BREAKING
January 10, 2025

အများသုံးလှည်းလမ်းပိတ်သူကို အမှုဖွင့်

July 28, 2020

ထားဝယ် အထူးစီးပွားရေးဇုန်နယ်မြေတွင် ဒေသခံများ အသုံးပြုနေသည့် လှည်းလမ်းပိတ်ထားသူကို အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရေဖြူမြိ့နယ်ရှိ ထိန်ကြီးကျေးရွာတွင် ယခင်ခေတ်အဆက်ဆက်မှ အများပြည်သူဖြတ်သန်းသွားလာနေသည့် လှည်းလမ်းကို ယင်းရွာအနီးရှိကျေးရွာတွင် နေထိုင်သည့် လင်မယားနှစ်ဦးက ပြီးခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ ပိတ်ဆို့ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထိုသို့ပိတ်ဆို့ပြီး သီဟိုဠ်ပင်နှင့် ရော်ဘာပင်များ စိုက်ပျိုးထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းသို့ပိတ်ဆို့ထားသဖြင့် လှည်းလမ်းကို ဖြတ်သန်းခွင့်ပြုရန် ကျေးရွာရပ်မိရပ်ဖများနှင့် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း ဖြတ်သန်းခွင့်မပြုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုကြောင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ယင်းနေရာအနီးတစ်ဝိုက်ရှိ မယင်းကြီး ကျေးရွာ၊ ပရဒတ်ကျေးရွာနှင့် ထိန်ကြီးကျေးရွာနေ ဒေသခံ ၁၉ ဦးလက်မှတ် ထိုးကာ ရေနက်ဆိပ်ကမ်းနယ်မြေရဲစခန်းထံ လာရောက်တိုင်တန်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လှည်းလမ်း ပိတ်ဆို့ထားသည့် လင်မယားနှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၄၁ ဖြင့် ရေနက်ဆိပ်ကမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။