BREAKING
September 19, 2024

ရေးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

June 28, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာ၌ စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၁၀ နှစ်အောက်ကလေး နှစ်ဦးအပါအဝင် မိသားစုဝင် လေးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၂၇ ရက် ညနေ ၆ နာရီဝန်းကျင်က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၇ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ၊ ဘူတာရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပေါ်ရှိ မိသားစု လေးဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ သူတို့ (စစ်ကောင်စီတပ်) က ရမ်းပစ်တာလေ။ ရမ်းပစ်တော့ ကျချင်တဲ့နေရာမှာကျ။ အိမ်ပေါ်ကျရင်တော့ လူထိ အဲဒီလိုမျိုးဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့် မိသားစုဝင် လေး ဦးကို အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လေးဦးစလုံး ဒဏ်ရာမပြင်းထန်ကြောင်းဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၅ ရက် ညကလည်း မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ-၁၀၆ တပ်ရင်းက မော့ကနင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်။

လက်နက်ကြီးကျည်တစ်လုံးမှာ မော့ကနင်းကျေးရွာ၊ ကားဆိပ်ရပ်ရှိ နေအိမ်တစ်လုံးပေါ် ကျရောပေါက်ကွဲခဲ့ပြီး နေအိမ်ရှိ ကလေး သုံး အပါအဝင် မိသားစုဝင် ငါး ဦးစလုံး ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သလို နေအိမ်လည်း ပျက်စီးသွားခဲ့သည်။

မော့ကနင်းအခြေစိုက် စစ်ကောင်စီတပ်ရင်း တပ်စခန်းတို့က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် စိုးရိမ်ထိတ်လန့်နေရကြောင်း မော့ကနင်ကျေးရွာနှင့် အနီးနားဝန်းကျင်က ဒေသခံပြည်သူများထံမှ သိရသည်။

“အခုဆို ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် မလုံခြုံတော့ဘူး။ အိမ်ထဲနေလည်း မလုံခြုံ၊ အပြင်သွားလည်း မလုံခြုံတော့ဘူး အခုက။ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိတော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများ တိုက်ခိုက်ခံရလျှင် မော့ကနင်တွင် တပ်စွဲထားသည့် အမတ- ၃၁၇၊ ခလရ-၁၀၆ တပ်ရင်းတို့က လက်နက်ကြီးဖြင့် ပစ်ကူလေ့ရှိသလို တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားသည့် သတင်းကြားလျှင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့က ဆိုသည်။