ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခွေးမဖောရွာအဝင်လမ်းအနီးတွင် ဇွန်လ ၂၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားများထံမှ သိရသည်။
“မနက်ပိုင်းက ငြိမ်နေတယ်။ ညနေပိုင်းမှ တိုက်ပွဲကျနေတယ်ဆိုပြီး ရွာထဲခဏဝင်နေတဲ့သူတွေ ပြန်ထွက်ပြေးကြရတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၄ နာရီဝန်းကျင်ကစ၍ ည ၁၁ နာရီအထိ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
လက်နက်ကြီးကျည်များသည် ရပ်ရွာအတွင်း ရောက်ပေါက်ကွဲ၍ နေအိမ်အချို့ ထိခိုက်ခဲ့ပြီး နွားတစ်ကောင် လက်နက်ကြီး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
“အခုက ထွက်ပြေးကုန်ပြီ။ (ဇာဒီကျေးရွာအုပ်စုထဲက) ကျောက်ထရံရွာဘက်က သူတွေပါ ထွက်ပြေးနေကြပြီ။ ရွာထဲမှာ ဘာဆက်ဖြစ်နေမှန်းတော့ မသိသေးဘူး။ ဒီမနက်တော့ မပစ်သေးဘူး” ဟု ဇွန်လ ၂၈ ရက် အခြေအနေကို စစ်ရှောင်နေရ သည့် ရွာသားတစ်ဦးက ယနေ့ ညနေပိုင်းတွင် ပြောသည်။
ဇာဒီရွာသို့ ကံပေါက်ရွာမှဆက်သွယ်သည့် လမ်းကြောင်းနှစ်ခုကို ဇွန်လ ၁၈ရက်တွင် စစ်ကောင်စီက တပ်လာစွဲထားပြီးနောက် ဇွန်လ ၂၃ ရက်ကစ၍ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေခြင်းဖြစ်သည်။
ယင်းနောက် ဇွန်လ ၂၆ ရက်ကစ၍ ပြတ်တောက်သွားသည့် အင်တာနက်လိုင်းမှာလည်း ပြန်မရသေးကြောင်း ဇာဒီဒေသခံများက ဆိုသည်။