BREAKING
April 28, 2025

လီဗာပူး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့်အတွက် ထိုင်းက ဆိုင်တစ်ဆိုင် ကြက်ဆီထမင်း အခမဲ့ကျွေး

April 28, 2025

လီဗာပူးအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို ရာသီမသိမ်းမီ ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ပြီး လီဗာပူးအသင်း ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ခြင်းအထိမ်းအမှတ်အတွက် ထိုင်းနိုင်ငံရှိ ကြက်ဆီထမင်းဆိုင်တစ်ဆိုင်က ဆိုင်သို့လာရောက်၍ ထမင်းစားသုံးသူအားလုံးကို ကြက်ဆီထမင်း အခမဲ့ကျွေးလိုက်ကြောင်း The Nation က ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ Lamphun ရှိ “Sam Sian Chicken Rice” စားသောက်ဆိုင်သည် ဆိုင်တွင်းသို့ လီဗာပူးဂျာစီ ဝတ်ဆင်ကာ ဝင်ရောက်လာသူများကို ကြက်ဆီထမင်း အခမဲ့တည်ခင်းဧည့်ခံလိုက်ခြင်းဖြစ်ပြီး ဆိုင်တွင်း၌ သောက်စားပျောက်ရွှင်မှုများ လုံးဝခွင့်မပြုဘဲ ကြက်ဆီထမင်းတစ်မျိုးတည်းကို အခမဲ့ကျွေးမွေးခြင်းဖြင့်သာ လီဗာပူးအသင်း ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ခြင်းအတွက် အောင်ပွဲခံခဲ့ခြင်းဖြစ်သည်ဟု Sam Sian Chicken Rice ဆိုင်ပိုင်ရှင်က ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ယခုအစီအစဉ်သည် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်၌ ချက်ချင်းပင် ရေပန်းစားပျံ့နှံ့သွားခဲ့ပြီး “တကယ့် ဒဏ္ဍာရီ အမှတ်တရပဲဟေ့”၊ “Lamphun ရဲ့လီဗာပူးစိတ်ဓာတ်ကို ဘယ်သူမှ ယှဉ်လို့မရပါ”၊ “ချင်းမိုင်မှာ ဒါမျိုး ရှိလား”စသဖြင့် မှတ်ချက်ပေးထားမှုများကိုလည်း မြင်တွေ့ခဲ့ရသည်။

လီဗာပူးပရိသတ်များသည် Lamphun ရှိ “Sam Sian Chicken Rice” စားသောက်ဆိုင်က လီဗာပူးဂျာစီ ဝတ်ဆင်လာသောပရိသတ်များကို ကြက်ဆီထမင်း အခမဲ့တည်ခင်းကျွေးမွေးခြင်းဖြင့် ပရီးမီးယားလိဂ်ဖလားရရှိခြင်းအတွက် အောင်ပွဲခံနေကြောင်း သိရှိလိုက်ရအပြီးတွင် ဆိုင်သို့ စုရုံးရောက်ရှိလာခဲ့ကြပြီး ယင်းကဲ့သို့ လီဗာပူးပရိသတ်များ စုရုံးရောက်ရှိလာခဲ့သည့်အတွက် ဆိုင်တစ်ခုလုံးမှာ အနီရောင်လူပင်လယ်ကြီးသဖွယ်ဖြစ်နေခဲ့သည်။

လီဗာပူးသည် အသင်းသမိုင်းကြောင်းတလျှောက်တွင် အမှတ်ပေးချန်ပီယံဆုကို အကြိမ် ၂၀ မြောက် ရရှိသွားခဲ့ခြင်းဖြစ်ပြီး မန်ယူနှင့် အမှတ်ပေးချန်ပီယံဆုရရှိမှုချင်း အကြိမ်အရေအတွက် တူညီသွားခဲ့ပြီလည်းဖြစ်သည်။

No related posts found.