လောင်းလုံးမြို့ပေါ် တွင် ယနေ့ ဧပြီလ ၂၈ရက် မွန်းလွဲပိုင်းက ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကားအား တော်လှန်ရေးတပ်တို့က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း သေဆုံးကြောင်း မြို့ခံများနှင့် စစ်ရေးသတင်းရင်းမြစ်တို့ထံမှ သိရသည်။
လောင်းလုံးမြို့မရဲစခန်မှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ကားအား တော်လှန်ရေးတပ်တို့က မွန်းလွဲ ၁ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
လောင်းလုံးမြို့ အထက်တန်းကျောင်းအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက် မနည်းသေဆုံးပြီး ညနေပိုင်းတွင် အလောင်းလာကောက်သွားကြောင်း မြို့ခံများက ဆိုသည်။
“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ကား) ပစ်ခံရပြီးမှာ အလောင်းကို လာမကောက်နိုင်ဘူး။ ညနေလောက်မှ လာကောက်သွားတယ်။ အလောင်းကိုပဲ ကောက်သွားပြီး ကားကိုတော့ ယူမသွားဘူး။ ကားက မောင်းလို့ မရတော့ဘူးထင်တယ်။ ကျည်ချက်တွေ မနည်းဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။
ယင်းပစ်ခတ်မှုတွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းမြစ်ကလည်း လောင်းလုံးမြို့ပေါ်ပစ်ခတ်မှုတွင် မျက်မြင်အားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ယင်းထက်လည်း ပိုများနိုင်ကြောင်း ဆိုသည်။
“မျက်မြင်ကတော့ လမ်းပေါ်မှာ (စစ်ကောင်စီတပ်ဖွဲ့ဝင်) သုံးယောက်ပေါ့နော် သေနေတာ။ ဒါပေမဲ့ ကားထဲမှာ လိုက်လာတဲ့ သူတွေလည်းရှိသေးတော့ သေဆုံးတဲ့သူဘယ်လောက်ဆိုတာ တိတိကျကျပြောလို့ မရသေးဘဲဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
မြို့ခံများ၏ပြောဆိုချက်အရ ယခုပစ်ခတ်ခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လောင်းလုံးမြို့ပေါ် ပြောင်းလာသည်မှာ မကြာသေးဟု သိရသည်။
“(ပျူစောထီး) မင်းသိန်းနဲ့အတူတူပါလာတဲ့သူတွေ။ ဒီကိုရောက်လာတာ မကြာသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
စစ်ရေးသတင်းအရင်းမြစ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်ထွက်လာသည့်ကားမှာ ပျူစောထီး ဦးမင်းသိန်းပိုင်သည့်ကားဖြစ်ကြောင်း ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ကင်းလှည့်ကား ပစ်ခတ်ခံရပြီးနောက် လောင်းလုံးမြို့မရဲစခန်းက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်အချို့မှာ နေအိမ်များကို ထိမှန်ခဲ့ကြောင်း မြို့ခံများ ဆိုသည်။