BREAKING
September 7, 2024

ကော့သောင်းမြို့နယ်တွင် MPT ဖုန်းလိုင်းပြတ်တောက်မှု တစ်ပတ်ကျော်ကြာပြီ

June 28, 2024

ပုံစာ-ကော့သောင်းမြို့တွင်း တစ်နေရာ။

ကော့သောင်းမြို့နယ်တွင် MPT ဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၀ရက်တွင် စတင်ပြတ်တောက်ခဲ့ပြီး ဇွန်လ ၂၇ရက်နေ့အထိ ပြန်မရသေးကြောင်း ၎င်းတို့က ပြောသည်။

ထို့ကြောင့် အခြားအော်ပရေတာများ၏ ဆင်းကတ်ကို ပြောင်းလဲအသုံးပြုနေရကြောင်း ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

“MPT ကတ်ရော၊ Wi-Fi ပါ အင်တာနက်လိုင်းရော ဖုန်းဆက်ဖို့ပါ လိုင်းမရှိဘူး။ ပြီးတော့ K- pay လို ငွေသွင်းငွေလွှဲ အကောင့်တွေ Log Out (ထွက်သွား) ဖြစ်ပြီး ပြန်ဝင်မရတာမျိုးလည်းရှိတော့ ခက်ခဲရတယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။

ထိုသို့ဖုန်း ပြတ်တောက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအပြင် လူမှုကူညီရေးအသင်းများလည်း အခက်ကြုံနေရပြီး အခြားအော်ပရေတာ၏ ဖုန်းဆင်းကတ်များ ပြောင်းလဲအသုံးပြုနေရကြောင်း ၎င်းတို့က ဆိုသည်။

ဇွန်လဆန်းကတည်းကစပြီး ကော့သောင်းမြို့တွင် MPTဖုန်းလိုင်း မကြာခဏပြတ်တောက်ခဲ့ဖူးသော်လည်း နေ့တွင်းချင်း ပြန်လည်ရရှိခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

လက်ရှိ MPTဖုန်းလိုင်းပြတ်တောက်မှုနှင့် ပတ်သက်၍ တနင်္သာရီတိုင်း MPT ရုံးကို Dawei Watchက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ဖုန်းပြတ်တောက်ရသည့်အကြောင်းအရင်းကို ၎င်းတို့အနေဖြင့် မသိရှိကြောင်း ပြန်လည်ဖြေဆိုသည်။

ထို့အတူ MPT၏ တရားဝင် Facebook Page ကို မေးမြန်ရာတွင်လည်း သက်ဆိုင်ရာဌာနသို့ တင်ပြပေးထားပြီး ဖြစ်သည့်အတွက် အချိန်စောင့်ဆိုင်းပေးစေလိုကြောင်း တုံ့ပြန်ခဲ့သည်။

MPT ဆင်းကတ် သုံးစွဲနေသည့် ကော့သောင်းမြို့ခံတစ်ဦးကမူ MPT တာဝန်ရှိသူများ၏ တုံ့ပြန်ပြောဆိုမှုမှာ တာဝန်မဲ့သည့် အနေအထားဖြစ်နေကြောင်း ပြောဆိုသည်။

“ဘာကြောင့် အခုလိုလိုင်းပြတ်တာလည်းကို အသိပေးထုတ်ပြန်တာလည်းမရှိသလို ဘယ်အချိန်ပြန်ရမလဲဆိုတာလည်း ပြောဆိုမှုမရှိတာက တာဝန်ယူမှု တာဝန်ခံမှု မရှိတာပဲ” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း စစ်ရေးတင်းမာပြီး တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာများကို စစ်ကောင်စီက အင်တာနက်လိုင်းအမြန်နှုန်း လျှော့ချလေ့ရှိသလို ဖုန်းလိုင်း ဖြတ်တောက်မှုများလည်း ပြုလုပ်လေ့ရှိသည်။