BREAKING
April 28, 2025

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ဟင်းဝယ်ရန်ငွေမရှိသဖြင့် ချောင်းထဲ ဟင်းစားဆင်းရှာရာမှရေနစ်သေဆုံး

June 28, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် ညနေစာအတွက် ချောင်းထဲ ဟင်းစားဆင်းရှာရာမှ ရေနစ်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၄၁ နှစ်အရွယ် ဦးစောမောင်နိုးအမည်ရှိသော မြန်မာအလုပ်သမားသည် ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းတွင် စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသတွင် ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ရဲတပ်ဖွဲ့က ကနဦးစစ်ဆေးချက်အရ အလောင်းတွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရကြောင်း ဆိုသည်။

၎င်းသည် မြန်မာနိုင်ငံမှ လာရောက်သည်မှာ မကြာသေးသူဖြစ်ပြီး အလုပ်လိုက်လျှောက်သော်လည်း လက်မခံကြ သဖြင့် အလုပ်လက်မဲ့ဖြစ်နေကြောင်း ညီဖြစ်သူ၏ ဖြေကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။

ဦးစောမောင်နိုးသည် နေထိုင်ရန် နေရာမရှိသဖြင့် ညီဖြစ်သူထံတွင် လာရောက်နေထိုင်နေသူဖြစ်ကြောင်း ဖော်ပြသည်။

ယင်းနေ့တွင် ဟင်းဝယ်ရန် ငွေမရှိသဖြင့် ညနေစာအတွက် ချောင်းထဲ ခရုနှင့် ကန်စွန်းရွက်ဆင်းရှာရန် ထွက်သွားခြင်း ဖြစ်ကြောင်း‌ ညီဖြစ်သူက ဖြေကြားထားသည်။

နောက်ပိုင်းတွင် လူတစ်ဦး ရေနစ်နေသည်ဟု အော်ဟစ်သံကြား၍ သွားကြည့်ခဲ့ရာ ၎င်း၏အစ်ကိုဖြစ်နေကြောင်း‌ ညီဖြစ်သူက ပြောသည်။

ရေနစ်သည်ကို ကယ်ဆယ်ပြီး နှလုံးပြန်ခုန်လာရန် ကြိုးစားကယ်တင်ခဲ့သော်လည်း သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့များက သက်သေများကို သိမ်းဆည်းခဲ့ပြီး အလောင်းကို ရင်ခွဲစစ်ဆေးရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ဇွန်လ ၁၃ ရက်နေ့ကလည်း စမွတ်စခွန်ခရိုင်တွင် စက်ဘီးဖြင့် အလုပ်သွားသော မြန်မာအလုပ်သမားတစ်ဦးသည် မူးဝေသတိလစ်ပြီး လမ်းဘေးမြောင်းထဲ ပြုတ်ကျသေဆုံးခဲ့သေးသည်။

Ref: Siamrath, CH 7 News, CH 3 Plus News