BREAKING
October 18, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

July 28, 2024

[အခန်း ၁၂]

လကို တိမ်ဖုံးသွားခဲ့ပြီ။

ညမှောင်မှောင်ထဲ။

ကျဆုံးခဲ့သူတို့အတွက် တိုးတိုးတိတ်တိတ် ရှိုက်သံ သဲ့သဲ့များ။

အထမ်းပုခက်များထဲမှ ဒဏ်ရာရသူများ၏ ညည်းညူသံများ။

ပတ်ပတ်လည်တောတောင်ကြီးထဲမှ သားရဲတို့၏ မျက်လုံးရောင်စုံများ။

“ရှေ့မှာ ကထောန်းရှိတယ် . . . မှောင်မှောင်မဲမဲထဲ ပြုတ်ကျရင် . . . ဒုက္ခများကုန်မယ် . . . ဒီတော့ ရောင်နီကို ခေတ္တစောင့်ပြီးမှ ခရီးဆက်ကြတာပေါ့ . . . ဒီနေရာမှာ ခဏနားမယ်”

ဗိုလ်မှူးကျော်တင့် က အမိန့်ပေးလိုက်၏။

“ကထောန်း ဆိုတာ ချောက်ကမ်းပါးကြီးရှိတယ်လို့ ပြောတာ”

ကြည်ကြည် ဘေးတွင် ဘယ်အချိန်ကရောက်နေမှန်းမသိသည့် မောင်ရိန်။

“ရှင် . . . ရောက်လာသေးတယ်နော်”

ကျွန်းပင်ဖားဖားကြီးအောက်တွင် သူတို့ နှစ်ယောက်ထိုင်လိုက်ကြ၏။

ကျန်သူများကလည်း သူ့အုပ်စုနှင့်သူ နားနေကြသည်။

“အခုဆို စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတော့ . . . သူတို့တပ်တွေ အခြေတကျဖြစ်တဲ့အခါ ခင်ဗျားကို ဒီထက်ပိုပြီးတော့ အသည်းအသန်လိုက်ရှာကြမှာပဲ”

မောင်ရိန်က စကားစသည်။

“ရှင်က ဘာလို့ အဲဒီလိုထင်တာလဲ”

“ခင်ဗျားက က နေဝင်းစစ်တပ်မှာ ရှားရှားပါးပါး အမေရိကန်စစ်သင်တန်းက ဆင်းလာတဲ့ အမျိုးသမီးအရာရှိလေ”

ကြည်ကြည်က ပြုံးလိုက်၏။

“ကျွန်မက သူတို့အတွက် အဲ့ဒီလောက်အရေးမပါဘူးထင်ပါတယ်”

“ခုနက ပြည်သူ့စစ် ငါးယောက်လောက်ဝိုင်းပစ်တာကို ခင်ဗျားတစ်ယောက်ထဲ ရအောင် ခုခံခဲ့တာနော် . . . ဒါ ခင်ဗျားအရည်အချင်းပဲလေ . . . အမှန်ဝန်ခံရရင် . . . ကျွန်တော်တောင် ကွန်မြူနစ်အဖြစ် တောခိုခဲ့တာကြာပြီ . . . အခုထိ ရန်သူစစ်သားတစ်ယောက်တောင် မပစ်သတ်ခဲ့ရသေးဘူး . . . ပြီးတော့ . . . ခင်ဗျားပစ်သတ်လိုက်တဲ့အထဲ ပြည်သူ့စစ်တွေတင်မကပဲ . . . စစ်တပ်က နောက်ချန်ထားခဲ့တဲ့ စစ်သားနှစ်ယောက်ပါတယ်”

“ကျွန်မ တူမလေးကို ကျွန်မ ကာကွယ်လိုက်တာပါ . . . ကျန်တာ ကျွန်မ ဂရုမစိုက်ဘူး . . . ကျွန်မ တူမလေးကို ဒီငရဲတွင်းထဲက မြန်မြန်ဆွဲထုတ်သွားဖို့ပဲ”

“ငရဲတွင်း . . . ဟုတ်လား . . . ကျွန်တော်တို့လည်း အတူတူပါပဲဗျာ . . . ဒီငရဲတွင်းကြီးထဲမှာ . . . ”

မောင်ရိန် ၏ ပြောလက်စ စကားက ရပ်တန့်သွားသည်။

“ရှင်တို့ . . . ရွေးချယ်မှုနဲ့ ရှင်တို့လေ . . . ကျွန်မ တွေးကြည့်မိပါတယ် . . . ရှင်တို့ ဒီလို ဒုက္ခဆင်းရဲတွေကြားထဲကနေ သူပုန်လုပ်နေကြတာ . . . ဘာအတွက်များလဲလို့”

“ဒီမေးခွန်းမျိုးကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက . . . ဖော်မိုဆာကျွန်း . . . ယိုးဒယားကနေတစ်ဆင့် . . . ထားဝယ်မြေကို ဖြတ်ပြီးဝင်လာတဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော် ဘီအိုင်အေ က ခေါင်းဆောင်တွေကိုလည်း မေးကြည့်ရမှာပါပဲ . . . မကြည်ကြည် . . . ကျွန်တော်တို့ဟာ မကြည်ကြည်တို့ စစ်တပ်က ဝါဒဖြန့်နေသလို . . . တစ်ယောက်ယောက်က နိုင်ငံတစ်ခုခုက မြှောက်ပေးလို့ . . . ဒီတော်လှန်ရေးကို လုပ်နေကြတာမဟုတ်ဘူး . . . စစ်ရဲ့ ဒဏ်ကို ခါးစည်းခံခဲ့ရတဲ့ ဒီမြေပေါ်က လူထုလူတန်းစားအတွက် ဒီလို ငရဲခန်းကြီးကို ခါးစည်းခံဖြတ်သန်းနေကြတာပါ . . . အမျိုးသားတွေ‌ရော အမျိုးသမီးတွေပါ တန်းတူရည်တူ တက်ညီလက်ညီ ဒီငရဲခန်းကြီး ပြီးဖို့ ကြိုးစားနေကြတာပါ”

မောင်ရိန်၏ စကားအဆုံးတွင် ကြည်ကြည်က အကြာကြီးငြိမ်သက်နေသည်။

ထိုအချိန်တွင် ဗိုလ်မှူးကျော်တင့်၊ သခင်ဗစီနှင့် ထားဝယ်အမျိုးသမီးသမဂ္ဂခေါင်းဆောင် ဒေါ်တင်စိန်အပါအဝင် အမျိုးသမီးများ က သူတို့ဆီရောက်လာကြ၏။

ဗိုလ်မှူးကျော်တင့်က ကြည်ကြည်၏ ‌ရှေ့တွင် ထိုင်ချလိုက်သည်။

“မကြည်ကြည် . . . ကျွန်တော်တို့တွေ . . . အခုပဲ အရေးပေါ် အစည်းအဝေးတစ်ခု လုပ်လိုက်ပါတယ် . . . အစည်းအဝေး ဆုံးဖြတ်ချက်အရ . . . မကြည်ကြည်ဟာ ပြီးခဲ့တဲ့တိုက်ပွဲမှာ ကျွန်တော်တို့ရဲ့ အမျိုးသမီးများနှင့်အတူ ပါဝင်ကာကွယ်ခဲ့တယ် . . . မကြည်ကြည်နဲ့ အဖွဲ့အစည်းတစ်ခုတည်းဖြစ်တဲ့ ရန်သူစစ်သားတွေကိုတောင် ပစ်ခတ်ခဲ့ပါသေးတယ် . . . ဒီတော့ . . . ကျွန်တော်တို့အပေါ် မကြည်ကြည်ရဲ့ ကျေးဇူးရှိနေပါပြီ . . . ဒီကျေးဇူးအတွက် မကြည်ကြည်ကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ဆုံးဖြတ်ပါတယ် . . . ဒီဆုံးဖြတ်ချက်အတွက် ဗဟိုက အရေးယူမယ်ဆိုလည်း ဒီယူနစ်ရဲ့ ကွန်မန်ဒါဖြစ်တဲ့ ကျွန်တော်တစ်ယောက်ပဲ ခံယူသွားမှာပါ”

ဗိုလ်မှူးကျော်တင့်၏ စကားအဆုံးတွင် သက်ပြင်းချသံများ ကြားလိုက်ရသည်။

“ကျွန်မ မပြန်ဘူး . . . ကျွန်မ တယောက်တည်း မပြန်နိုင်ဘူး . . . ကျွန်မ ဒီကိုလာတာ . . . ကျွန်မ တူမလေးကို ခေါ်ဖို့လာတာပါ . . . မိုးကြည်မပါဘဲ ကျွန်မ မပြန်သွားနိုင်ဘူး”

“သေချာစဉ်းစားပါဦး . . . မကြည်ကြည်..ခင်ဗျားကို ဒီလို ပြန်လွှတ်ဖို့ဆိုတာ . . . ကျွန်တော်တို့အချင်းချင်းတောင် အတိုက်အခံတွေအများကြီးလုပ်ပြီးမှ ထွက်လာတဲ့ ရလဒ်ပါ . . . အခု မိုးလင်းတာနဲ့ ကျွန်တော်တို့ရဲဘော်တစ်ယောက်က မကြည်ကြည်ကို မော်တော်ကားလမ်းအထိ ဆင်းနိုင်မယ့်လမ်းကို လိုက်ပို့ပေးမှာပါ”

“ကျွန်မ ပြောပြီးပြီ . . . ကျွန်မ ရည်ရွယ်ချက်က ကျွန်မရဲ့ တစ်ဦးတည်းသောသွေးသားဖြစ်တဲ့ မိုးကြည်ကို ပြန်ခေါ်ဖို့ပဲ”

“သမီး . . . မလိုက်နိုင်ဘူး”

မိုးကြည် ၏ အသံ။

“အမေရှိစဉ်ကတည်းက ဒီရဲဘော်တွေနဲ့ သမဂ္ဂက အဒေါ်တွေဟာ သမီးရဲ့ သွေးသားအရင်းအချာတွေပါပဲ . . . သမီး အသက်ကို ဒေါ်လေးကြည်ကြည် ကယ်ခဲ့တာကို ကျေးဇူးတင်ပါတယ် . . . ဒါပေမယ့် . . . ဘယ်လောက်ဒုက္ခရောက်ရောက် . .. သမီး ဒီက ရဲဘော်တွေနဲ့ပဲ နေခဲ့မှာပါ.ပြီးတော့ . . . သမီးရဲ့ အမေ၊ သမီးရဲ့ ဦးလေးအဒေါ်တွေ၊ သမီးရဲ့ သူငယ်ချင်းတွေကို သတ်ခဲ့တဲ့ စစ်တပ်မှာ လုပ်နေတဲ့ ဒေါ်လေးနောက်ကို ပိုပြီးတော့တောင် မလိုက်နိုင်ပါဘူး”

အရှေ့ဘက်ဆီမှ ရောင်နီနွေးနွေးက မိုးကြည်၏ မျက်နှာနုနုလေးပေါ်တွင် ဖြာကျနေပြီဖြစ်သည်။

အားလုံးခေတ္တမျှ တိတ်ဆိတ်သွား၏။

“စဉ်းစားပါ မကြည်ကြည်”

ဗိုလ်မှူးကျော်တင့်၏ အသံ။

“ကျွန်မ မိုးကြည်ရဲ့ အဒေါ်တစ်ယောက်အနေနဲ့ . . . ရှင်တို့နဲ့လိုက်ခဲ့မယ်”

ကြည်ကြည် က ပြတ်ပြတ်သားသားဆိုသည်။

“ခင်ဗျားကြောင့် စစ်တပ်က ကျုပ်တို့နောက်ကိုလိုက်ရင်း..ရွာသားတွေကို သတ်ပစ်ခဲ့တာ . . . ကျုပ်တို့ယူဂျီ သီလရှင်ကြီးကို သတ်ပစ်ခဲ့တာ . . . အဲဒါတွေ ခင်ဗျားသိလား . . . အခုလည်း ခင်ဗျားက ကျုပ်တို့ကို ဒုက္ခလိုက်ပေးနေဦးမှာလား”

အနီးအနားမှ ရဲဘော်တစ်ဦးမှ ဒေါသတကြီးဖြင့် ထပြောလိုက်၏။

“ရဲဘော်ထွန်းမောင် . . . ”

ဗိုလ်မှူးကျော်တင့် အသံက တင်းမာသွားသည်။

“ရဲဘော်ရဲ့ အတွေးအခေါ်နဲ့ ဒေါသကို ထိန်းပါ . . . ဖက်ဆစ်စစ်တပ်ဟာ..ဒီတိုင်းလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ဖျက်ဆီးနေတာပဲမဟုတ်လား . . . ဒီကိစ္စတွေဟာ.ဘယ်သူ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး . . . တာဝန်အရှိဆုံးက ဖက်ဆစ်စစ်တပ်ပဲ”

“ဟုတ်”

“ကဲ . . . မကြည်ကြည် . . . အချိန်မရှိဘူး . . . ရောင်နီလည်းလာနေပြီဆိုတော့ . . . ခင်ဗျား အမြန်ဆုံးဖြတ်ပါ”

“ကျွန်မ ဆုံးဖြတ်ပြီးပါပြီ . . . ကျွန်မ တူမလေးမိုးကြည် ကျွန်မနဲ့ ပြန်မလိုက်မချင်း . . . သူနဲ့အတူ ကျွန်မ ရှိနေမှာပါ . . . ပြီးတော့ . . . စစ်တပ်ဟာ နိုင်ငံရေးမှာ ပါဝင်တာကို ကျွန်မ အစကတည်းက အယုံအကြည်မရှိပါဘူး . . . ဒီတော့ . . . ကျွန်မ စစ်တပ်ဆီကို ပြန်မသွားဖို့ ဆုံးဖြတ်ပြီးပါပြီ”

“ဒါဆို ပုဂ္ဂလိကအရေးကိစ္စနဲ့တော့ ကျုပ်တို့ စစ်ကြောင်းထဲ ခင်ဗျားကို လိုက်ဖို့ခွင့်မပြုနိုင်ဘူး . . . ခင်ဗျားရဲ့ ဖက်ဆစ်စစ်တပ်မှာ တာဝန်ထမ်းခဲ့တဲ့ အတိတ်က အတွေးအခေါ်တွေ၊ ဗီဇတွေကို ဖျောက်ဖျက်ပစ်ရမယ်..ဒီအတွက် ခင်ဗျားကို အတွေးအခေါ်သန့်ရှင်းစေဖို့ . . . မိမိကိုယ်ကိုယ်ဝေဖန်ရေးနဲ့ သဘောတရား‌ရေးရာတွေကို လေ့လာဖို့အတွက် ပါတီဗဟိုဆီ ကျုပ်တို့ တင်ပြပေးမယ်”

“ကျွန်မသဘောတူပါတယ်”

“ကဲ . . . ဒါဆို . . . အားလုံးရှေ့ဆက်ထွက်ဖို့ပြင်မယ် . . . ဪ . . . မကြည်ကြည် . . . ဒီအတောအတွင်း ခင်ဗျားကို ကျွန်တော်တို့ စောင့်ကြည့်နေမှာပါ . . . တစ်ခုခုဆိုရင်တော့ . . .
ကျုပ်တို့ စစ်ကြောင်းတစ်ခုလုံးလုံခြုံရေးအတွက် ကျွန်တော်တို့ လုပ်သင့်တာကို လုပ်မှာပါ . . . သူ့ကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ အတွေးအခေါ် ဆေးကြောဖို့ ရဲဘော် မောင်ရိန်ကို တာဝန်ပေးတယ်”

ဗိုလ်မှူးကျော်တင့်နှင့် အဖွဲ့က အနားမှ ပြန်လည်ထွက်ခွာသွားသည်။

ကြည်ကြည်၏ နံဘေးတွင် မောင်ရိန်နှင့် မိုးကြည်သာ ကျန်ရစ်တော့၏။

……………………………………………..

ရှစ်နှစ်ခန့်အကြာ။ ၁၉၆၆ ခုနှစ်။ မေလ ၏ နံနက်ခင်းတစ်ခု။

အော့က္လော့ဝပ်ကျေးရွာ၊ လောင်းလုံးမြို့နယ် တောင်ဖျားပိုင်း၊ ရှင်မော်အနီးက ရွာကလေး။

အရှေ့ဘက်တွင်တော့ ထားဝယ်မြစ်ဝ ကျယ်ကျယ်၊ တောင်ကြောလေးအတိုင်း အနောက်သို့ဆက်သွားလျှင်တော့ ညောပြင်ရွာ။ အဲဒီနောက်မှာတော့ ထားဝယ်တို့၏ ထမင်းအိုး ပင်လယ်ပြင်ကြီး။

“ဗိန်း . . ; ထုံ . . . ဗိန် . . . ဗိန်း . . . ထုံ . . . ဗိန်”

အိုးစည်၊ လင်ကွင်း၊ မောင်းကြီးနှင့် ဝါးလက်ခုပ်သံအလိုက်တို့ဖြင့် မြိုင်လှသော မိုးခေါ်တီးလုံးက အော့က္လော့ဝပ်ဘုန်းတော်ကြီးကျောင်းဝန်းရှေ့ ကွက်လပ်တွင် မြူးမြူးကြွကြွ။

သင်္ကြန်ကာလပြီးမြောက်သော်လည်း ဖက်ဆွတ်မိုးဖြင့် မရွာသေးသဖြင့် ထားဝယ်ရိုးရာ ငါးခုံးမ ရေမြူးပွဲ ကျင်းပနေခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းရှေ့ ကွက်လပ်တွင် မဏ္ဍပ်ကြီးထိုးကာ အိုးစည်ဝိုင်းဖြင့် ကျင်းပကြသည့် ငါးခုံးမရေမြူးပွဲ။

‌ထားဝယ်ရိုးရာရာဇဝင်လာ ဂေါဝိန္ဒရသေ့နှင့် ငါးခုံးမတို့ မှ ရရှိလာသည့် ရှင်ဇံမင်းမှ မိခင် ငါးခုံးမကို ပူဇော်သည့်ပွဲ တစ်ဖြစ်လဲ..မိုးခေါ်ပွဲလည်းဖြစ်သ်ည်။

မဏ္ဍပ်အတွင်း ကြေးဖလားကြီးတစ်ခုအတွင်း ငါးခုံးမရုပ်ရှိနေ၏။ ထိုကြေးဖလားကို ရေတံလျှောက်သွယ်တန်းထားပြီး ရွာသူရွာသားများက ရေများသွန်းလောင်းထည့်ကြရသည်။

အိုးစည်ဝိုင်းကလည်း ထားဝယ်ရိုးရာမိုးခေါ်သီချင်းကို မြူးကြွစွာတီးခတ်နေ၏။

“ကြည်”

လက်တစ်ဖက်က ကြည်ကြည်၏ ပုခုံးကို ဖက်လိုက်၏။

ကြည်ကြည်က မောင်ရိန်ကို ပြုံးပြလိုက်သည်။

“အိမ်မှာ ဗိုလ်မှူးကျော်တင့် တို့လင်မယားရောက်နေတယ်”

“ဟယ် . . . ဘယ်လိုဖြစ်တာလဲ”

မောင်ရိန်၏ မျက်နှာက သိပ်မကောင်း။

“ပြန်ကြစို့”

ကိုယ်ဝန် ရှစ်လ ရှိနေပြီဖြစ်သော ကြည်ကြည်၏ ပုခုံးကို မောင်ရိန်က ဖေးမကာ ပွဲခင်းထဲမှ ထွက်လာခဲ့လိုက်၏။

ပြီးခဲ့သည့် ရှစ်နှစ်တာကာလအတွင်း မိုးကြည်အား စောင့်ရှောက်ရန် လိုက်လာခဲ့သော ကြည်ကြည်တစ်ယောက် စစ်တပ်အာဏာဒုတိယအကြိမ်ထပ်သိမ်းပြီး ၁၉၆၃ ခုနှစ်တွင်တော့ မောင်ရိန်နှင့် အိမ်ထောင်ကျသွားခဲ့ပြီ။

အိမ်စောင့်အစိုးရသည် ၁၉၅၉ ခုနှစ်တွင် ရွေးကောက်ပွဲပြန်လုပ်ပေးပြီးနောက် အနိုင်ရပါတီဖြစ်သည့် သခင်နု ၏ ပထမစပါတီကို အာဏာပြန်အပ်ခဲ့သည်။

သို့သော် ၁၉၆၂ ခုနှစ်တွင်မူ အာဏာ၏ အရသာကို ယစ်မူးမိသွားပြီဖြစ်သည့် ဗိုလ်ချုပ်နေဝင်းမှာ နိုင်ငံတော်အဏာကို အတင်းအဓမ္မပြန်လည်သိမ်းယူသည်အထိ ဖြစ်သွားတော့၏။

၁၉၆၃ တွင် ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရသည် လက်နက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စတင်ကမ်းလှမ်းလာသည်။

သခင်ဗသိန်းတင်ဦးဆောင်သည့် တရုတ်ပြည်ရောက်ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီများသည် တော်လှန်ရေးကောင်စီအစိုးရခွင့်ပြုချက်ဖြင့် ရန်ကုန်သို့ရောက်ရှိလာသည်။

ထို့နောက် ပေါက်ခေါင်းမြို့အနီး ပဲခူးရိုးမစခန်းတစ်ခုတွင်ကျင်းပသည့် ပြည်တွင်းဗဟိုကော်မတီဝင်များနှင့် ဆွေးနွေးပွဲသို့ တက်ရောက်သည်။

၁၉၆၃ စက်တင်ဘာလအတွင်း တော်လှန်ရေးကောင်စီနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဆွေးနွေးပွဲများ စတင်ပြီးနောက် သဘောတူညီချက်တစ်စုံတစ်ရာမရဘဲ ဆွေးနွေးပွဲများ ရပ်တန့်သွားတော့၏။

ထိုကာလများအတွင်း ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီမှာ စစ်ဆင်ရေးကြီးများ ပြုလုပ်ခြင်းမရှိဘဲ..တော်လှန်ရေးကောင်စီအစိုးရ တည်မြဲရေးကိုသာ ဆက်လက်ရုန်းကန်နေခဲ့သည်။

၁၉၅၉ ခုနှစ်ကပင် တပ်ပြေးအဖြစ် ကြေညာခံလိုက်ရသော ကြည်ကြည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ လေ့လာသူပါတီဝင်အဖြစ် အသိအမှတ်ပြုခံရပြီဖြစ်သည်။

ထားဝယ်အမျိုးသမီးသမဂ္ဂတွင် မိုးကြည်ကလည်း လူငယ်ခေါင်းဆောင်တစ်ယောက်ဖြစ်လာနေ၏။

ပီကင်ပြန်အမျိုးသမီးအချို့နှင့်အတူ မိုးကြည်သည် ကျေးလက်ဒေသများ၊ တောတွင်းပြောက်ကျားဒေသများမှ ပြည်သူလူထုများအတွက် ကျန်းမာရေး၊ ပညရေး လုပ်ငန်းများကို လိုက်လံကူညီလုပ်ဆောင်ပေးခဲ့သည်။

နယ်လှည့်ဆေးကျောပိုးအိတ်များနှင့် ကျေးလက်ဒေသများတွင်လှည့်လည်ဆေးကုခြင်းများ ပြုလုပ်ပေးခဲ့သည်။

ထားဝယ်အမျိုးသမီးသမဂ္ဂ၏ လတိုဆေးသင်တန်းများ၊ ရက်တိုကျန်းမာရေးပညာပေးသင်တန်းများ လုပ်ဆောင်ရာတွင် ထားဝယ်အမျိုးသမီးသမဂ္ဂနှင့်အတူ မိုးကြည်က စည်းရုံးရေးခေါင်းဆောင်အဖြစ် ပါဝင်ခဲ့၏။

၁၉၆၃ တွင် မောင်ရိန်နှင့် ကြည်ကြည် အိမ်ထောင်ပြုလိုက်ကြပြီးနောက် နှစ်နှစ်အကြာမှ ပထမဆုံး ကိုယ်ဝန်ကို ဆောင်ရခြင်းပင်။

စစ်ဆင်ရေးအခြေအနေများကလည်း ငြိမ်သက်နေပြီး . . . ကြည်ကြည်၏ ကိုယ်ဝန်လည်း လရင့်နေပြီဖြစ်သဖြင့် ပါတီမှ မောင်ရိန် ကို မြေပေါ်ယူဂျီဆက်သွယ်ရေးတာဝန်ခံအဖြစ် အော့က္လော့ဝပ်ကျေးရွာတွင် အသွင်ယူနေထိုင်စေခဲ့ခြင်းဖြစ်သည်။

“မမတင်”

အိမ်ခြံဝန်းထဲရောက်သည်နှင့် ဗိုလ်မှူးကျော်တင့်ဇနီး ဒေါ်တင်စိန်က ကြည်ကြည့်ထံ လှမ်းလာကာ ဖေးမလိုက်၏။

ဗိုလ်မှူးကျော်တင့်ကလည်း ကြည်ကြည့်ကို ပြုံးပြလိုက်သည်။ နွေခေါင်ခေါင် အနွေးထည်ထူထူကြီးဝတ်ထာသည့် ဗိုလ်မှူးကျော်တင့်ပုံစံမှာ မောဟိုက်နေ၏။

ထို့နောက် ဗိုလ်မှူးကျော်တင့်ကို မောင်ရိန်တို့က တွဲကာ အိမ်အပေါ်ထပ်သို့ တက်သွားကြ၏။

“ဘယ်လိုဖြစ်ကြလို့ . . . စခန်းကနေ ရွာထဲ ဆင်းလာကြတာလဲ . . . မမတင်ရယ် . . . ဗိုလ်မှူးကြည့်ရတာလည်း နေကောင်းပုံမရဘူး”

“တို့ချည်းပဲ မဟုတ်ဘူး . . . ကြည်ကြည်..တပ်တွေအကုန်လုံး ဗျူဟာအရ အောက်ဘက်ကိုဆုတ်ပြီးမှ ခံတိုက်ကြမလို့ . . . စစ်တပ်က အရှေ့ဘက်ကမ်း (သရက်ချောင်းဘက်) မှာ အယောင်ပြလှုပ်ရှားပြနေပြီး၊ လောင်းလုံးကို ရုတ်တရက်ဝင်လာမယ်လို့ အတွင်းသတင်းရထားတယ် . . . ဒါကြောင့် တပ်တွေကို အသာလေး ဒီဘက်အဆုတ်ပြပြီးမှ သူတို့ကို ချောင်ပိတ်တိုက်ကြမလို့”

“မမတင်တို့ကရော . . . ဘာလို့ တစ်ခါတည်းလိုက်မသွားတာလဲ”

“နင်တို့ ဗိုလ်မှူးလေ . . . ငှက်ဖျားဖြစ်နေတာ . . . လမ်းဆက်လျှောက်ဖို့မနိုင်တော့လို့ . . . ထမ်းစင်နဲ့ခေါ်မယ်ဆိုတော့လည်း သူက သူ့ကြောင့် စစ်ဆင်ရေးမှာ ဝန်ထုပ်ဝန်ပိုးဖြစ်မှာစိုးနေတာ . . . ဒါနဲ့ အော့က္လော့ဝပ်မှာ တစ်ရက်နှစ်ရက်နေပြီး . . . ဆေးဆရာနဲ့ပြပြီးမှ လိုက်သွားကြမယ်ဆိုပြီး ဒီကိုဝင်လာတာပဲ . . . ပြီးတော့ ကြည်ကြည့်ကိုယ်ဝန်ကိုလည်း မမတင်က ဝင်ကြည့်ချင်တာလည်းပါတယ်”

ထိုအချိန်တွင် ချိုင့်ထောက်ကလေးနှင့် မိုးကြည် က အိမ်တွင်းသို့ ဝင်လာ၏။

“ဟင် . . . ဒါနဲ့ . . . မိုးကြည်ရောဟင်”

“စိတ်ချပါ . . . ကြည်ကြည် . . . ကြည်ကြည် မှာခဲ့တဲ့အတိုင်း တို့တွေ မိုးကြည်ကို စောင့်ရှောက်ထားပါတယ် . . . သူ့ကို အစောကြီးကတည်းက လုံခြုံတဲ့ မော် ၃ စခန်းကို ပို့ထားပြီးပါပြီ . . . သမဂ္ဂအတွက်လည်း သူက အတော်‌လေးကို အားကိုးရပါတယ်”

ထိုအချိန်တွင် မောင်ရိန်က အောက်သို့ ပြန်ဆင်းလာ၏။

“ကြည်ကြည် . . . ကိုယ် . . . ဆေးဆရာသွားပင့်လိုက်ဦးမယ် . . . ဗိုလ်မှူးတို့ကို ထမင်းဟင်းချက်ကျွေးဖို့ လုပ်ထားပါဦး”

“အမယ်လေး . . . ဟင်းစားနဲ့ ဆန်ထားတဲ့ နေရာသာပြ . . . ငါချက်လိုက်ပါမယ် . . . မောင်ရိန်ရဲ့ . . . မင်းမိန်းမ နေ့စေ့လစေ့ကို မခိုင်းပါနဲ့”

ဒေါ်တင်စိန်က မောင်ရိန်ကို ခပ်ဟောက်ဟောက်လေး ပြောလိုက်သည်။

……………………………………………..

ဆေးဆရာပြန်ကြွသွားခဲ့ပြီ။

အိမ်ရှေ့ခန်းတွင် ဒေါ်တင်စိန်က ငှက်ဖျားထနေသော ခင်ပွန်းဖြစ်သူကို ကြက်စွပ်ပြုတ်ပူပူနွေးနွေး ခွံ့တိုက်နေသည်။

မောင်ရိန် က သူ၏ စတင်းဂန်းသေနတ်ကို ဝှက်ထားရာမှ ထုတ်ယူပြီး အိမ်ခန်းထဲတွင် တိုက်ချွတ်နေ၏။

ကြည်ကြည်ကတော့ . . . ကိုယ်ဝန်နှင့်မို့ အခန်းထဲရှိ ကုတင်တွင် လှဲလျောင်းနေသည်။

“ဒိန်း”

သေနတ်သံတချက်။

“ဗကပ ကျော်တင့် . . . ခင်ဗျား ကို ဗမာ့တပ်မတော်က ဝိုင်းထားပြီ . . . ပြန်ခုခံဖို့ မကြိုးစားပါနဲ့”

အပြင်မှအော်သံကြောင့် . . . မောင်ရိန်က စတင်းဂန်း ကျည်ကတ်ကို အမြန်ကောက်တပ်လိုက်သည်။

ဒေါ်တင်စိန်ကလည်း ခါးကြားတွင် အသင့်ထိုးထားသော ခြောက်လုံးပြူးသေနတ်ကို ထုတ်လိုက်၏။

ခက်ဇော်

အခန်း ၁၃ ကိုဆက်လက်ဖတ်ရှုရန် >>>