BREAKING
April 28, 2025

စစ်ကောင်စီတပ်က ထားဝယ်လယ်သမား သမဂ္ဂဥက္ကဋ္ဌဟောင်း‌ နေအိမ်ကို စီးနင်းပြီးဖြိုချ

April 28, 2025

စစ်ကောင်စီတပ်က ထားဝယ်ခရိုင်‌ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌဟောင်း ဒေါ်ရီထွေး၏ နေအိမ်ကို ယနေ့နံနက်ပိုင်းတွင် ဝင်ရောင်စီးနင်းပြီး ဖြိုချပစ်နေကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်မြို မြို့သစ် ၇ လမ်းရှိ ဒေါ်ရီထွေးနေအိမ်အား ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်ရောက်ရှိလာပြီး နေအိမ်အား ဖြိုချနေခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။

ဒေါ်ရီထွေးမိသားစုအိမ်အား ဘက်ဟိုးဖြင့်ထိုးဖြိုဖျက်ဆီးထားသည့်အပြင် အိမ်ပေါ်ရှိ ပစ္စည်းများကိုသယ်ချကာ လမ်းဘေးတွင်စုပုံထားသည်ကိုလည်းတွေ့ရကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။

ယနေ့နံနက် ၁၀ နာရီကျော်အချိန်က ဒေါ်ရီထွေးနေအိမ်အရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ်ပျူစောထီးများ၊ စရဖအဖွဲ့ဝင်များ၊ ထားဝယ်ခရိုင်တရားရုံးမှ ဝန်ထမ်းများ၊ နေအိမ်ကိုဖြိုချမည့် အလုပ်သမားများ စုစုပေါင်း အင်အားတစ်ရာခန့်ကို မြင်တွေ့ခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။

“အလုပ်သမားသီးသန့်ကို ငါးဆယ်လောက်ရှိတယ်။ စစ်ကားက နှစ်စီးတွေ့တယ်။ လမ်ကြိုလမ်းကြားထဲမှာအစ ကင်းချထားတယ်။ ရဲကားတွေရော၊ ကားအချောလေးတွေ လေးငါးစီးတွေ့တယ်။ လူတွေကတော့အများကြီးပဲ။ တစ်ရာလောက်ကိုရှိမယ်။ မော်တော်ပီကယ်တွေက (မြို့သစ် ၇ လမ်းကို) လမ်းပိတ်ထားကြတယ်။ဘက်ဟိုး(မြေတူးစက်) လည်းတစ်စီးပါတယ်။ ဘာလုပ်နေကြမှန်းတော့မသိဘူး။ ကျွန်တော်တို့လည်း အဝေးကနေပဲကြည့်ပြီးပြန်လာခဲ့ကြတာ” ဟု မျက်မြင်တွေ့ရသူတစ်ဦးက ပြောဆိုသည်။

နေ့လယ် ၁၂ နာရီခန့်အချိန်တွင်မူ စစ်ကောင်စီတပ်ဖွဲ့အချို့ပြန်သွားကြသော်လည်း အလုပ်သမားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ထားဝယ်ခရိုင်တရားရုံးမှဝန်ထမ်းအချို့ ကျန်နေသေးကြောင်း မြို့ခံတို့က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းနေသည့် ယင်းအိမ်တွင် အိမ်ရှင်ဖြစ်သူနှင့် မိသားစုဝင်များမရှိကြဘဲ စစ်ဘေးရှောင်များသာနေထိုင်ကြကြောင်း ကာယကံရှင် ဒေါ်ရီထွေးက ပြောဆိုသည်။

ဒေါ်ရီထွေးတို့မိသားစုဝင်များမှာ စစ်ကောင်စီတပ်၏ ရန်ရှာဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် မြို့ပေါ်ရှိနေအိမ်တွင်မနေကြဘဲ တိမ်းရှောင်‌နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်ဟုဆိုသည်။

ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းဖြိုချနေသည့် နေအိမ်မှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့်နေရာဖြစ်ကြောင်းလည်း ဒေါ်ရီထွေးကရှင်းပြသည်။

ဒေါ်ရီထွေးမိသားစုဝင်များ အိမ်ဆောက်နေထိုင်သည့် ထားဝယ်မြို့သစ် ၇ လမ်းရှိ နေအိမ်အပါအဝင် လယ်ယာမြေများနှင့်ပတ်သက်ပြီး ထားဝယ်ဖွံ့ဖြိုးမှုအများပိုင် (DDPC) ကုမ္ပဏီနှင့် ဒေါ်ရီထွေးတို့မိသားစုတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည်မှာ ဆယ်စုနှစ်ကျော်နေပြီဖြစ်သည်။

NLD အစိုးရလက်ထက်က ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ရီထွေးမှာ အာဏာမသိမ်းခင်ကတည်းပင် မြေယာကိစ္စဖြင့် ထောင်ကျနေခဲ့သည်။ အာဏာသိမ်းပြီး‌ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်ထောင်မှ လွတ်မြောက်လာခဲ့သည်။

ထောင်မှလွတ်မြောက်လာသော ဒေါ်ရီထွေးကို DDPC ကုမ္ပဏီဖက်က စစ်ကောင်စီခန့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး မြေယာကိစ္စနှင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း ဒေါ်ရီထွေးကရှင်းပြသည်။

ဒေါ်ရီထွေးမှာ ထောင်မှလွတ်လာပြီးနောက် ထားဝယ်ခရိုင်တရားရုံသို့ အမှုကိစ္စသွားရောက် ဖြေရှင်းခဲ့သော်လည်း အရာမထင်သဖြင့် နောက်ပိုင်းတွင် တရားရုံးသို့မသွားတော့ကြောင်းဆိုသည်။

“တရားရုံမှာ ကျွန်မတို့ဖက်က တင်သွင်းတာတွေ၊ ဖြေရှင်းချက်တွေကိုဆိုရင် မှတ်တမ်းထဲတောင် ရေးသွင်းမပေးချင်ဘူး။ ဒီတော့ တရားရုံးမှာဖြေရှင်းနေလည်း ထူးမှာမဟုတ်ဘူးဆိုပြီး မသွားတော့တာ” ဟု ဒေါ်ရီထွေးကဆိုသည်။

နောက်ပိုင်းတွင် စစ်ကောင်စီဖက်က အညိုးထားပြီး ‌အကြောင်းပြချက်အမျိုးမျိုးဖြင့်ဖမ်းဆီးထောင်ချလာနိုင်သည့် အရိပ်အယောင်များတွေ့လာရသဖြင့် နေအိမ်တွင်မနေတော့ဘဲ မိသားတစ်စုလုံး တိမ်းရှောင်လိုက်ရကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ တိမ်းရှောင်နေသည့်ကာလအတွင်း ထားဝယ်ခရိုင်တရားရုံးက နေအိမ်ကိစ္စ မည်ကဲ့သို့အမိန့်ချမှတ်လိုက်သည်ကို မသိရတော့ဘဲ ယနေ့ နေအိမ်အား ဖြိုဖျက်ရန် ရောက်လာမှ သိလိုက်ရသည်ဟုဆိုသည်။

ထားဝယ်မြို့သစ် ၇ လမ်းတွင် ဒေါ်ရီထွေးမိသားစု ဖိုးဖွားစဉ်ဆက် လုပ်ကိုင်စားသောက်လာသည့် နေရာတွင် သစ်သား၊ ဝါးထရံ အိမ်နှစ်ဆောင်ရှိသည့်အနက် နှစ်ဆောင်စလုံးကို စစ်ကောင်စီက ဖျက်ဆီးမည့်အခြေအနေရှိနေကြောင်း မြို့ခံအချို့က Dawei Watch ကိုပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး မေးမြန်းရန် စစ်ကောင်စီခန့်ဝန်ကြီးချုပ်ဦးမြတ်ကိုဆီ ဖုန်းဆက်သွယ်‌ခဲ့သော်လည်း ဖုန်းမဝင်သေးပေ။