ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၀ ဦးကို ဖမ်းဆီးခံရကြောင်းKanchanaburi News သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဧပြီလ ၂၇ ရက် ည ၁၁ နာရီက ထိုးဖားဖမ်းဒေသတွင် မြန်မာနိုင်ငံသားများ ပစ်ကပ်ကားဖြင့် တရားမဝင် ဝင်လာကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် ရဲတပ်ဖွဲ့ဝင်များက ကားတည်နေရာကို သွားရောက် စစ်ဆေးခဲ့ကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့ကား လာချိန်တွင် ပစ်ကပ်ကားသည် အမြန်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့ပြီး နောက်ပိုင်းတွင် လမ်းဘေးဆင်း၍ တောထဲ မောင်းပြေးခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့ဝင်များက နောက်ကလိုက်လံဖမ်းဆီးရာ ကားသမားသည် ကားကို ပစ်ထားခဲ့၍ တောထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ကားပေါ်တွင် မြန်မာနိုင်ငံသား ၂၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ထွက်ပြေးသွားသော မြန်မာကားသမားကို နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။
မြန်မာနိုင်ငံသားများတွင် တရားဝင် စာရွက်စာတမ်းများ မတွေ့ရှိဘဲ အားလုံးသည် လွန်ခဲ့သော လေးရက်ခန့်က ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်လာကြကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။
၎င်းတို့သည် ဘန်ကောက်တွင် အလုပ်လုပ်ကိုင်ရန် ဝင်လာကြခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရေး ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။