BREAKING
January 11, 2025

ရခိုင်တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လအတွင်း အရပ်သား ၂၇၀နီးပါးသေဆုံး

May 28, 2024

ပုံစာ - ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်က မင်းပြားမြို့နယ် မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ဓာတ်ပုံ – AA Info Desk

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လတာကာလအတွင်း အရပ်သား ၂၆၈ဦး သေဆုံးပြီး စစ်ဘေးရှောင် ငါးသိန်းခုနစ်သောင်းကျော်ရှိလာကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ HDCO ရုံးက မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦးရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူလည်း ၄၂၅ ဦး ရှိကြောင်း ဖော်ပြပါရှိသည်။

စစ်ဘေးရှောင်ဒုက္ခသည်မှာလည်း ငါးသိန်းခုနစ်သောင်းကျော်ရှိလာပြီး ယင်းအနက် သုံးသိန်းလေးသောင်းကျော်မှာ အမျိုးသမီးများဖြစ်ကာ နှစ်သိန်းကျော်မှာ အမျိုးသားများဖြစ်ကြောင်း ဆိုသည်။

အရပ်သား သေဆုံးသူများတွင် ရခိုင်လူမျိုး ၁၈၀ကျော်၊ မွတ်ဆလင် ၈၀ နီးပါး၊ ခရစ်ယာန်နှင့် အခြားလူမျိုးများလည်း အနည်းငယ်ပါဝင်ကြောင်း HDCO ၏ စာရင်းအရ သိရသည်။ သေဆုံး ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရအများစုမှာ အမျိုးသားများ ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ရခိုင်တွင် အရပ်သား သေဆုံးဒဏ်ရာရသူ အများဆုံးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ရှိနေသည့် မင်းပြားမြို့ဖြစ်ကြောင်း HDCO ၏ စာရင်းအရ သိရသည်။ မင်းပြားမြို့တွင် ၅၆ ဦးသေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရ ကြောင်း ဆိုသည်။

စစ်ဘေးရှောင်ဦးရေတွင် ဘူးသီးတောင်မြို့နယ်က အများဆုံးဖြစ်ပြီး တစ်သိန်းလေးသောင်းကျော်ရှိကာ ဒုတိယအများဆုံး ပေါက်တောမြို့နယ်မှာ တစ်သိန်းနှစ်သောင်းနီးပါး ရှိနေကြောင်း စာရင်းများအရ သိရသည်။

စစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း HDCO က ထုတ်ပြန်ထားသည်။