BREAKING
April 28, 2025

တနင်္သာရီတွင် ကျောက်သဲစုပ်လှေများကိုပါ စစ်ကောင်စီ ဖြတ်သန်းခွင့်ပိတ်

April 28, 2025

သရဖုံရွာအနီး တနင်္သာရီမြစ်ကြောင်းအား တွေ့ရစဉ်။ ဓာတ်ပုံ-Dawei Watch

တနင်္သာရီမြို့နယ်၊ လယ်သစ်နှင့် ပဝကျေးရွာကို သွားလာနိုင်သည့် ရေလမ်းကြောင်းပိတ်ထားသည့်အပြင် မြိတ်မြို့ဘက်မှ လာသည့် ကျောက်၊ သဲ စုပ်စက်လှေများကိုပါ ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

လယ်သစ်နှင့် ပဝကျေးရွာရှိ တနင်္သာရီမြစ်ရိုးတစ်လျှောက်တွင် ကျောက်သဲလာစုပ်နေသည့် မြိတ်ဘက်က လှေများကို

မင်းသန်းရွာနှင့် မောင်းလှော်ရွာရှိ စစ်ကောင်စီတပ်သားများ (ရေကြောင်းကင်း) က ဧပြီလ ၂၀ ရက်မှစကာ ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

”ကျောက်စုပ်စက်လှေတွေက ရိက္ခာတွေတင်ဆောင်လာမှာကိုစိုးရိမ်ပြီး ပေးမတက်ဘူးလို့သိရတယ်။ လာစုပ်နေတာက လှေဆယ်စီးဝန်းကျင်လောက်ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ပဝနှင့် မြိတ်ကို ပြေးဆွဲနေသည့် အမြန်ရေယာဥ်များကို စစ်ကောင်စီဘက်က ပြီးခဲ့သည့် ၂ နှစ်ကျော်ကတည်းက ပြေးဆွဲခွင့် ပိတ်လိုက်ပြီး လက်ရှိတွင် ကျောက်စုပ်စက်လှေများကိုပါ ဖြတ်သန်းခွင့်မပေးတော့ကြောင်း အသက်၂၅နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

”ကျောက်စုပ်စက်တွေမှာ ရွာသားအချို့တော့ ဝင်လုပ်ကြတယ်။ လွန်ခဲ့တဲ့ လေးလလောက်က ပဝ၊လယ်သစ်၊ သရဖုံ (ရွာ) ဘက်က ရွာသားတွေဆို သူတို့က (စကစ) တအားရစ်လို့ ကြောက်ပြီးမလုပ်ကြတော့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

မြိတ်ဘက်မှလာသည့် ကျောက်စုပ်လှေများသည် လယ်သစ်၊ ပဝ၊ သရဖုံရွာများတွင် နှစ်ပတ်ခန့်အကြာ သဲကျောက် လာရောက် စုပ်ယူကြပြီး မြိတ်မြို့ဘက်သို့ ပြန်သယ်သွားလေ့ရှိကြောင်း ပဝရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။

တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်အစပ်ရှိ လယ်သစ်၊ ပဝ၊ သရဖုံ အစရှိသည့် ကျေးရွာများသို့ စားသောက်ကုန် သယ်ဆောင်နိုင်သည့်လမ်းကြောင်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ကန့်သတ်ထားပြီး ကုန်ပစ္စည်းများ တင်ဆောင်လာပါက ဖမ်းဆီးလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာများကို ကုန်းလမ်းမှတစ်ဆင့်သွားလာနိုင်သော်လည်း မော်တုန်းရွာအနီးရှိ စစ်ကောင်စီတပ်ဂိတ်က စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ထားသည်။

စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်းရှိသည့် မော်တုန်းရွာ စစ်‌ဆေးရေးဂိတ်က ယခုနှစ် မတ်လ ၇ရက်မှ စတင်ကာ ကုန်ကားများ သွားလာခွင့် ပိတ်ပင်ကန့်သတ်ထားခြင်းဖြစ်သည်။