မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ဒေသခံများ ထံမှသိရသည်။
စစ်ကောင်စီတပ်အပါအဝင် ပျူစောထီးများရှိသည့် မီးလောင်းချောင်းရွာ ဂိတ်စခန်းကို ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး မြိတ်ခရိုင်တပ်ရင်း(၁)နှင့် တောကြီးမြွေဟောက်အဖွဲ့တို့ သွားရောက် တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။
သွားရောက်တိုက်ခိုက်စဥ် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
“တိုက်ပွဲကဖြစ်သွားတယ်။ထိခိုက်မှုကတော့ အတည်ပြုလို့မရသေးဘူး။ရွာသားတွေလည်း အရင်လိုပြေးရလွှားရတာမျိုး မရှိခဲ့ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။

မီးလောင်ချောင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ကျောင်းနိမ့်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ ချက် ပစ်ခတ်ခဲ့ပြီး နေအိမ်များအနီးပေါက်ကွဲခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
မီးလောင်ချောင်းရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာလနှင့် ၂၀၂၃ ဇန်နဝါရီလတို့တွင်လည်း ယင်းဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ကျဆုံး ဒဏ်ရာရမှု ရှိခဲ့သည်။
ပုလောမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် လက်ရှိတွင် စစ်ကောင်စီဂိတ်စခန်းများ တိုက်ခိုက်ခံရမှု ခပ်စိတ်စိတ် ဖြစ်လာနေသည်။