သာသနာရေးဦးစီးဌာနက ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲတွင် ထားဝယ်က ကိုရင်တစ်ပါး ပထမအငယ်တန်း တစ်နိုင်ငံလုံး ပထမဂုဏ်ထူးဖြင့် အောင်မြင်ကြောင်း မေလ ၂၆ ရက်တွင် ထုတ်ပြန်သည့် နိုင်ငံတော် သံဃနာယကအဖွဲ့၏ စာမေးပွဲအောင်စာရင်းအရသိရသည်။
ပထမငယ်တန်း ပထမဂုဏ်ထူးဖြင့် အောင်မြင်သည့် အသက် ၁၈ နှစ်အရွယ်ရှိ ရှင်သိရီဉာဏသည် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်တွင် ပညာသင်ယူနေပြီး ပထမပြန်စာမေးပွဲကို ဗဟန်းမြို့နယ်တွင် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ရှင်သိရီဉာဏသည် ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်တွင် နေထိုင်သည့် ဦးမျိုးကျော်နှင့် ဒေါ်အေးအေးလွင်တို့၏ အငယ်ဆုံးသားဖြစ်ကြောင်း ရွှေကျင်တိုက်သစ်၏ အတ္ထုပတ္တိဖော်ပြချက်တွင် ဖော်ပြသည်။
ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်၌ အသက် ၁၆ နှစ်အရွယ်တွင် ကိုရင်စဝတ်ခဲ့ပြီး ဇေယျဝတီစာသင်တိုက်တွင် စတင်ပညာသင်ယူခဲ့ကာ ယခုလက်ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင် ပညာသင်ယူနေဆဲဖြစ်သည်။
ရှင်သိရီဉာဏသည် ထားဝယ်ဇေယျဝတီစာပြန်ပွဲ အခြေုပြုမူလတန်းစာမေးပွဲ နှင့် ရွှေကျင်တိုက်သစ် ဘာသာစုံ ပရိယတ္တိစာပြန်ပွဲ ပထမငယ်တန်း စာမေးပွဲတွင်လည်း ပထမဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
တနင်္သာရီတိုင်းတွင် ဖွင့်လှစ်ထားသည့် ထားဝယ်၊ မြိတ်၊ ကော့သောင်း စာဖြေဌာနသုံးခုတွင် ၁၃၈၅ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ပထမငယ်၊ လတ်၊ ကြီးနှင့် အခြေပြုမူလတန်း ဝင်ရောက်ဖြေဆိုသူ ၄ဝ၃ ဦးရှိပြီး ၂၂၅ ဦး အောင်မြင်ကာ အောင်ချက်ရာနှုန်း ၅၆ ရာနှုန်းရှိသည်။
ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်ကနေ ၉ရက်အထိ တစ်နိုင်ငံလုံးရှိ စာဖြေဌာန ၂၁၆ ခုတွင် တစ်ပြိုင်တည်း ကျင်းပခဲ့သည်။