BREAKING
October 19, 2024

မဟာချိုင်တွင် ဘိန်းစာရွက်ပြုတ်ရည်ရောင်းနေသော မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

June 28, 2024

ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် မဟာချိုင်ဒေသတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချနေသော မြန်မာနိုင်ငံသားတစ်ဦးကို ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စမွတ်စခွန်မြို့အတွင်းရှိ စက်ရုံအဟောင်းထဲတွင် မြန်မာနိုင်ငံသားများ ဘိန်းစာရွက်ပြုတ်ရည် ထိုင်သောက်နေကြကြောင်း လာရောက်တိုင်ကြားထားသဖြင့် စမွတ်စာခွန်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးစဉ် ဆိုင်ရှေ့တွင် ဘိန်းစာရွက်ပြုတ်ရည် သောက်သုံးနိုင်သည်ဟု ကြော်ငြာထားပြီး ဆိုင်ထဲတွင်လည်း မြန်မာအလုပ်သမားများစွာ ထိုင်သောက်နေကြသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဆိုင်ထဲတွင် ဘိန်းစာရွက်ပြုတ်ရည်များနှင့် အခြားချောင်းဆိုးပျောက်ဆေးရည်များကဲ့သို့ ပါဝင်ပစ္စည်းများကိုလည်း မီးဖိုချောင်ထဲတွင် တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ဆိုင်ပိုင်ရှင်သည် အသက် ၃၈ နှစ်အရွယ် ခင်မောင်စိုးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဘိန်းစာရွက်ပြုတ်ရည်ရောင်းချနေသည်မှာ အချိန်တစ်ခုအထိ ကြာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့သို့ ဝန်ခံထားသည်။

သူ့ဆိုင်သည် လူအမြဲစည်ကားနေပြီး စီးပွားရေးအဆင်ပြေကြောင်း ထွက်ဆိုထားသည်။

ပိုင်ရှင်ဖြစ်သော ကိုခင်မောင်စိုးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် စမွတ်စခွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်ပြုတ်ရည်ကို အခြားဆေးဝါးများဖြင့် ရောနှော၍ ထုတ်လုပ်ခြင်း၊ ဝယ်ယူရောင်းချခြင်းများကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၆ လမှ ၂ နှစ်အထိဖြစ်စေ ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၂၀၀၀၀ အထိဖြစ်စေ ကျခံရနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Ref: The Thaiger, Siamrath