းမှုနဲ့ ထိတွေ့နေရတဲ့အခါ ကလေးအသေမွေးတာ ၊ မွေးကင်းစကလေးရဲ့ ကိုယ်အလေးချိန်လျော့နည်းတာ၊ အဆုတ်လည်ပတ်မှုအားနည်းတာတို့ကို ဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထားတွေလည်း ပေါ်ထွက်လာနေပါတယ်။ ရိုးရိုးမီးဖိုတွေကနေ ထွက်ပေါ်လာတဲ့ အိမ်တွင်းလေထုညစ်ညမ်းမှုဟာ မီးဖိုနဲ့ ပိုအချိန်ပေးနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ပိုထိခိုက်စေတာ ထင်ရှားပါတယ်။
အိမ်တွင်းလေထုညစ်ညမ်းမှုက ကလေးသူတွေမှာ အဆုတ်ရောင်ရောဂါဖြစ်ပွားမှုကို နှစ်ဆတိုးပွားစေတယ်လို့ WHO က အစီရင်ခံဖော်ပြထားပါတယ်။ အဆုတ်ရောင်ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါကြောင့် ငါးနှစ်အောက်ကလေးသူငယ်သေဆုံးမှုရဲ့ တစ်ဝက်ဟာ ရိုးရိုးမီးဖိုတွေရဲ့ အိမ်တွင်းလေထုညစ်ညမ်းစေမှုကြောင့်ဖြစ်တယ်ဆိုတာကိုလည်း သတိပေးဖော်ပြထားပါတယ်။
ထင်း၊ မီးသွေး စတဲ့ အစိုင်အခဲလောင်စာတွေနဲ့ ချက်ပြုတ်တာဟာ လူသားကျန်းမာရေးကိုလည်း ထိခိုက်စေသလို ကမ္ဘာကြီးပူနွေးမှုကိုပါ တဖက်တလမ်းကနေ အားဖြည့်ပေးနေပါတယ်။ အစိုင်အခဲလောင်စာတွေနဲ့ ချက်ပြုတ်ရာကနေ ကာဗွန်နက်(Black carbon) ၊ အော်ဂဲနစ်ကာဘွန် ၊ မီသိန်း ၊ ကာဘွန်မိုနောက်ဆိုက်ဓာတ်ငွေ့တို့လို ဓာတ်ငွေ့အမျိုးမျိုးကို ထုတ်လွှတ်ပေးပါတယ်။ အစိုင်အခဲလောင်စာတွေနဲ့ ရေနံဆီတွေ အပြည့်အဝမလောင်ကျွမ်းတဲ့အခါမှာ ကာဗွန်မိုနောက်ဆိုက်နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တို့လို ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့တွေ ထုတ်လုပ်ပေးပါတယ်။
လက်ရှိကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ သစ်တောပြုန်းတီးမှုအများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ သစ်တောပြုန်းတီးမှုကို တွန်းအားပေးနေတဲ့ အကြောင်းရင်းတွေထဲမှာ တရားမဝင်သစ်ထုတ်ရောင်းတာ အပြင် ထင်း၊ မီးသွေး စတာတွေနဲ့ ချက်ပြုတ်တာလည်း ပါဝင်ပါတယ်။ ထင်းနဲ့မီးသွေး ရဖို့အတွက် သစ်ပင်တွေကို ပြန်စိုက်နိုင်တဲ့ ပမာဏထက် ကျော်လွန်ခုတ်လှဲပစ်တာက သစ်တောပြုန်းတီးမှုကို ဖြစ်စေပါတယ်။
သစ်တောပြုန်းတီးမှုဟာ သစ်ပင်တွေရဲ့ လေထုထဲက ကာဗွန်ကို စုပ်ယူနိုင်စွမ်းကို လျော့ကျစေပြီး ကမ္ဘာကြီးပူနွေးမှုကို ပါရမီဖြည့်ပေးနေပါတယ်။ ထင်း၊ မီးသွေးစတာတွေနဲ့ ချက်ပြုတ်နည်းတွေကြောင့် ဖြစ်လာတဲ့ နှစ်စဉ်သစ်တောပြုန်းတီးမှုဟာ အိုင်ယာလန်နိုင်ငံအရွယ်အစားအထိရှိတယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA)က ခန့်မှန်းထားပါတယ်။
မကြာသေးခင်က ထွက်ပေါ်လာတဲ့ လေ့လာတွေ့ရှိချက်တွေအရ ဂက်စ်မီးဖို အသုံးပြုမှုမှာလည်း အန္တရာယ်ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။ ဂက်စ်မီးဖို အသုံးပြုရာကနေ ပေါ်ထွက်လာတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့တွေဟာ ဂက်စ်မီးဖိုကို ပိတ်လိုက်ပြီးနောက်အချိန်အတော်ကြာတဲ့အထိ အိမ်တွင်းလေထုထဲမှာ တရစ်ဝဲဝဲ စုစည်းတည်ရှိနေတတ်ပြီး မီးဖိုချောင်ပြင်ပက လူတွေကိုပါ ထိခိုက်စေပါတယ်။ နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့နဲ့ ကြာမြင့်စွာ ထိတွေ့မှုရှိနေတာက ပန်းနာရောဂါကို ပိုဆိုးရွားစေပါတယ်။
ကလေးသူငယ်တွေမှာ အဆုတ်အားနည်းမှုနဲ့ အချိန်မတိုင်ခင် သေဆုံးမှုတွေဟာ နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့ကို ထိတွေ့နေရတာနဲ့ ဆက်စပ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုက ပန်းနာရောဂါခံစားနေရတဲ့ ကလေးသူငယ် ၂၀၀,၀၀၀ နီးပါးဟာ နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့နဲ့ ထိတွေ့မှုများတာနဲ့ ဆက်စပ်နေတယ်လို့ သုတေသီတွေက ခန့်မှန်းကြပါတယ်။ ဒီကလေးသူငယ်အားလုံးရဲ့ လေးပုံတစ်ပုံမှာတော့ နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့ ထိတွေ့မှုက ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။
ရိုးရိုးမီးဖိုတွေကြောင့် ဖြစ်လာတဲ့ အိမ်တွင်းလေထုညစ်ညမ်းမှုဒဏ်ကို ဆင်းရဲတဲ့ နိုင်ငံတွေက အဆိုးရွားဆုံး ခံစားနေရပါတယ်။ အခုနှစ် မေလမှာ ထုတ်ပြန်ခဲ့တဲ့ Lancet ဆေးပညာဂျာနယ်မှာ မြောက်ကိုရီးယားနိုင်ငံဟာ အိမ်တွင်းလေထုညစ်ညမ်းမှုဒဏ်ကြောင့် လူသေဆုံးမှုအမြင့်ဆုံးနိုင်ငံဖြစ်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံရဲ့ လူသေဆုံးမှုနှုန်းဟာ လူတစ်သိန်းမှာ အယောက် ၂၄၀ ဝန်းကျင်အထိ ရှိခဲ့ပါတယ်။
ပစိဖိတ်သုမုဒ္ဒရာထဲက ဆော်လမွန်ကျွန်းနိုင်ငံနဲ့ ဗနွားတူနိုင်ငံတွေရဲ့ သေဆုံးမှုနှုန်းဟာ လူတစ်သိန်းမှာ လူ ၁၄၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း လူတစ်သိန်းမှာ ၁၂၃ ယောက်နှုန်းအထိ ရှိနေပါတယ်။ ကမ္ဘာပေါ်မှာ အိမ်တွင်းလေထုညစ်ညမ်းမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။
နိုင်ငံအချို့မှာတော့ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် လူသေဆုံးမှုနှုန်းကို လျှော့ချလာနိုင်ခဲ့ပါပြီ။ ၂၀၁၀ ပြည့်နှစ်ကစပြီး အာရှတိုက်တလွားမှာ လူဦးရေ သန်း ၈၄၀ ဟာ ပိုမိုသန့်စင်တဲ့ ချက်ပြုတ်ရေးနည်းလမ်းတွေနဲ့ လက်လှမ်းမီလာခဲ့ပါတယ်။
တရုတ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဟာ နေ့စဉ်ဘဝချက်ပြုတ်စားသောက်ရာမှာ ညစ်ညမ်းတဲ့ လောင်စာတွေအပေါ် မှီခိုနေရတဲ့နှုန်းကို ထက်ဝက်နီးပါး လျှော့ချလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဖရိကတိုက်မှာတော့ ဒီလိုတိုးတက်မှုမျိုးကို လူဦးရေတိုးတက်မှုနှုန်းက တဖန်ပြန်ပြီး အဟန့်အတားပြုနေပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်အကြားမှာ ဆာဟာရသဲကန္တာရအောက်ပိုင်းက အာဖရိကနိုင်ငံတွေမှာ ပိုမိုသန့်စင်တဲ့ လောင်စာတွေနဲ့ ချက်ပြုတ်ရေးနည်းလမ်းတွေဆီ လက်လှမ်းမီလာတဲ့ လူဦးရေဟာ ၈ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
တဖက်မှာလည်း ဒါကို လက်လှမ်းမမီတဲ့ လူဦးရေက သန်း ၂၂၀ အထိ မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုဒဏ်ကြောင့် လူသေဆုံးမှုနှုန်းဟာ ကမ္ဘာ့ရဲ့အခြားနေရာတွေမှာ လျော့ကျလာနေပေမယ့် အာဖရိကဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှုနှုန်းအမြင့်ဆုံးနေရာ ဖြစ်နေဆဲပါပဲ။
အာဖရိကတိုက်မှာ သန့်စင်တဲ့နည်းလမ်းနဲ့ ချက်ပြုတ်ရေးဆီ လက်လှမ်းမီရေးစီမံကိန်းတွေအတွက် ရန်ပုံငွေရရှိမှုဟာ စိတ်ထိခိုက်စရာကောင်းလောက်အောင် နည်းပါးနေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အမှုဆောင်ဒါရိုက်တာ Mr.Fatih Birol က အခုလို ပြောပါတယ်။
“အာဖရိကတိုက်က အစိုးရတွေနဲ့ နိုင်ငံစုံဖွံ့ဖြိုးရေးဘဏ်တွေဟာ ဒီကိစ္စကို ဘယ်တုန်းကမှ တကယ်လေးလေးနက်နက် ဦးစားမပေးခဲ့ကြဘူး”
ပိုမိုသန့်စင်တဲ့ ချက်ပြုတ်ရေးနည်းလမ်းတွေဆီ ပိုလက်လှမ်းမီလာကြဖို့အရေး ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေရှာဖွေရေး ကြိုးပမ်းမှုတွေဟာ ၂၀၂၄ ခုနှစ်ထဲမှာ ပိုတက်ကြွအသက်ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် အာဖရိကနိုင်ငံတော်တော်များများဟာ မြင့်တက်လာနေတဲ့ ပြည်ပကြွေးမြီပြဿနာတွေကြောင့် ဒီအစီအစဉ်တွေအပေါ် မကြာသေးခင်ကပဲ ပြန်လက်ရှောင်လာကြပါတယ်။ ကျား-မ လိင်ခွဲခြားမှုပြဿနာကလည်း တိုးတက်မှုကို တားဆီးနေပါတယ်။
မသန့်စင်တဲ့ လောင်စာတွေနဲ့ ချက်ပြုတ်ရာကနေ ပေါ်ပေါက်လာတဲ့ အန္တရာယ်တွေကို အမျိုးသမီးတွေနဲ့ မိန်းကလေးတွေက အမျိုးသားတွေနဲ့ ယောကျာ်းကလေးတွေထက် ပိုရင်ဆိုင်နေရတာကြောင့်မို့လို့ပါပဲ။ မီးဖိုချောင်ကနေ ပေါ်ထွက်လာတဲ့ အိမ်တွင်းလေထုညစ်ညမ်းမှုပြဿနာဟာ “လိင်ခွဲခြားမှုနဲ့လည်း ဆက်စပ်နေတယ်။
သစ်တောလုပ်ငန်းနဲ့လည်း ဆက်စပ်နေတယ်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့လည်း ဆက်စပ်နေတယ်။ ကျန်းမာရေးနဲ့လည်း ဆက်စပ်နေတယ်”လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA)ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်သူ Ms.Laura Cozzi က ဆိုပါတယ်။
အိမ်တွင်းလေထုညစ်ညမ်းမှုပြဿနာအပေါ် မှန်မှန်ကန်ကန် အာရုံစိုက်မလာကြသေးသရွေ့ လူသန်းပေါင်းများစွာဟာ အချိန်မတိုင်ခင် အသက်ကြေလွင့် ဆုံးရှုံးနေရဦးမှာပဲ ဖြစ်ပါတယ်။
ဈာန်ဟိန်း
Ref: WHO, Techno-Science.net, Al Jazeera, The Economist