တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

June 28, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇွန်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ

ရုရှားနဲ့ မြောက်ကိုရီးယား စစ်ရေးပူးပေါင်းမှု တောင်ကိုရီးယားကန့်ကွက်

ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ကူညီဖို့ ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား သဘောတူစာချုပ်ခဲ့တာကို တောင်ကိုရီးယားက ကန့်ကွက်တဲ့အနေနဲ့ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့တာပါ။

ရုရှားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီမယ့် သဘောတူစာချုပ်ကို ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျိုအန်းတို့က ပြီးခဲ့တဲ့အပတ်က လက်မှတ်ထိုးစာချုပ်ချုပ်ခဲ့ကြပါတယ်။

စာချုပ်အရ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအပါအဝင် နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါက၂၄ နှစ်အတွင်း ပြုံယမ်းမြို့တော်ကို ပထမဆုံးရောက်လာတဲ့ ရုရှားသမ္မတရဲ့ ခရီးမှာ ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

Ref: AP

………………………………..

အိုလံပစ်ကို အမေရိကန်ကစားသမားများက လေအေးပေးစက်များ သယ်သွားမည်

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတွေမှာ ယှဉ်ပြိုင်ကြမယ့် အမေရိကန်အိုလံပစ်အသင်းက အားကစားသမားတွေ ကိုယ်ပိုင်လေအေးပေးစက်တွေ ယူသွားကြမယ်လို့ ကြေညာလိုက်ပါတယ်။

အိုလံပစ်အားကစားပွဲတော်ကို ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၁၁ ရက်အထိ ကျင်းပသွားမှာပါ။

ပြင်သစ်ကလည်း သဘာဝပတ်ဝန်းကျင် မထိခိုက်စေအောင် ပါရီအိုလံပစ်ပွဲတွေကို စီစဉ်နေပါတယ်။

အမေရိကန်ကတော့ အားကစားသမားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းသာ အဓိက ဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။

အိုလံပစ်ပြိုင်ပွဲဝင်ကြမယ့် အမေရိကန် အားကစားသမားတွေနဲ့ တိုင်ပင်ခဲ့ပြီးနောက် အခုလို ကိုယ်ပိုင်လေအေးပေးစက်တွေ ပါရီမြို့ကို ယူသွားကြမှာဖြစ်တယ်လို့ အမေရိကန်ဘက်က ဆိုပါတယ်။

အိုလံပစ်အားကစားပွဲတွေ ကျင်းပမယ့် ပါရီမြို့တော်မှာ ဩဂုတ်လဆိုရင် အပူချိန် ၂၅ ဒီဂရီဆဲလ်စီးရပ်လောက် ရှိပါတယ်။

Ref: NBC News

………………………………..

အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းမှု တိုးမြှင့်

အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ အပါအဝင် သဘောတူညီချက်အများအပြားကို ဇွန်လ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒေသတွင်းက အင်အားကြီး တရုတ်နိုင်ငံကို တန်ပြန်နိုင်ရေးအတွက်ဖြစ်နိုင်ပြီး အခြား ရေကြောင်းလုံခြုံရေး၊ သမုဒ္ဒရာစီးပွားရေး၊ အာကာသနဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတွေလည်း ပါဝင်နေတာပါ။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ နယူးဒေလီကို ရောက်ရှိနေချိန် အိန္ဒိယသမ္မတ မိုဒီနဲ့ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံ မြစ်ရေခွဲဝေ သုံးစွဲနိုင်ရေး၊ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတွေမှာ မြှင့်တင်ဖို့ ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဆိုပါတယ်။

Ref: The Daily Star

………………………………..

ပင်လယ်နီတွင် ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့တိုက်ခိုက်ခံရ

ပင်လယ်နီထဲက သင်္ဘောတစ်စီး အဝေးထိန်းဒရုန်း ထိမှန်ခဲ့ပြီး ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီဒရုန်းကို ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ပစ်ခတ်တယ်လို့ ယူဆထားကြတာပါ။

ဂါဇာဒေသမှာ အစ္စရေးက စစ်ဆင်နေသမျှ ဆက်လက်တိုက်ခိုက်မယ်လို့ ဟူသီသူပုန်တွေက ခြိမ်းခြောက်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပအတွက် အဓိကကျတဲ့ ရေကြောင်းလမ်းမှာ အသွားအလာတွေလည်း ကျဆင်းသွားခဲ့ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် သင်္ဘော ထိခိုက်ပျက်စီးခဲ့ပေမဲ့ သင်္ဘောသားတွေကတော့ အန္တရာယ်မဖြစ်ခဲ့ပါဘူး။

Ref: AP

………………………………..

ဆော်ဒီတွင် အပူချိန်ပြင်းထန်မှုကြောင့် ဟာဂျီဘုရားဖူး ၁၃၀၀ ကျော်သေဆုံး

ဆော်ဒီအာရေဗီးယားနိုင်ငံက အစ္စဘာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ မကာမြို့မှာ ပြင်းထန်တဲ့အပူဒဏ်ကြောင့် အခုနှစ် ဟာဂျီဘုရားဖူးကာလအတွင်း လူ ၁၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၈၃ ရာခိုင်နှုန်းဟာ ခွင့်ပြုချက်နဲ့ မလာတဲ့ ဘုရားဖူးခရီးသွားတွေဖြစ်နေတာပါ။

သူတို့ဟာ ပြင်းထန်တဲ့အပူချိန်မှာရှိနေတဲ့ ခရီးရှည်ကို လမ်းလျှောက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၆၆၀ ကျော်ဟာ အီဂျစ်ကလာကြသူတွေဖြစ်နေတာပါ။

ဆော်ဒီဘုရားဖူးခရီးစဉ်အတွက် ခွင့်ပြုချက်မရှိတဲ့ ခရီးသွားအေဂျင်စီ ၁၆ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို ရုပ်သိမ်းခဲ့ပါသေးတယ်။

သေဆုံးတဲ့အထဲမှာ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျော်ဒန်၊ တူနီးရှား၊ မော်ရိုကို၊ အယ်ဂျီးရီးဘားနဲ့ မလေးရှားနိုင်ငံက ခရီးသွားတွေလည်း ပါဝင်ပါတယ်။

Ref: DW

………………………………..

ရုရှားတွင် တိုက်ခိုက်ခံရမှုကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးနှင့် ရဲများအပါအဝင် ၂၁ ဦး သေဆုံး

ရုရှားနိုင်ငံ မြောက်ပိုင်း Caucasus ဒေသက ဂျူးဘုရားကျောင်း၊ ခရစ်ယာန် ဘုရားကျောင်းနဲ့ ရဲစခန်းတစ်ခုကို လက်နက်ကိုင် သေနတ်သမားတွေ ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၂၁ ဦးထက်မနည်း သေဆုံသွားခဲ့တာပါ။

တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကမှ သူတို့ လက်ချက်ဆိုပြီး ချက်ခြင်း ကြေညာတာမျိုးတော့ ထွက်မလာသေးပါဘူး။

ပြီးခဲ့တဲ့ သုံးလကလည်း အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေက မော်စကိုမြို့အနီးက ဇာတ်ရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၁၄၅ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

Ref: AP

………………………………..

တောင်ကိုးရီးယားတွင် စက်ရုံမီးလောင်မှုကြောင့် ဝန်ထမ်း ၂၂ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံက Lithium ဘက်ထရီထုတ်လုပ်တဲ့ကုမ္ပဏီမှာ ဇွန်လ ၂၄ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့လို့ ဝန်ထမ်း ၂၂ ဦးသေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၁၈ ဦးလည်း ပါဝင်နေတာပါ။

မီးလောင်မှုကြောင့် အသက်ဆုံရှုံးသွားရသူတွေအတွက် ပူဆွေးနေကြတဲ့ မိသားစုဝင်တွေကို စက်ရုံပိုင်ရှင်ကတော့ တောင်းပန်ထားပါတယ်။

လတ်တလော Lithium ဘက်ထရီ ပေါက်ကွဲမှုကြောင့်လို့ ယူဆထားပြီး ဘယ်ကနေစပြီး မီးလောင်တယ်ဆိုတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီစက်ရုံထဲ မီးလောင်မှုဖြစ်ပွားချိန် ဝန်ထမ်း ၁၀၀ ဦးထက်မနည်း အလုပ်လုပ်နေကြတယ်လို့ ဆိုပါတယ်။

Ref: BBC

………………………………..

အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားမတ်စ််နိုင်ငံရေးခေါင်းဆောင်မိသားစုဝင်များ သေဆုံး

ဂါဇာမြောက်ပိုင်းမှာ အစ္စရေးတပ်တွေရဲ့ ဇွန်လ ၂၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင်ရဲ့ ဆွေမျိုးမိသားစုဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ ဂါဇာမြို့အနောက်ဘက်က ရှာတီဒုက္ခသည်စခန်းရဲ့ အိမ်တစ်လုံးနဲ့ စာသင်ကျောင်းတစ်ကျောင်းကို ထိမှန်ခဲ့တာပါ။

တစ်ညလုံးတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၂၄ ဦးသေဆုံးခဲ့တဲ့အထဲ ခေါင်းဆောင် Haniyeh ရဲ့ မိသားစုဝင် ၁၀ ဦး ပါဝင်ခဲ့ပါတယ်။

အစ္စရေးဘက်ကတော့ ဟာမတ်စစ်သွေးကြွတွေ နေထိုင်လေ့ရှိတဲ့ ရှာတီနဲ့ တခြား ဂါဇာမြောက်ပိုင်းက အဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ခေါင်းဆောင် Haniyeh ရဲ့ သား ၃ ဦးလည်း ဂါဇာစစ်ပွဲ အစောပိုင်းမှာကတည်းက အစ္စရေးတဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပါသေးတယ်။

Ref: Aljazeera

………………………………..

နေတိုးအဖွဲ့ ခေါင်းဆောင်သစ် နယ်သာလန်ဝန်ကြီးချုပ်ကို တင်မြှောက်

မြောက်အတ္တလန်တိတ်စာချုပ် နေတိုးအဖွဲ့အကြီးအကဲသစ်အဖြစ် နယ်သာလန်ဝန်ကြီးချုပ် Mark Rutte ကို မဟာမိတ်အဖွဲ့ဝင်တွေ ဇွန်လ ၂၆ ရက်နေ့က ရွေးချယ်တင်မြောက်လိုက်ပါတယ်။

နေတိုးအကြီးအကဲ နေရာအတွက် ရိုမေးနီးယားသမ္မတ Klaus Iohannis နုတ်ထွက်ခဲ့ပြီး တစ်ပတ်အကြာ နယ်သာလန် ဝန်ကြီးချုပ်ကို တရားဝင်ရွေးချယ်လိုက်တာပါ။

ယူကရိန်းစစ်ပွဲအရှိန်မြင့်လာသလို အနာဂတ်မှာ နေတိုးအဖွဲ့အပေါ် အမေရိကန်ရဲ့ မရေရာတဲ့ သဘောထားတွေ ရှိနေချိန် ခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။

လက်ရှိအကြီးအကဲ Stoltenberg တာဝန်သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ဒီနှစ်‌ အောက်တိုဘာ ၁ရက်နေ့ကနေစပြီး နယ်သာလန်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

အသက် ၁၀၅ နှစ်အဘွားအို စတန်းဖို့ဒ်တက္ကသိုလ်ကနေ မာစတာဘွဲ့ယူနိုင်ခဲ့

စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ၂၀၂၄ ခုနှစ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အသက် ၁၀၅ နှစ်အရွယ် အဘွားအိုတစ်ဦးက မာစတာဘွဲ့ အပ်နှင်းခံခဲ့ရတာကြောင့် အားလုံးအံ့အားသင့်စေခဲ့ပါတယ်။

ဟစ်လော့လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးက ၁၉၄၀ ပြည့်နှစ်တုန်းက စတန်းဖို့ဒ်တက္ကသိုလ်မှာ ပညာသင်ကြားနေရင်း မာစတာဘွဲ့အတွက် စာတမ်းပြုစုနေခဲ့တာပါ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ အမေရိကန်က ဒုတိယကမ္ဘာစစ်ထဲ ရောက်သွားခဲ့ပြီး သူ့ရဲ့ခင်ပွန်းလောင်း ဂျော့ကလည်း စစ်မှုထမ်းခဲ့ရတာကြောင့် ပညာရေးကို ရပ်နားခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားချိန်မှာတော့ ဟစ်လော့က သင်ကြားရေးလက်မှတ်နဲ့ စာသင်တဲ့အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့ပါတယ်။

တခြားသူတွေရဲ့ ပညာရေးတိုးတက်ဖို့ တစိုက်မတ်မတ် ကြိုးစားအားထုတ်ပေးခဲ့တာပါ။

နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်ချိန်မှာတော့ ဟစ်လော့ဟာ တချိန်က သူတက်ခဲ့ဖူးတဲ့ စတန်းဖို့ဒ်တက္ကသိုလ် ပရဝုဏ်ထဲကို တစ်ကျော့ပြန် ခြေချခွင့်ရခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့မှာတော့ သားသမီး၊ မြေး၊ မြစ်တွေနဲ့အတူ မာစတာဘွဲ့ ယူနိုင်ခဲ့ပါတယ်။

Ref: CNN

………………………………..