နှစ်ဘက်ထိတွေ့တိုက်ပွဲကာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု၊ ဆန်းချီ (၁) တံတားကို ကိုယ်ထူကိုယ်ထပြုပြင်နေကြောင်း ရွာသားများထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် KNLA ၊ KTLA ၊ PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဧပြီလဆန်းပိုင်းက ဖြစ်ခဲ့သည့် တိုက်ပွဲတွင် တံတား မီးရှို့ဖျက်ဆီးခံရပြီး တံတားကျိုးကျသွားခြင်းဖြစ်သည်။
အဆိုပါတံတားကို မေလ ၂၃ ရက်ကစပြီး ရပ်ရွာလူထုက ကိုယ်ထူကိုယ်ထ လုပ်အားပေး၍ ပြန်လည်တည်ဆောက် နေကြခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။
“ကိုယ်ထူကိုယ်ထပဲ ပြန်ဆောက်နေပါတယ်။ အဓိကကတော့ အလှူငွေလိုအပ်နေတယ်။ စက်တွေနဲ့ ရွာသားလုပ်အားပေး တွေနဲ့ ပြန်ဆောက်နေတယ်” ဟု တံတားပြန်လည် တည်ဆောက်ရာတွင် ကူညီပေးနေသည့် ရွာသားတစ်ဦးက ပြောသည်။
အဆိုပါတံတားသည် ကွန်ကရစ်အုတ်ခုံခံ သံတိုင် သံဘောင် သစ်သားခင်း တံတားအမျိုးအစားဖြစ်ပြီး ပကာရီရွာနှင့် မိုင်းတွင်း၊ ဆန်းချီ ၁ ၊ ဆန်းချီ ၂ စသည့် ကျေးရွာ၊ ရပ်ကွက်များသို့ ဆက်သွယ်ထားသည့် တံတားဖြစ်သည်။
ဧပြီလ ၂ ရက်တွင် ပကာရီရွာဘက်သို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပြီး အရပ်သားများကို စစ်ကောင်စီတပ်က ဖမ်းဆီးခြင်း၊ နေအိမ်နှင့် မော်တော်ကားများအား မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။
သို့သော်တိုက်ပွဲအတွင်း ဆန်းချီ ၁ တံတား မီးလောင်ပျက်စီးခဲ့သည်မှာ မည်သူတို့၏ လက်ချက်ဖြစ်သည်ကို တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိကြောင်း ရွာသားများက ဆိုသည်။