ကမ္ဘာ့ကျန်းမာရေး ကပ်ဘေးဆိုး ဖြစ်သော ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု တဟုန်ထိုး မြင့်တက်လာသည့် ယခုနှစ် ဧပြီလဆန်းပိုင်းကစ၍ ကမ္ဘာတစ်ဝန်းရှိ စာသင်ကျောင်း ကိုးဆယ် ရာခိုင်နှုန်းကျော် ပိတ်ခဲ့ရသည်။ ဥရောပနှင့် အရှေ့အာရှနိုင်ငံများ၌ ကျောင်းပြန် ဖွင့်ခဲ့သော်လည်း ကျန်ဒေသများတွင်မူ အခြေအနေ သိပ်မကောင်းလှပါ။
အမေရိကန်နိုင်ငံရှိ ကျောင်းအချို့သည် စာသင်နှစ် ပြန်စသည့်အခါ ကျောင်းတံခါးများကို ဆက်ပိတ်ထားပြီး နေအိမ်မှပင် သင်ယူစေရန် စီစဉ်နေသလို ကင်ညာနိုင်ငံက စာသင်နှစ်တစ်နှစ်လုံး ပယ်ဖျက်လိုက်ကြောင်း ကြေညာသည်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး မတွေ့မချင်း ကျောင်းများ ပိတ်ထားမည်ဟု ပြောဆိုထားသည်။ တောင်အာဖရိကနိုင်ငံတွင် ကာစီနို လောင်းကစားရုံများ ပြန်ဖွင့်ပေးခဲ့သော်လည်း ကျောင်းတံခါးများကို ပိတ်ထားဆဲ ဖြစ်သည်။
အွန်လိုင်းကနေသင်ယူဖို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ
ကျောင်းသားလူငယ် မျိုးဆက်သစ်တို့၏ စိတ်အာရုံသည် အလဟဿ လေလွင့်ဆုံးရှုံး နေရပါသည်။
ကပ်ရောဂါနှင့် ပတ်သက်၍ မိဘများ စိုးရိမ်ပူပန်ကြခြင်းမှာ ဖြစ်သင့်ပါသည်။ ကိုဗစ်-၁၉ သည် အသစ်အဆန်း ရောဂါပိုးဖြစ်သလို ၎င်း၏ သဘောသဘာဝကိုလည်း ပညာရှင်များ လေ့လာ နေရဆဲဖြစ်သည်။ စာသင်ကျောင်းများမှာ လူထူထပ်ပြီး ကလေးငယ်များက ခပ်ခွာခွာနေရမည့် Social Distancing ကို လိုက်နာကြမည် မဟုတ်ပါ။
ကြိုတင်ကာကွယ်ခြင်းက သင့်လျော်ပါသည်။ အထူးသဖြင့် ကူးစက်မှုများ မြင့်တက်နေချိန်တွင် ဖြစ်သည်။
သို့သော် ကျောင်းတံခါးများ ပြန်ဖွင့်ပေးလိုက်ခြင်းက ကုန်ကျစရိတ်ထက် အကျိုးအမြတ် ပိုများပါလိမ့်မည်။
ကိုရိုနာဗိုင်းရပ်စ်က ကလေးငယ်များအတွက် အန္တရာယ်သိပ်မရှိကြောင်း မှတ်တမ်းများက သက်သေဖြစ်သည်။ အသက် ၁၈ နှစ်အောက် လူငယ်နှင့် ကလေးများသည် ဗိုင်းရပ်စ်ကူးစက်နိုင်ချေက လူကြီးများထက် ခြောက်ပုံတစ် ပုံခန့်သာ ရှိသည်။ ဆယ်နှစ်အောက် ကလေးငယ်များဆိုလျှင် သက်ကြီးရွယ်အို ၇၀ ကျော်များနှင့်ယှဉ်လျှင် ဗိုင်းရပ်စ်ကြောင့် သေဆုံးနိုင်ခြေက တစ်ထောင်ပုံ တစ်ပုံသာရှိကြောင်း တွေ့ရသည်။
ထို့အပြင် ကလေးငယ်များထံမှ အခြားသူဆီသို့ ထပ်ဆင့်ကူးစက်မှုကလည်း အလွန်ပင် နည်းပါးသည်။
ဆွီဒင်နိုင်ငံ၌ မူကြိုနှင့် မူလတန်းကျောင်းများ လုံးဝမပိတ်ခဲ့သော်လည်း ကျောင်းဝန်ထမ်းများသည် အခြားလုပ်ငန်းခွင်မှ ဝန်ထမ်းများထက် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ မပိုခဲ့ပါ။
ဂျာမနီနိုင်ငံ၏ လေ့လာမှုအရလည်း ဆရာနှင့် ကျောင်းသားများ ရောဂါပိုးကူးစက်နိုင်မှု အခြေအနေမှာ နိုင်ငံ၏ ပျမ်းမျှကိန်းဂဏန်း ထက်ဝက်အောက်ပင် လျော့နည်းကြောင်း တွေ့ရ သည်။
အစ္စရေးနိုင်ငံရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ကိုဗစ်-၁၉ ကူးစက်မှု ကြုံခဲ့ရပြီး ဆရာနှင့် ကျောင်းသား စုစုပေါင်း ၁၅၀ ကျော် ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းမျိုး ရှိခဲ့သည်။
သို့သော် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားပါက အန္တရာယ်ကို လျှော့ချနိုင်သည်။
မည်သို့ပင်ဖြစ်စေ ကျောင်းတံခါးများ ပိတ်ထားခြင်းအတွက် ပေးဆပ်ရမှုက အလွန်ကြီးမားသည်။ ကလေးငယ်များ၏ သင်ယူမှု လျော့ကျသွားသလို သင်ယူခြင်း အလေ့အထလည်း လျော့ကျစေသည်။ အွန်လိုင်းမှတစ်ဆင့် သင်ကြား ပေးခြင်းကလည်း သိပ်အလုပ်မဖြစ်ပါ။
ဆင်းရဲနွမ်းပါးသော ကလေးများအတွက် မြန်နှုန်းမြင့်အင်တာနက်လိုင်းရရှိရန် မလွယ်သလို မိဘများ၏ ပညာရေးအခံကြောင့်လည်း အခြားကလေးငယ်များနှင့် ယှဉ်သည့်အခါ နောက်ကောက် ကျနေခဲ့မည်သာ ဖြစ်သည်။
ကျောင်းများ ပိတ်ထားသဖြင့် သားသမီးအား အခြားပို့စရာနေရာ မရှိသည့်အခါ မိဘများ ရုံးလုပ်ငန်းခွင်သို့ဝင်ရန် အခက်တွေ့ရသည်။ မိခင်များက ထိုအခက်အခဲကို ပိုကြုံရပြီး အလုပ်တွင် သူများထက်နောက်ကျ ကျန်ရစ်တော့သည်။
ကျောင်းပြင်ပ၌ ရှိနေသော ကလေးများသည် စိတ်ပိုင်းရုပ်ပိုင်း ထိပါးစော်ကားခံရမှု အပါအဝင် ကာယဉာဏဆိုင်ရာ ပြဿနာများ ပိုမိုရင်ဆိုင်ရနိုင်သည်။ ချမ်းသာသော နိုင်ငံများထက် ဆင်းရဲသောနိုင်ငံများမှ ကလေးငယ်များက အန္တရာယ် ပိုကြုံရမည်ဖြစ်သည်။
အင်တာနက် အဆင်မပြေမှုကြောင့် အွန်လိုင်းသင်ကြားရေး အခက်အခဲကို ကလေးငယ် ၄၆၅ သန်းခန့် ရင်ဆိုင်ရမည် ဟု ဆိုသည်။ အာဖရိကနှင့် တောင်အာရှတွင် ဆိုခဲ့ပါ အခက်အခဲမျိုးစုံကြောင့် မိဘများက သားသမီးများအား ကျောင်းထွက်ရန် သို့မဟုတ် အိမ်ထောင်ပြုလိုက်ကြရန် တိုက်တွန်းနေကြသည်။
ကျောင်းပိတ်ရက် ကြာလေလေ အထက်ပါအခြေအနေမျိုး ပိုကြုံရလေလေ ဖြစ်လာပြီး ကျောင်းပိတ်ထားခြင်း၏ နောက်ဆက်တွဲအဖြစ် ကလေးငယ် ၁၀ သန်းခန့် ကျောင်းထွက်ရနိုင်ကြောင်း ခန့်မှန်းထားသည်။ ယင်းတို့အနက် အများစုက မိန်းကလေးများ ဖြစ်လိမ့်မည်။
ဆင်းရဲတွင်းမှ ရုန်းထွက်ရန်မှာ ပညာရေးသည်သာ အခရာ ဖြစ်သည်။ ပညာရေးမှ သွေဖည်ခြင်းအားဖြင့် ပို၍ ဆင်းရဲသော၊ အသက်တိုသော လိုအင်မပြည့်သော ဘဝများကိုသာ ပိုင်ဆိုင်ရမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ကျောင်းငါးလပိတ်ထားခြင်းကြောင့် ကလေးငယ်များ၏ ဘဝတစ်သက်တာ ဝင်ငွေရရှိနိုင်မှု ဒေါ်လာဘီလီယံ တစ်သောင်းအထိ လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမျှ ထိခိုက်ဆုံးရှုံးနိုင်ခြေများလှ သည်ဖြစ်ရာ စာသင်ကျောင်းများ အမြန်ဆုံး ပြန်ဖွင့်နိုင်ရေး အစိုးရများက ကြိုးစား သင့်သည်။ ကျောင်းပိတ်ခြင်းဖွင့်ခြင်းက နိုင်ငံရေးပြဿနာ မဖြစ်သင့်ပါ။ အမေရိကန်တွင် ကျောင်းဖွင့်ရန် တိုက်တွန်းသူမှာ သမ္မတထရမ့် ဖြစ်နေသဖြင့် ကန့်ကွက်နေခြင်းမျိုးက ဝမ်းနည်းစရာကောင်းသည်။
အချို့နိုင်ငံများတွင် ဆရာများသမဂ္ဂက ပြည်သူ့ကျန်းမာရေး အကျိုးစီးပွား အကြောင်းပြ၍ ကျောင်းမဖွင့်ရန် ဆော်သြနေခြင်းမျိုး ရှိသည်။ တကယ်တော့ ကျောင်းပိတ်ထားလျှင်လည်း လစာရနေသည့် ဆရာများအတွက် ကျောင်းသားများနှင့် လိုအပ်ချက်ခြင်း မတူကွဲပြားလှသည်။
ပြင်သစ်၊ ဒိန်းမတ်၊ တရုတ်နှင့် နယူး ဇီလန်တို့တွင် ကျောင်းများ ပြန်ဖွင့်နေပြီး သူတို့ထံမှ နမူနာကောင်းများ ရနိုင်သည်။ ဗိုင်းရပ်စ်ကြောင့် အန္တရာယ်အဖြစ်နိုင်ဆုံး ဆရာများကို ကျောင်းသို့ မလာစေဘဲ အိမ်၌သာ နေစေသည်။ စာသင်ခန်း၏ အရွယ်အစားကို လျှော့ချပြီး အချိန်ဇယားများကို ပြင်လိုက်သည်။
ဤနည်းအားဖြင့် ကျောင်းစင်္ကြံ၊ ကျောင်းပေါက်ဝနှင့် မုန့်ဈေးတန်းတွင် လူအုံနေခြင်းမျိုးကို တားဆီးသည်။
နှာခေါင်းစည်းများ တပ်ဆင်စေပြီး ဗိုင်းရပ်စ် စစ်ဆေးခြင်းနှင့် ခြေရာခံခြင်းကို ကျောင်း၌ပင် လုပ်စေသည်။ စာသင်ခုံ များအား ခြောက်ပေစီ ခြားထားစေခြင်း အပါအဝင် အထက်ပါ အချက်များအား လိုက်နာရမည့် စည်းကမ်းများအဖြစ် ကျန်းမာရေး တာဝန်ရှိသူများက ထုတ်ပြန်သည်။
ဥရောပနိုင်ငံများသည် ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးရောက်ပြီးနောက် တစ်လအကြာတွင် ကျောင်းများ ပြန်ဖွင့်ခဲ့သည်။ နောက်ပိုင်းတွင် စာသင်ကျောင်းများ၌ ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများအား ဖြေလျော့ပေးပြီး ကျောင်းသားအားလုံး တစ်ပြိုင်နက် ကျောင်းတက်စေနိုင်ခဲ့သည်။
သို့သော်လည်း ရောဂါပိုး ကူးစက်မှုက ဆိုးရွားလာခြင်း မရှိပါ။
ထို့ကြောင့် ကိုဗစ်-၁၉ ကူးစက်မှု ဆိုးရွားသည့် ဒေသများအနေနှင့် ရောဂါကူးစက်မှုကို ဦးစွာထိန်းချုပ်ရန် လိုအပ်ပြီး ကျောင်းများအား တစ်ဆင့်ချင်း ပြန်ဖွင့်နိုင်သည်။ ကျောင်းစဖွင့်ချိန်တွင် ကျောင်းသားအားလုံး တစ်ပြိုင်နက် ကျောင်းပြန်တက်နိုင်မည် မဟုတ်သည့်တိုင် ကျောင်းလုံးဝ ပိတ်ထားခြင်းထက်ပိုပြီး အကျိုးရှိစေမှာ သေချာသည်။ ထို့နောက် ဥရောပရှိ ကျောင်းများကဲ့သို့ ဖြေလျော့မှုများ လုပ်ဆောင်နိုင်သည်။
ဖွံ့ဖြိုးဆဲနှင့် ဖွံဖြိုးမှုနည်းပါးသော နိုင်ငံများတွင် အခြေအနေက ပိုခက်ခဲသည်။ ယင်းနိုင်ငံများတွင် ကျောင်းများ၏ လေးပုံတစ်ပုံခန့်သာ လက်ဆေးရေနှင့် ဆပ်ပြာရနိုင်သည်။ သို့သော် ထိုကျောင်းများသည်ပင် ကလေးများ ကာကွယ်ဆေး ထိုးနှံရာ၊ အစာအာဟာရ ကျွေးမွေးရာနေရာများ ဖြစ်နေပြန်သည်။
ကျောင်းများပိတ်လိုက်ပါက ကလေးများအတွက် အစာအာဟာရ ပြဿနာနှင့် ကျန်းမာရေး ပြဿနာကြီးများကို ရင်ဆိုင်ရနိုင်ပြီး ယင်းက ကိုဗစ်-၁၉ အန္တရာယ် ထက် အဆမတန်ကြီးမားသည်။ ထို့ကြောင့် ယင်းနိုင်ငံများရှိ အစိုးရများသည် လုပ်သင့် လုပ်ထိုက်သည်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်သင့်သည်။
သမဂ္ဂများကို လျစ်လျူရှုကာ ကျောင်းများပြန်ဖွင့်ရမည်။ ကျောင်းဖွင့်ချိန် ကျောင်းအပ်နှံရေး ကျယ်ကျယ်လောင်လောင် ဆော်သြရန်လိုအပ်ပြီး အထူးသဖြင့် မိန်းကလေးများ ကျောင်းတက်နိုင်ရေး အလေးပေးသင့်သည်။ မိဘများ၏ ပူပင်သောကကို လျှော့ချရန် ငွေကြေးနှင့် နှာခေါင်းစည်းအပါအဝင် ကျောင်းသုံးပစ္စည်းအချို့ ဝေငှပေးသင့်သည်။
ကမ္ဘာတစ်ဝန်းရှိ ကျောင်းတံခါးများကို ဘေးကင်းလုံခြုံစွာ ပြန်ဖွင့်နိုင်ရန်အတွက် စရိတ်စက သက်သာလှမည် မဟုတ်ပေ။ လက်ဆေးရည်ပုလင်းပေါင်း သန်းထောင်ချီ လိုအပ်မည်ဖြစ်သလို စနစ်တကျ စီမံဆောင်ရွက်မှု၊ ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် နောက်ကောက်ကျနေသူများအတွက် ပံ့ပိုးကူညီမှုစသဖြင့် များစွာလိုအပ်ပါလိမ့်မည်။
လိုအပ်ချက်များ ဖြည့်ဆည်းရန် အတွက် အခွန်ထမ်းပြည်သူများ၏ ငွေကြေး အမြောက်အမြား သုံးစွဲရပါမည်။ သို့သော် အခွန်ထမ်းပြည်သူများသည်ပင် ကျောင်းသားမိဘများဖြစ်နေ သည်ကိုလည်း သတိပြုသင့်သည်။ ချမ်းသာသည့် နိုင်ငံများက ဆင်းရဲသောနိုင်ငံများအား ထောက်ပံ့ကူညီသင့်သည်။
အခက်အခဲအတားအဆီးများက မနည်းမနော ရှိနေသည်။ သို့သော် သန်းရာနှင့်ချီသော အနာဂတ် မျိုးဆက်သစ်တို့အား ကပ်ရောဂါအကြောင်းပြ၍ လျစ်လျူရှုကာ ကျောင်းပြင်ပ၌ ရှင်သန်ကြီး ပြင်းစေခြင်းအတွက် ပေးဆပ်ရမည့်တန်ဖိုးက နှိုင်းယှဉ်မရအောင်ပင် ကြီးမားနိုင် ပါသည်။
ကျောင်းတွေ ပိတ်ထားခြင်းက ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုများပါလိမ့်မည်။
ကိုးကား
Let them learn: Keeping schools closed will do more harm than good by Economist at https://www.economist.com/leaders/2020/07/18/the-risks-of-keeping-schools-closed-far-outweigh-the-benefits