BREAKING
December 22, 2024

မိုးထဲရေထဲက စစ်ရှောင်များ

July 28, 2024

မိုးလေ ပြင်းထန်နေသည့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များမှာ ကျန်းမာရေးဆိုင်ရာ အကူအညီများ များစွာလိုအပ်နေသည်။

လက်ရှိတွင် စစ်ဘေးရှောင် အကူငွေများ ကျဆင်းနေသလို အခြားတစ်ဖက်တွင်လည်း စစ်ဘေးရှောင်များ တိုးလာခြင်း၊ အထွေထွေကုန်စျေးနှုန်း ကြီးမြင့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေခြင်း စသဖြင့် အခက်အခဲမျိုးစုံကို စစ်ဘေးရှောင်အကူအညီပေးရေး အဖွဲ့များ ရင်ဆိုင်နေကြရသည်။

ယင်းအပြင် မိုးရာသီဖြစ်နေ၍ မိုးများမှု၊ ရေကြီးရေလျှံမှုများနှင့် ရောဂါဖြစ်ပွားနှုန်း မြင့်တက်မှုများကလည်း စစ်ဘေးရှောင်ကူညီသူများအတွက် ဘူးလေးရာဖရုံဆင့်ဆိုသလို အခက်အခဲများ ပိုမိုကြုံတွေ့နေကြရသည်။

စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအကူအညီ လိုအပ်နေသလို အခြားတစ်ဖက်တွင်လည်း ကျန်းမာရေးဆိုင်ရာ အကူအညီများလည်း လိုအပ်လာနေသည်။

ဆေးဝါးအကူအညီများအပြင် ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများလည်း များစွာလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများကဆိုကြသည်။

လက်ရှိတွင် ဆေးဝါးဝယ်ယူရအခက်အခဲများ၊ ငွေကြေးအခက်အခဲများ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ကျန်းမာရေးဝန်ထမ်း အခက်အခဲများကို ရင်ဆိုင်နေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် တနင်္သာရီတိုင်းက စစ်ဘေးရှောင်ကူညီနေသူ အချို့ကို တွေ့ဆုံမေးမြန်းကာ ယခုအပတ် တနင်္သာရီ ပုံရိပ်အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ဆေးဝါးတွေကို ဝယ်ယူနေရတာက တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲလာပြီးတော့ သယ်ယူရေးမှာလည်း ပိုခက်ခဲလာနေတယ်”

ယောနသံ – မြေပြင်ကွင်းဆင်းတာဝန်ခံ၊ ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့

DW ။ မိုးရာသီဆိုရင် ငှက်ဖျားတို့၊ သွေးလွန်တုပ်ကွေးတို့ ဖြစ်နေကျဆိုတော့ အခုမိုးရာသီမှာရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ မိုးရာသီဖြစ်တဲ့အတွက်ကြောင့်မို့ ရောဂါတွေပိုစုံတယ်။ တခြားရာသီတွေထက် ထိခိုက်ခံစားရတာရှိတယ်။ အထူးသဖြင့် ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေ၊ ပြီးတော့ ရေမသန့်ရှင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေပေါ့နော်။ ရာသီတုပ်ကွေး၊ နှာစေးချောင်းဆိုးတာတွေလည်း တွေ့ရများတယ်။

DW ။ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော အဲလိုမျိုးရောဂါဖြစ်ပွားမှု ဘယ်လောက်ရှိလဲဆိုတာ ပြောပြပေးပါ။

ဖြေ ။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးကတော့ မိုးရာသီဆို အဖြစ်များဆုံးပေါ့။ ဒါပေမဲ့ သွေးလွန်တုပ်ကွေးကတော့ ကျွန်တော်တို့ ထားဝယ်အရှေ့တောမှာ ဖြစ်တာမျိုး မတွေ့ရသေးဘူး။ ငှက်ဖျားပဲအဖြစ်များတာမျိုး တွေ့ရတယ်။ ဆေးဝါးတွေပါ ရုတ်တရက် ပြတ်သွားရလောက်တဲ့အထိ ငှက်ဖျားရောဂါထိုးတက်သွားတာမျိုးရှိတယ်။ အခုတော့ ပြန်ငြိမ်နေတယ်။ ငှက်ဖျားဖြစ်တဲ့သူမရှိတော့တာမျိုး မဟုတ်ပေမယ့် ပုံမှန်အနေအထားမျိုး ဖြစ်နေတယ်။

နောက်တစ်ခုက ဝမ်းပျက်ဝမ်းလျှော။ အဲဒါကလည်း အရင်လတွေ၊ အရင်လတွေနဲ့စာမယ်‌ဆိုရင် အခုပိုဖြစ်များတာကိုတွေ့ရတယ်။ အရင်လတွေက တစ်ယောက်စနှစ်ယောက်စပဲ တွေ့ရတယ်။ မိုးဦးရာသီထဲ အခုလပိုင်းထဲမှာဆိုရင် တစ်လကို အယောက် ၂၀၊ ၃၀ ကျော်အထိဖြစ်လာတာတွေမျိုး တွေ့ရတယ်။ အဓိကကတော့ ရေမသန့်ရှင်းမူကြောင့်ဖြစ်တာပဲ များပါတယ်။ ကာလဝမ်းရောဂါဆိုတာမျိုးတော့ မဟုတ်သေးဘူး။

DW ။ ယောနသံက တလောလေးကမှ ထားဝယ်ခရိုင်ထဲက စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကို သွားဖူးထားတော့ အဲဒီဒေသတွေက စစ်ဘေးရှောင်တွေရဲ့ ကျန်းမားရေးအခြေအနေ ဘယ်လိုအခြေအနေရှိတာ တွေ့ရလဲ။

ဖြေ ။ ဘာတွေအတွေ့ရများလဲဆိုတော့ ခုနက ပြောသွားတဲ့ ရောဂါတွေအပြင် ယားနာတွေပါတွေ့ရများတယ်။ သဲဝဲစားတာမျိုးတွေ၊ ရေ‌မသန့်ရှင်းလို့ရတဲ့ ယားနာမျိုးတွေပေါ့။ အထူးသဖြင့်ကတော့ တောင်ယာလုပ်တဲ့ ဒေသတွေဖြစ်တဲ့ ထားဝယ်အရှေ့တောဒေသတို့၊ ရေဖြူမြို့နယ်ဖက်တို့၊ သရက်ချောင်းတို့မှာတွေ့ရတယ်။

DW ။ တစ်ခြားရော ဘာတွေ တွေ့ရှိရသေးလဲ။

ဖြေ ။ (ထားဝယ်ခရိုင်ထဲက)မြို့နယ်တွေကို ပြန်ပြီးယှဉ်ကြည့်လိုက်မယ်ဆိုရင် ထားဝယ်မြို့နယ်က အခြားမြို့နယ်ထက်စာရင် ခက်ခဲမှုတွေနည်းနည်းပိုတယ်လို့ ပြောလို့ရတာပေါ့။ ထားပါတော့ ထားဝယ်မြိုနယ်မှာသည် ဆေးရုံ၊ ဆေးခန်းတွေမရှိဘူး။ အရင်က ဆာဒိုဝါး(ပုဂ္ဂလိက)ဆေးခန်းတစ်ခုရှိတယ်။ အခုဆိုအဲဆေးခန်းလည်း တိုက်ပွဲတွေကြောင့် ရပ်နားလိုက်ရပြီ။ အများစုက အရပ်ထဲက ဆေးကုဆရာတွေ၊ တော်လှန်ရေးအင်အားစုက ကျန်းမာရေးသမားတွေနဲ့ပဲ ကုသနေရတာပေါ့နော်။ ကျွမ်းကျင်တဲ့ဆရာဝန်ဆိုတာမရှိဘဲနဲ့ လိုအပ်ချက်အရ ကုသပေးနေတဲ့သူတွေနဲ့ပဲ စခန်းသွားနေရတာပဲရှိတယ်။

နောက်တစ်ခုက သရက်ချောင်းမြို့နယ်။ သူကကျတော့ ထားဝယ်မြို့နယ်နဲ့တူတယ်။ ထားဝယ်ထက်သာတာတစ်ခုက သရက်ချောင်းမှာက လမ်းပန်းဆက်သွယ်ရေး နည်းနည်းပိုလွတ်လပ်မှုရှိတယ်လို့ပြောရတယ်။ အဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် ရွေးချယ်ခွင့်ပိုရှိတယ်လို့ ပြောရတယ်။

နောက်တစ်ခုက လောင်းလုံးပေါ့။ လောင်းလုံးဆိုရင် မြို့နယ်တွေထဲ လွတ်လပ်မှုအရှိဆုံး မြို့နယ်လို့မြင်တယ်။ ကျွန်တော်လောင်းလုံးကိုရောက်တဲ့အချိန် မြင်ရတာကတော့ ပုဂ္ဂလိကဆေးပေးခန်းတွေရှိသလို သာမန်ပြည်သူတွေအနေနဲ့ ဆေးရုံသွားပြီးကုသဖို့အတွက် အရမ်းကိုကျပ်တည်းခက်ခဲတဲ့ အခြေအနေမျိုးမရှိဘူး။

အားလုံးကို ခြုံပြီးကြည့်လိုက်မယ်ဆိုရင်တော့ အဖြစ်များဆုံးက ရာသီတုပ်ကွေးပဲ အဖြစ်များတယ်။ ငှက်ဖျားတို့၊ ဝမ်းပျက်ဝမ်းလျှောတို့ဖြစ်တာရှိတယ် ဆိုပေမယ့် ရာသီတုပ်ကွေးလောက်မများဘူး။ ငှက်ဖျားတို့နဲ့စာရင် ရာသီတုပ်ကွေးက ပိုပြီးကူးစက်လွယ်တဲ့ အနေအထားဖြစ်နေတာကိုး။

DW ။ ဆိုတော့ ဖြစ်ပွားနေတဲ့ ရောဂါတွေကို ကုသဖို့ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကရော လုံလောက်မှုရှိရဲ့လား။ ဘယ်လိုကြုံတွေ့နေရလဲ။

ဖြေ ။ ဆေးဝါးကတော့ လုံလောက်တယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့တစ်စုံတစ်ခုသော အတိုင်းအတာအထိ တောင့်ခံထားလို့ရသေးတဲ့ အနေအထားမှာတော့ရှိတယ်။ ဒီထက်ပိုပြီး ရောဂါဖြစ်ပွားမှုတွေများလာမယ်ဆိုရင်တော့ လိုအပ်ချက်တွေများလာပြီး စိန်ခေါ်မှုဖြစ်လာမယ်ပေါ့။ ပြီးတော့ ဆေးဝါးတွေကို ဝယ်ယူနေရတာက တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲလာပြီးတော့ သယ်ယူရေးမှာလည်း ပိုခက်ခဲလာနေတယ်။ အဲဒါသည်လည်း ကျွန်တော်တို့လိုအဖွဲ့တွေသာမက ပုဂ္ဂလိက ဆေးခန်းတွေတောင်မှ ဖြစ်နေတာဆိုတော့ ဒါကလည်း အခက်အခဲကြီးကြီးမားမားတစ်ခု ဖြစ်နေတာပေါ့။

ပြီးတော့မိုးရာသီမှာက ပွင့်လင်းရာသီတွေလိုမျိုးမဟုတ်တော့ သွားရေး၊လာရေးကလည်း ခက်ခဲတယ်။ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေသယ်ဖို့ပြုဖို့ပေါ့။ တစ်ချို့နေရာတွေဆို လမ်းတွေမှာရေကြီးနေပြီ။ ဒီထက်ပိုပြီး မိုးကြီးရင် လုံးဝ ကားတွေ၊ ဆိုင်ကယ်တွေပါ သွားလို့မရတဲ့ အခြေအနေကြုံရမှာ။မိုးထဲရေထဲ ဆန်အိတ်တွေ၊ ဆေးတွေကို ဆိုင်ကယ်နဲ့၊ လူနဲ့ သယ်မယ်၊ ထမ်းမယ်ဆိုကလည်း အဆင်မပြေဘူးလေ။ နောက်တစ်ခုက စားနပ်ရိက္ခာကလည်း အချိန်းတိုင်းမှာကို ပြည့်တယ်ဆိုတာမရှိဘဲ လိုအပ်နေတယ်။ အခုဆိုရင် အမိုး၊ အကာလိုအပ်ချက်ကလည်း တော်တော်ကြီးကိုများနေတယ်။

နောက်တစ်ခုက ဆေးဝယ်ယူမှုအပိုင်းပေါ့။ အဲမှာကျတော့နှစ်ခုရှိတယ်။ ပထမတစ်ခုက ငွေကြေးလိုအပ်ချက်ပေါ့။ ဒုတိယတစ်ခုကတော့ လိုအပ်တဲ့ဆေးဝါးကို လိုအပ်သလောက် ဝယ်လို့မရတဲ့ အခြေအနေပေါ့။ ဆေးဝါးအပြင် တခြားအသုံးစာရိတ်တွေလည်း ရှိသေးတဲ့အခါကျတော့ ပြန်ပြီးချင့်ချိန်နေရတာပေါ့။ များသောအားဖြင့်တော့ ဆေးဝါးအတွက်အနည်းအကျဉ်းပဲ သုံးရတာမျိုးရှိတာပေါ့။ စစ်တပ်ဖက်ကလည်း ဒါနဲ့ပတ်သက်ပြီး တင်းကြပ်နေတာဆိုတော့ ပိုက်ဆံရှိတာတောင် လိုအပ်သလောက် ဝယ်လို့မရတာလည်းရှိတာပေါ့။

DW ။ ပြည်သူတွေမှာလည်း ပိုကျပ်တည်းလာကြတယ်။ ဒီတော့ ပြည်သူတွေရဲ့အလှူငွေနဲ့ ရပ်တည်နေရတဲ့ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေမှာလည်း အခက်အခဲတွေရှိနေမှာပဲ။ အဲဒါကို ဘယ်လိုကျော်ဖြတ်နေကြလဲ။

ဖြေ ။ တော်လှန်ရေးက နှစ်တွေလည်းရှည်လာပြီဆိုတော့ လူမူစီးပွားရေးမှာ ကျပ်တည်းလာကြတာပေါ့။ တော်လှန်ရေးအပေါ်မှာလည်း အလှူငွေတွေနည်းလာကြတယ်။ အခုလောလောဆယ်တော့ ပြည်သူတွေရဲ့အလှူငွေတွေအေပါ်မှာပဲ အားထားပြီးသွားနေကြတဲ့ အနေအထားပဲရှိသေးတာလေ။ ရေရှည်မှာကျတော့ အခြားနည်းလမ်းတစ်ခုနဲ့ ရပ်တည်နိုင်ဖို့ စဉ်းစားချက်တွေရှိတယ်။ ကျွန်တော်တို့ ကြိုးစားနေတဲ့ အခြားအခြားသော နည်းလမ်းတွေလည်း ရှိပါသေးတယ်။ လောလောဆယ်တော့ အလုပ်မဖြစ်သေးဘူး။ လုံခြုံရေးးအခြေအနေတွေအရ ဘယ်လိုနည်းလမ်းတွေလဲဆိုတာလည်း ထုတ်ပြောလို့မရသေးလို့ ထုတ်မပြောနိုင်တာကိုလည်း ခွင့်လွှတ်ပေးပါ။

DW ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“အခက်အခဲက ဆေးကိုမှန်မှန်ကန်ကန် သုံးစွဲ(ကုသ)ပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေတာပါ”

ရေဖြူမြို့နယ် ၊ ရာဖူးအုပ်စုမှ စစ်ဘေးရှောင်ကူညီနေသည့် အမျိုးသမီးတစ်ဦး

DW ။ ရာဖူးအုပ်စုက စစ်ဘေးရှောင်တွေ လက်ရှိ ကျန်းမာရေးအခြေအနေဘယ်လိုရှိလဲ ။

ဖြေ ။ လက်ရှိကျန်းမာရေးအပိုင်းက ရာသီတုပ်ကွေးဖြစ်နေတာရှိတယ်။ ချောင်းဆိုး နှာစေး တဲ့လက္ခဏာတွေနဲ့ပေါ့ ။ ကလေးတွေမှာ အဖြစ်များပါတယ်။

DW ။ ငှက်ဖျားဖြစ်ပွားမှု အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ ။ ငှက်ဖျားက ပြီးခဲ့တဲ့လ(ဇွန်)ကတော့ ဒီနေရာတစ်ဝိုက်က လူတိုင်းနီးပါးဖြစ်ကြတယ် ။ အခုကတော့ ဖြစ်တာပြန်နည်းလာပြီ ။ အခုအဖြစ်များနေတာကတော့ ရာသီတုပ်ကွေးပေါ့။

DW ။ ဆေးဝါကုသခံယူရမှု အခြေအနေကရော အဆင်ပြေရဲ့လား ။

ဖြေ ။ ဘယ်လိုပြောရမလဲ။ ဆေးဝါးကိုကျွမ်းကျင်သူ နည်းတယ်။ ဆေးသုံးစွဲတာတွေ မမှန်ဘူးပေါ့။ ဥပမာ ရာသီတုပ်ကွေးလောက်ဖြစ်တာကို ငှက်ဖျားဆေးတွေသုံးမိတော့ ဒူ(မူးဝေ)တာမျိုး ကြုံရတာတွေလည်းရှိတယ် ။ ရောဂါနဲ့ဆေးဝါးကို သေချာစစ်ဆေး ကုသပေးဖို့ ဆရာဝန် နဲ့ ကျန်းမာရေး(ပညာရှင်) အခက်အခဲရှိတယ်လို့ ဆိုရမယ်။

DW ။ ဆေးဝါးတွေ ဝယ်ရတာရော အခြေအနေ ဘယ်လိုရှိလဲ ။

ဖြေ ။ ဆေးဝါးတွေကတော့ ဝယ်ယူရတာ စျေးကြီးလာတာနဲ့ သယ်ယူရတဲ့ လမ်းကြောင်းအခက်အခဲရှိတယ် ။ အရင်က လူ ၆၀ အတွက် ငှက်ဖျားဆေးတစ်စုံ (ကျပ်)နှစ်သိန်းကျော်လောက်နဲ့ ဝယ်လို့ရပေမယ့် အခုလက်ရှိ ဝယ်နေရတာ ဆေးတစ်စုံစာကို ငါးသိန်းကျော်နဲ့ဝယ်နေရတယ် ။ အခြားအိမ်သုံးဆေးဝါးတွေလည်း စျေးလေးငါးဆလောက် တက်နေတာလည်းရှိတယ် ။ ဆေးဝါးဝယ်ယူရတဲ့လမ်းကြောင်းကိုတော့ ထိုင်းဘက်ကိုပဲအားထားနေရတယ်။

DW ။ အခြားရောဘာအခက်အခဲရှိလဲ ။

ဖြေ ။ ရာဖူးအုပ်စုမှာက စစ်ဘေးရှောင်စခန်းပုံစံနဲ့ စစ်ရှောင်ကြတာမျိုးမဟုတ်ဘဲ ကိုယ့်အစုနဲ့ကိုယ်ရှောင်နေကြတော့ ဆေးဝါးနဲ့ရိက္ခာတွေ ဖြန့်ဝေရာမှာ မနှံ့စပ်တာမျိုးလည်းရှိတယ် ။ လူသားချင်းစာနာမှု အကူအညီဆိုပေမဲ့ အဖွဲ့အစည်း အမည်တွေနဲ့ ပေါ်ပေါ်တင်တင် ကူညီလို့မရတဲ့ အခြေအနေတွေလည်းရှိတယ် ။ လျှို့ဝှက်ပြီးလုပ်နေရတဲ့ အနေအထားမှာရှိတယ် ။

DW ။ ကျန်းမာရေးအကူအညီအတွက် ကြိုတင်ပြင်ဆင်မှုတွေရော စီစဥ်ထားတာရောရှိလား ။

ဖြေ ။ ဆေးဝါးတွေကတော့ ဝယ်ပြီးကြိုတင်စီစဥ်ထားတာရှိပါတယ်။ အခက်အခဲက အရှေ့မှာပြောခဲ့သလို ဆေးကိုမှန်မှန်ကန်ကန်သုံးစွဲပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေတာပါ။

DW ။ အခြား ဘာဖြည့်စွက်ပြောကြားချင်ပါသေးလဲ ။

ဖြေ ။ လောလောဆယ်အထိ ရာဖူးအုပ်စုမှာ တချို့ရွာတွေပြန်ဝင်နေကြတယ်ဆိုပေမဲ့ ။ နေစရာအိမ်မရှိတော့တဲ့ လူတွေလည်းရှိနေတယ် ။ အမိုးအကာအခက်အခဲလည်း ရှိနေတယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

DW ။ ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

“ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေထဲ ဝမ်းသွားနေတဲ့သူတွေလည်း ရှိတယ်”

တာဝန်ရှိသူတစ်ဦး နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့၊ တနင်္သာရီမြို့နယ်

DW ။ ငှက်ဖျားနဲ့ တုပ်ကွေး အဖြစ်များလာနေတယ်ကြားလို့ ဘယ်လိုအခြေအနေ ဖြစ်နေကြလဲ။

ဖြေ ။ အခုက လူနာဆိုရင် ငှက်ဖျားရော၊ သွေးလွန်တုပ်ကွေးရော တစ်ပြိုင်တည်း တွေ့နေရတယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ လူနာဆိုရင် ပေါ့နေလို့မရဘူး။ သူ့ကိုလည်း အဖျားတက်တဲ့အချိန်တိုင်း အမြဲတမ်းစောင့်ကြည့်နေရတယ်။ ဖျားပြီး ဘယ်နှစ်ရက်မှ မရှိဘူး။ တခါတည်း ငှက်ဖျားရော၊ သွေးလွန်တုပ်ကွေးရော ပေါင်းပြီး ရှိနေတတ်တဲ့ အနေအထားမျိုးမှာရှိတယ်။ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားဆိုရင် သွေးလွန်တုပ်ကွေး လက္ခဏာအရင်ပြတယ်။ ပြပြီးမှ ငှက်ဖျားပြသမားရှိတယ်။ တစ်ချို့လူနာကျတော့လည်း ငှက်ဖျားအရင်ပြပြီးမှ သွေးလွန်တုပ်ကွေးပြန်ပြတဲ့လူနာရှိတယ်။ သွေးလွန်တုပ်ကွေးရော ငှက်ဖျားရော မဖြစ်တဲ့သူတွေကျတော့ ဝမ်းသွားတယ်။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတယ်။ သူတို့သုံးခုစလုံးက ဆက်စပ်နေတယ်။ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေထဲ ဝမ်းသွားနေတဲ့သူတွေလည်း ရှိတယ်။ ဝမ်းသွားနေရင်း အားနည်းလာပြီးတော့ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်လာတဲ့သူတွေလည်းရှိနေတယ်။ သူတို့သုံးခုစလုံးက ဆက်စပ်နေတဲ့ ပုံစံမျိုးကို တွေ့ရတယ်။

DW ။ စစ်ဘေးရှောင်တွေ ဘယ်လောက်အထိ ဖြစ်နေကြလဲ။ ဘယ်လိုလူတွေ အများဆုံး ဖြစ်ကြလဲ။

ဖြေ ။ အခု တကူဘက်မှာ ဖြစ်နေတဲ့လူတွေ နည်းနည်းကြဲသွားပြီ (နည်းသွားပြီ)။ အခုများနေတာက သိန္ဒေါဘက်မှာ။ တကူ သာရဘွင်ဘက်မှာတော့ ငှက်ဖျားဖြစ်တဲ့လူနာတွေ သွေးလွန်တုပ်ကွေးဖြစ်တဲ့လူနာတွေတော့ နည်းနည်းပါးလာပြီ အရင်လတွေကထက်ပေါ့။ အခု သိန္ဒေါ ခဲမိုင်းဘက်မှာ ခဲအလုပ်သမားတွေရှိတယ်။ (ငါးလပိုင်းတုန်းက တိုက်ပွဲဖြစ်လို့ ရွာလုံးကျွတ်ပြောင်းရတဲ့ နေရာတွေ) အဲဒီဘက်မှာဆို ရွာလုံးကျွတ်ဖြစ်နေကြတယ်။ ဆေးတွေလည်း မရှိကြဘူးတဲ့။ ငှက်ဖျားစစ်တဲ့အတံတွေလည်း မရှိကြဘူး။ ဒုက္ခတွေ တအားတွေ့နေကြတယ်။ စစ်ကောင်စီကလည်း ဆေးတွေ ဖြတ်ထားတယ်ဆိုတော့ သူတို့နေရာကို ဆေးတွေ မရောက်ဘူး။ သူတို့ဘက် တအားပင်ပန်းနေကြတယ်။

DW ။ ဘယ်လိုမျိုး ကုသမှု ခံယူနေကြလဲ။ ကုသမှု ပေးနေရလဲ။

ဖြေ ။ အခုက သူတို့ဘယ်လိုကုနေကြလဲဆိုတော့ တကူတို့ သာရဘွင်တို့ဘက် ဆေးတွေ လာဝယ်နေကြတယ်ပေါ့။ ဒီဘက်ကြတော့ နည်းနည်းပါးပါးရှိတယ်လေ။ အဲဒီကနေ နည်းနည်းပါးပါး ပြန်ကဲ့ပြီး ပြန်ရောင်းပေးရတာပေါ့။ ငှက်ဖျားစစ်တဲ့အတံတွေလည်း ဒီအတိုင်းပဲ။ စစ်တံကလည်းလေ တစ်ဦးကို တစ်ယောက်နှုန်းတောင် မထွက်ဘူး။ အခု အဖျားတွေက တက်လာရင် တခါတည်း ငှက်ဖျားတွေ ထွက်မလာဘူး။ ငါးရက် ခုနှစ်ရက်လောက် ဖျားပြီးမှ ငှက်ဖျားတွေ ထွက်လာတယ်။ ဒါကြောင့် ပိုစစ်ရတာပေါ့။

DW ။ ဆေးဝါးလုံလောက်မှုရော ရှိရဲ့လား။ ဘယ်လိုမျိုး ရှာဖွေနေရလဲ။

ဖြေ ။ လုံလုံလောက်လောက်တော့ မဟုတ်ဘူး။ ဘယ်လိုပြောရမလဲဆိုရင် ဒီလိုမျိုး မလောက်တဲ့ ကြားထဲကပဲပေါ့။ ဒီလိုဆေးတွေကို မျှတပြီး သုံးနေရတယ်။ တခါတလေ ဆေးဆိုင်တစ်ဆိုင်တည်းမှာ ကိုယ်လိုတဲ့ ဆေးစာရင်းတွေ၊ ဥပမာ ဆရာမတွေက ဆေးစာရင်းရေးပေးလိုက်တယ်လေ၊ အဲလိုရေးပေးလိုက်တဲ့ ဆေးအညွှန်းတွေ ကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တစ်ကျွန်းလုံး လိုက်ပတ်မှ ဆေးတွေ နည်းနည်း စုံစုံရတယ်။ အရင်တုန်းကလို တစ်ဆိုင်တည်းမှာ ဆေးတွေ ပစ္စည်းတွေ စုံစုံမရတော့ဘူး။ ပြီးတော့ လူကြုံရှိရင် ပါးရတယ် (မှာရတယ်)။ အခြားနေရာမှာ ရှိတဲ့ လူတွေကို ဆေးတွေဘာတွေ နည်းနည်း ရှာပေးပါလို့ အရေးကြီးတယ်ပြောပြီး လိုက်ရှာဝယ်ရတဲ့ အနေအထားတွေ ဖြစ်ကုန်ပြီ။

DW ။ ကျေးဇူးတင်ပါတယ်။