BREAKING
October 18, 2024

မိုင်းခွဲခံထားရသည့် မစောတံတား မြေသားလမ်းလွှဲ မိုးရွာသွန်းမှုကြောင့် ကားများပိတ်မိ

May 28, 2024

ပုံစာ - ယနေ့ မေလ ၂၈ ရက် မစောတံတားတွင် ကားများ တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကားသမားတစ်ဦး

ရန်ကုန်-မော်လမြိုင် -ထားဝယ်ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲခံရပြီးနောက် မြေသားလမ်းလွှဲမှ ဖြတ်သန်းသွားလာနေကြရာ မိုးရွာသွန်းခြင်းကြောင့် လမ်းပျက်စီးပြီး ကားများဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်ဆို့နေကြောင်း ကားမောင်းသူများနှင့် ခရီးသွားတို့က ပြောသည်။

မွန်၊ ကရင်၊ တနင်္သာရီနှင့် ရန်ကုန်တို့ကို ဆက်သွယ်သွားလာ အသုံးပြုနေရသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မစောတံတားသည် မေလ ၂၃ရက် နံနက်အစောပိုင်းက မိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည်။

ယင်းနောက် ကားများဖြတ်သန်းသွားလာနိုင်ရန်အတွက် တံတားဘေးတွင် ယာယီမြေသားလမ်းဖော်ပြီး မေလ ၂၇ ရက်မှစကာ ကားကြီး၊ ကားငယ်များ ဖြတ်သန်းသွားလာနိုင်သော်လည်း ယခုရက်ပိုင်းတွင် မိုးရွာသွန်းသည့်အတွက် ကားများဖြတ်သန်းသွားလာရန် အခက်အခဲကြုံတွေ့နေကြရသည်။

ယနေ့ မေလ ၂၈ ရက် နံနက်ပိုင်းတွင် ကုန်တင်ကားတစ်စီး မြေသားလမ်းတွင် နစ်သွားသည့်အတွက် ကားများ ဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်မိနေကြောင်း ကားသမားတို့က ဆိုသည်။

“လမ်းက မြေသားလမ်းဖြစ်နေတော့ မိုးရွာလိုက်တာနဲ့ သွားလာရတာ အဆင်မပြေတော့ဘူး။ ကားကြီးတွေဆို ပိုဆိုးတာပေါ့။ ဟိုဘက် ဒီဘက် ကားတွေ ထောင်နဲ့ချီ ပိတ်ဆို့နေတာ။ မိုးကလည်း ဆက်လာပြီဆိုတော့ ပိုပြီး ခက်ခဲသွားဖို့ပဲ ရှိတယ်” ဟု ကားမောင်းသူတစ်ဦးက ပြောသည်။

မိုင်းခွဲခံရရာတွင် မပျက်စီးဘဲ ကျန်နေသည့် တံတားတစ်ခြမ်းကို ပြန်ပြင်ပြီး အိမ်စီးကားငယ်များ ဖြတ်သန်း ခွင့်ပြုနေသော်လည်း မိုးရွာသွန်းထားသည့်အတွက်ဖြတ်သန်းသွားလာရန် အခက်အခဲကြုံတွေ့နေရသည့် အနေအထားရှိနေကြောင်း ကားမောင်းသူတို့က ပြောဆိုသည်။

မစောတံတား မြေသားလမ်းမှ ကားများဖြတ်သန်းသွားလာရန် အခက်အခဲရှိနေပြီး နှစ်ဖက် ကားများ ပိတ်ဆို့နေသည့်အတွက် ခရီးသွားပြည်သူများ လမ်းခရီးအခြေအနေ မေးမြန်းပြီမှ ခရီးသွားလာကြရန်လည်း ဒေသခံတို့က တိုက်တွန်းသည်။

လမ်းပိတ်ဆို့မှုကြောင့် ကားသမားများ၊ ခရီးသွားပြည်သူများ လမ်းတွင် နာရီနှင့်ချီ စောင့်ဆိုင်းနေရသည့်အတွက် နေရေး၊ စားသောက်ရေးအတွက်လည်း အခက်အခဲကြုံတွေ့ရပြီး လက်ရှိတွင် ဒေသခံ၊ အလှူရှင်၊ ပရဟိတအဖွဲ့တို့က စားဖွယ်များ လှူဒါန်းပေးနေကြောင်း ခရီးသွားတို့ထံမှ သိရသည်။

“တစ်နာရီ၊ နှစ်နာရီလောက် စောင့်ရတာ ပြဿနာမရှိဘူး။ အခုအခြေအနေက တစ်နေကုန်လည်းဖြစ်သွားနိုင်တယ်။ ဆိုတော့ စားဖို့ သောက်ဖို့ အပေါ့အပါးသွားဖို့ အရမ်းဒုက္ခဖြစ်တယ်။ ဖြစ်နိုင်ရင် ခရီးမသွားကြဖို့ ပြောချင်တယ်” ဟု ခရီးသွားအမျိုးသမီး တစ်ဦးက ပြောသည်။

မစောတံတားကို ပြန်လည်ပြုပြင်ရန်အတွက် သက်ဆိုင်ရာက တစ်စုံတစ်ရာဆောင်ရွက်နေခြင်း မရှိသေးသည့်အတွက် မြေသားလမ်းလွှဲကိုသာ အသုံးပြုသွားလာနေရဦးမည်ဖြစ်ကြောင်း ကားမောင်းသူတို့က ဆိုသည်။

မစောတံတားမိုင်းခွဲခံရမှုဖြစ်စဉ်အတွင်း ဆိုင်ကယ်စီးလာသည့် အမျိုးသား တစ်ဦးသေဆုံးပြီး အမျိုးသမီးသမီး တစ်ဦးနှင့် အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်။

မစောတံတားအပြင် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားလည်း မေလ ၁၁ ရက်နေ့က မိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ရာ ကားများ မြေသားလမ်းလွှဲမှတဆင့် ဖြတ်သန်းသွားလာနေကြရသည်။

ကျုံအိတ်တံတားကိုတော့ စစ်ကောင်စီက ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေသော်လည်း တံတားပြင်ဆင်သည့်လုပ်ငန်းခွင် တိုက်ခိုက်ခံရမှုရှိနေသည့်အတွက် တံတားပြင်ရန် နှောင့်နှေးနေကြောင်း ဒေသခံတို့က ဆိုသည်။