BREAKING
February 25, 2025

ပလမြို့ရဲစခန်းက လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

June 28, 2024

ပုလောမြို့နယ် ပလမြို့ စစ်ကောင်စီရဲစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပလမြို့ခံ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားကြောင်း မြို့ခံများထံမှ သိရသည်။

ယနေ့ (ဇွန် ၂၈)​ နံနက် ၉ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပလမြို့စစ်ကောင်စီရဲစခန်းက လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။

ထိုသို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးက ပလမြို့ လမ်းသုံးဆုံအနီးရှိ ဈေးဆိုင်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဈေးဆိုင်ထဲတွင် ထိုင်နေသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်စန်းယု သေဆုံးသွားကြောင်း ပလမြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး ဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။

“ဆုံးသွားတဲ့တစ်ယောက်က အောက်တစ်ပိုင်း ကြေထွက်သွားတယ်။ အမျိုးသမီးတစ်ဦးက စိုးရိမ်ရတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

လက်နက်ကြီးမပစ်ခတ်မီ လက်နက်ငယ်ပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သည့်လုပ်ရပ်မှာ ပြည်သူများအပေါ် တရားလက်လွတ် သတ်ဖြတ်ခြင်းသာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မြို့နယ်အချို့ရှိ လူနေရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် လတ်တလော ဆက်တိုက်ပစ်ခတ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။