BREAKING
January 11, 2025

၂နှစ်ကျော်ကာလတွင် အစုံလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၀၀ ကျော်သေဆုံး

May 28, 2024

ပုံစာ - မေလ ၁၁ ရက်က လက်ထုတ္တောရွာဖြစ်စဉ်တွင် သတ်ဖြတ်ခံရသူများ။ ဓာတ်ပုံ – Myanmar Now

၂နှစ်ကျော်ကာလတွင် စစ်ကောင်စီတပ်က လူငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၅၄ ခုရှိခဲ့ပြီး အရပ်သားပြည်သူ ၁၄၄၆ ဦး သေဆုံးကြောင်း BNI – Myanmar Peace Monitor ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

မေလ ၂၇ ရက်ကထုတ်ပြန်သည့် ‘လက်ထုတ္တောရွာဖြစ်စဉ်နှင့် စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ’ အစီရင်ခံစာတွင် ဖော်ပြသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများမှာ တိုင်းနှင့်ပြည်နယ် ၁၄ ခုစလုံးတွင် ရှိပြီး မြို့နယ် ၉၄ ခုတွင် ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။ စစ်ကိုင်းတိုင်းမှာ ၄၈ ကြိမ်ဖြင့် အများဆုံးဖြစ်ပွားပြီး ရခိုင်ပြည်နယ်တွင် ၁၆ ကြိမ်၊ မန္တလေးတိုင်းတွင် ၁၄ကြိမ်တို့ဖြင့် အများဆုံးရှိနေကြောင်း ဖော်ပြသည်။

ကချင်၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကရင်နီ (ကယား)၊ ကရင်၊ ချင်းပြည်နယ်တို့နှင့် မကွေး၊ ပဲခူးအရှေ့ပိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ငါးကြိမ်နှင့်အထက်တွင် ရှိနေကြောင်း ဆိုသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကြိမ်ရေ ထက်ဝက်ခန့်မှာ အရပ်သားပြည်သူကို တိုက်ရိုက်ဦးတည် ဖမ်းဆီးသတ်ဖြတ်ခဲ့ သည်ကို တွေ့ရကြောင်းလည်း BNI ၏ အစီရင်ခံစာတွင် ပါရှိသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးသည့်ဖြစ်စဉ် ၄၀ ကျော်ရှိပြီး လက်နက်ကြီး၊ အမြောက် ပစ်ခတ်မှုတို့ကြောင့်လည်း ၁၇ ကြိမ် ရှိကြောင်း ဆိုသည်။

လူဦးရေအားဖြင့်ဆိုလျှင် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ၆၁၅ ဦးသေဆုံးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၆၈ဦး၊ လက်နက်ကြီး၊ အမြောက်တို့ကြောင့် ၁၁၂ ဦး၊ နှစ်ဖက်တိုက်ပွဲများကြောင့် ၁၃၀ ဦး သေဆုံးကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၂ခုနှစ် မေလမှ ၂၀၂၄ခုနှစ် မေလ ၁၅ ရက်အထိ ၂နှစ်ကျော်ကာလတွင် တိုက်ပွဲပဋိက္ခများကြောင့် အရပ်သားပြည်သူ လေးထောင်ကျော် သေဆုံးခဲ့ရကြောင်းလည်း BNI က ဆိုသည်။

ယခုမေလ ၁၁ ရက်ဖြစ်ပွားခဲ့သည့် လူ ၃၀ကျော်အသတ်ခံရသည့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောရွာဖြစ်စဉ်မှာ တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မေလ ၉ရက်နေ့ကလည်း မကွေးတိုင်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်သဖြင့် လူ ၂၀ ထက်မနည်းသေဆုံးခဲ့သေးသည်။ ယင်းနေ့တွင်ပင် မန္တလေးတိုင်း မြင်းခြံမြို့နယ်က ဆုံရွာတွင် ပျူစောထီးစခန်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ဒေသခံ ၃၀ ကျော် အသတ်ခံခဲ့ရသေးသည်။